Friday 9 November 2012

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရေး မြန်မာ-ထိုင်းနှစ် နိုင်ငံ ဆွေးနွေး


ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေး ဆိုင်ရာ မြန်မာ အဆင့်မြင့်ကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း သည် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E. Mr. Kittiratt Na-Ranong ၏ ဖိတ်ကြားချက်အရ အဖွဲ့ဝင်များ လိုက်ပါ
လျက် နိုဝင်ဘာလ(၆)ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာကြရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ Ms. Dao Vibulpanich နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် ညနေ(၄)နာရီခွဲတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီး M.E. Mr. Niwattumrong Boonsongpainsan၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Pisanu Suvanajata၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ဝင်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်၊ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။ ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ခေတ္တတည်းခိုမည့် ဗန်ကောက်မြို့ရှိ Shgangri-La ဟိုတယ်သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E. Mr. Kittiratt Na-Ranong ဦးဆောင်သော အဖွဲ့ဝင်များသည် ခေတ္တတည်းခိုသည့် Shangri-La ဟိုတယ်၌ လာရောက် တွေ့ဆုံနှုတ်ဆက်ပြီး နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များ ဆွေးနွေးကြသည်။ ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေး ဝန်ကြီး H.E. Mr.Kittiratt Na-Ranong က Shangri-La ဟိုတယ်၌ တည်းခင်း ဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ မြန်မာ အဆင့်မြင့် ကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် နိုဝင်ဘာ(၇)ရက် နံနက်(၉)နာရီ မိနစ်(၄၀)တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Thai Koo Fah အဆောက်အအုံသို့ ရောက်ရှိရာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ်က ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် Outer Ivory Room ၌ အစိုးရ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် Inner Ivory Room ၌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ဆွေးနွေးကြသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးဟန်စိန်၊ ဦးအောင်သန်းဦး၊ ဦးမျိုးအောင်၊ ဒေါက်တာ မောင်မောင်သိမ်း၊ သူရဦးသောင်းလွင်၊ ဦးဘုန်းဆွေ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးတင်ဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ် နှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E. Mr. Kittiratt Na-Ranong၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Surapong Tovichakchaikul၊ ထိုင်းနိုင်ငံ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံရာ၌ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ်က ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးအတွက် ပထမဆုံး အစည်းအဝေးဖြစ်ပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံပူးတွဲကော်မတီ ဖွဲ့စည်းပြီး ပူးပေါင်း ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ အရေးကြီးသည့်ကဏ္ဍများကို ဦးစားပေး အစီအစဉ်ရေးဆွဲ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းမှု တို့ကို အခြေခံလျက် ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက မိမိ ထိုင်းနိုင်ငံသို့ လာရောက်ရခြင်းသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ခရီးစဉ်တွင် သဘောတူခဲ့သော မြန်မာနိုင်ငံ ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် ၎င်းနှင့် ဆက်စပ်မှုရှိသော ဒေသများတွင် စီးပွားရေးပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံအစိုးရနှင့် ထိုင်းနိုင်ငံအစိုးရတို့အကြား စာချွန်လွှာ လဲလှယ်မှုအခမ်းအနားနှင့် ပထမအကြိမ် ပူးတွဲအဆင့်မြင့်ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ စာချွန်လွှာလဲလှယ်မှုသည် နှစ်နိုင်ငံစလုံး၏ စီးပွားရေးချိတ်ဆက်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး နားလည်မှုစာချွန်လွှာကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ထူထောင်မည့် ပူးတွဲကော်မတီသည် ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် ၎င်းနှင့်ဆက်စပ်မှုရှိသော ဒေသများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်နိုင်ရန် အရေးကြီးသည်ဟု ယုံကြည်ပါကြောင်း၊ ယခုမြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့အကြား ချုပ်ဆိုမည့်စာချွန်လွှာသည် နှစ်နိုင်ငံ၏ ရှိရင်းစွဲ ရင်းနှီးခင်မင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာနက်ရှိုင်းစေမည်ဟု ယုံကြည်ပါကြောင်း၊ ယခုအခါ ထိုင်းနိုင်ငံမှ ကုမ္ပဏီအများအပြားသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို လာရောက်စူးစမ်းရှာဖွေလျက် ရှိကြပါကြောင်း၊ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးမြှင့်တင်ရန် အချိန်အခါသင့်ပြီ ဖြစ်ပါကြောင်း၊ အဆွေတော်သည် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်ပေးရန် ကြိုးပမ်းအားထုတ်နေသည့်အတွက် မိမိတို့နှစ်နိုင်ငံ အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး လက်တွဲလုပ်ဆောင်သွားရန် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသွားသည်။ ယင်းနောက် ထိုင်းနိုင်ငံအစိုးရအိမ်တော် Thai Koo Fah အဆောက်အအုံ Outer Ivory Room တွင် ဒုတိယသမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ ရှေ့မှောက်၌ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Surapong Tovichakchaikul တို့က ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ ပူးတွဲကော်မတီ အဆင့်အလိုက် တည်ဆောက်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲကော်မတီအား ထူထောင်ခြင်းဆိုင်ရာ စာချွန်လွှာများကို အပြန်အလှန်လဲလှယ် ကြသည်။ ထို့နောက် ဒုတိယသမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် Shangri-La ဟိုတယ်သို့ ပြန်လည် ရောက်ရှိကြပြီး Myanmar Room ၌ ကျင်းပသည့် ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးတွဲအဆင့်မြင့်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်ကြသည်။ အဆိုပါအစည်းအဝေးတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့်အတူ ဒေသစီးပွားရေး ဖွံဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးရေး၊ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဘဝများ မြှင့်တင်နိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တို့ကိုပါ ညှိနှိုင်းဆွေးနွေးကြလျက် အရှည်သဖြင့် ရှင်သန်ရပ်တည်နိုင်မည့် ဖွံဖြိုးတိုးတက်မှု (sustainable development) ရရှိရေးဆိုင်ရာ တို့ကိုပါ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဒုတိယသမ္မတနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးတို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များအား ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးက Shangri-La ဟိုတယ်၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းအား Indonesia Room ၌ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် သန့်စင်သော ကျောက်မီးသွေး နည်းပညာသုံး ဓာတ်အားပေး စက်ရုံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် စပ်လျဉ်း၍ Industrial Estate Authority of Thailand အဖွဲ့အစည်းမှ သက်ဆိုင်ရာ တာဝန်ရှိ သူများက ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးသည်။ ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာလာခဲ့ရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြသည်။source::http://www.president-office.gov.mm/briefing-room/news/2012/11/08/id-1775

Yangon Media Group

No comments:

Post a Comment