Thursday, 1 November 2012

KNPP ၏ အပစ်အခတ် ရပ်စဲရေး အပေါ် KCSN ကွန်ယက်က ဝေဖန်


အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့၏ (၆) လတာ အပစ်အခတ် ရပ်စဲရေး အခြေအနေတွင် မည် သည့် အကျိုးမှ ဖြစ်ထွန်းမှု မရှိကြောင်း ကရင်နီ အခြေပြု လူမှုအသင်း အဖွဲ့များ ကွန်ယက် (KCSN) မှ ယနေ့ ကျင်းပသော အခမ်းအနား တခု၌  ဦးဆောင် အဖွဲ့ဝင် တဦးဖြစ်သူ တော်ရယ်ဖိုးက ဝေဖန် ပြောဆို လိုက်ပါသည်။
“ကျနော်တို့က လက်ရှိ ပြဿနာတွင်းက တကယ့် ခံစားနေရတဲ့ လူတွေဖြစ်တဲ့ အတွက် အစစ်အမှန် အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို အလိုရှိနေတာ အမှန်ဖြစ်ပါတယ်။ အခု KNPP က အစိုးရနဲ့ ယူထားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ အစိုးရ ဘက်က ဘာတခုမှ လိုက်လျှောပေးမှု မရှိဘူးလို့ မြင်ပါတယ်။ ဒီတော့ ဘာမှ မထူးပါဘူးလို့ဘဲ ပြောချင်ပါတယ်” ဟု ဆိုပါသည်။
မြန်မာ အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့၏ (၆) လတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် အပေါ် သုံးသပ်သည့် အခမ်းအနား တခုကို (KCSN) မှ ဦးစီးပြီး ယနေ့ နံနက် (၉း၃၀) နာရီ အချိန်၌ ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။ ထိုအခမ်းအနားသည် သတင်း မီဒီယာ အဖွဲ့များ၊ အခြားအဖွဲ့အစည်းများ ပါဝင်လူ (၂၀) ဦးခန့် တက်ရောက်ခဲ့ ပါသည်။
အဖွဲ့၏ လေ့လာတွေ့ရှိချက်အရ KNPP နှင့် မြန်မာ အစိုးရတို့သည် ၂၀၁၂ ခုနှစ်၊ မတ်လ တွင်ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲအတွင်း KNPP ဘက်မှ အချက် (၂၀) ချက်ကို တင်ပြခဲ့သည်။ ယင်းတို့သည် ဇွန်လ (၉) ရက်နေ့တွင် က ယားပြည်နယ် လွိုင်ကော်မြို့တွင် ပြုလုပ်သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီ ချက် (၁၄) ချက် ရရှိကာ နှစ်ဦးနှစ်ဘက် လက်မှတ် ရေးထိုး ထားခဲ့သည်ဟု ဆိုပါသည်။
သို့သော် လက်တွေ့၌ (၁) စစ်ရေးစစ်ရာတွင် သဘော တူညီမှများ ရှိထားသော်လည်း မြန်မာ အစိုးရတပ်မှ ထိုးစစ်ဆင်မှုပြု လုပ်နေခြင်း။ (၂) လူထုတောင်းဆိုသံကို နားမထောင်ဘဲ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ကျောင်း ဆက်လက် တည်ဆောက် ခြင်းနှင့် (၃) ရွာသစ်ရေကာတာ စီမံကိန်း အပါဝင် အခြား အကြီးစား စီမံကိန်းများ သဘောတူသည့် အတိုင်း လေ့လာခွင့် တားမြစ်ခံနေရပါသည်။ ဤ (၃) ချက်ကို အခြေခံပြီး (KCSN) အဖွဲ့မှ ဝေဖန်နေခဲ့ခြင်းဖြစ်ပါသည်။
KNPP နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဓါတ်ပုံ KNPP)
ထို့အပြင် အပစ်ရပ်ပြီးခါမှ ကရင်နီပြည်သူများသည် စစ်ပြေး ဒုက္ခသည် ဘဝမှ အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်း ဒုက္ခသည် ဘဝသို့ ပြန်လည်ရောက် ရှိနေရကြောင်း ဆိုပါသည်။
ဤသို့ကြောင့် အစိုးရသည် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့်  မြင်သာသည့် နိုင်ငံရေး ဖြေရှင်းချက်များ ပါဝင်သော ဘဝ အာမခံ ချက်ရှိသည့် ဒုက္ခသည် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ် တို့ကို စီစဉ်ပေးရန် လိုအပ်လှပါသည်။
ဒုက္ခသည် ပြန်လည် နေရာ ချထားရေးကို အကောင်အထည် မဖော်မှီ နှစ်ဦးနှစ်ဘက် သဘော တူညီချက် ရှိသည့်အတိုင်း အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း စီမံကိန်းနှင့် အခြား စီမံကိန်ကြီးများ ဝင်ရောက် လုပ်ကိုင်ရေးကို ပြည်သူ့ ဆန္ဒရယူ သင့်သည်ဟု KCSN မှ တင်ပြ သွားပါသည်။
“KNPP ဘက်ကတော့ သဘော တူညီချက် တွေကို လေးစားပြီး အကောင်အထည် ဖေါ်မယ်လို့ ခံယူထားတာဗျ။ ဒါပေမဲ့ အစိုးရ အဖွဲ့ ဖြစ်တဲ့ ဦးအောင်မင်းတို့ ကတော့ မူအရ သဘော တူညီချက်ဘဲ သဘောထားပါတယ် ဆိုတဲ့အတွက် လက်ရှိ KNPP နဲ့အစိုး ရ တို့ရဲ့ သဘော တူညီချက်ဟာ လက်တွေ့ဖြစ်ပါ့မလားလို့ ကျနော်တို့ သံသယဝင် လာတယ်ဗျ” ဟု ၄င်းက ဆိုပါသည်။
အခမ်းအနား အပြီးတွင် အစိုးရမှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြေငြာရန်နှင့် တစ်နိုင်ငံလုံး နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို အမြန်ဆုံး ပြုလုပ်ရန် တောင်းဆိုချက်များ ပါရှိသည့် ထုတ်ပြန်ချက် တစ်ဆောင် ထုတ်ပြန် လိုက်ပါသည်။
(KCSN) အဖွဲ့သည် လက်ရှိမြန်မာနိုင်ငံ နိုင်ငံရေး ပြောင်းလဲမှု အခြေအနေ ဖြစ်သော မြန်မာပြည် အစိုးရနှင့် ကရင်နီ အမျိုး သား တိုးတက်ရေး ပါတီ (KNPP) တို့အကြား ပြည်တွင်း အပစ်အခတ် ရပ်စဲရေးနှင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် အမြဲ  လေ့လာ အကဲခတ် နေကြသည့် အဖွဲ့ ဖြစ်ပါသည်။
ကရင်နီ အခြေပြုလူမှု အသင်းအဖွဲ့များ ကွန်ယက်သည် ၂၀၀၉ ခုနှစ်၊ ဇွန်လ တွင် ထိုင်း- ကရင်နီ နယ်စပ်ရှိ ကရင်နီ လူမှုအ သင်းအဖွဲ့ (၉) ဖွဲ့ ကိုယ်စားလှယ်များ တို့မှ စတင် ဖွဲ့စည်း ခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2300-knpp-kcsn-.html

No comments:

Post a Comment