
၂ဝ၁၂ နိုဘဲလ် ငြိမ်းချမ်းရေးဆု မည်သူ ရမည်နည်း။
ကမ္ဘာပေါ်ရှိ ဂုဏ်ပြုဆုများတွင် နိုဘဲလ် ငြိမ်းချမ်းရေးဆုသည် အမြင့်ဆုံး ဖြစ်သည်။ နာမည်ကပင် “ငြိမ်းချမ်းရေး” ပါရှိနေသောကြောင့် ကမ္ဘာ့လူသားတို့ ငြိမ်းချမ်းရေးကို မည်မျှ မြတ်နိုးပြီး ထိုက်တန်သူကို ဂုဏ်ပြုချင်လှကြောင်း အထင်းသား ပေါ်လွင်လျက်ရှိသည်။ လောကီအရေးများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးသူ၊ ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် လုပ်ပေးသူများကိုသာမက လူ့အခွင့်အရေးများကို ထောက်ခံအားပေးခြင်း၊ နိုင်ငံတကာ ပဋိပက္ခများတွင် အောင်မြင်စွာ ကြားဝင် ဖျန်ဖြေပေးနိုင်ခြင်း၊ စစ်လက်နက်နှင့် စစ်ပွဲများ ထိန်းချုပ်ပေးနိုင်ခြင်း စသည်တို့ အပါအဝင် များမြောင်လှစွာသော ငြိမ်းချမ်းရေးအကျိုးပြု ကိစ္စရပ်များအတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လေ့ ရှိသည်။
နော်ဝေ ပါလီမန်က ရွေးချယ်ထားသည့် အဖွဲ့ဝင် ၅ ဦး ပါရှိသည့် ကော်မတီက နိုဘဲလ် ငြိမ်းချမ်းရေးဆု ရသူကို နှစ်စဉ် ရွေးချယ်ပြီး ဂုဏ်ပြုသည်။ ယခုနှစ်၂ဝ၁၂ အတွက် ဆုရရှိသူ(များ) စာရင်းကို ၁၂-၁ဝ-၂ဝ၁၂ ရက် သောကြာနေ့တွင် နော်ဝေနိုင်ငံ အော်စလိုမြို့တော်၌ ကြေညာမည် ဖြစ်သည်။ (မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ ဖြစ်သည်။)
ယခုနှစ်အတွက် ဆုရရှိရန် အဆိုပြုခံရသူပေါင်းမှာ လူတဦးချင်း အနေဖြင့် ၁၈၈ ဦးနှင့် အဖွဲအစည်းအားဖြင့် ၄၃ ဖွဲ့ရှိရာ စုစုပေါင်း ၂၃၁ ဖြစ်သည်။ ယမန်နှစ်က ၂၄၇ ထိ ရှိခဲ့ပြီး စံချိန်သစ် ဖြစ်ခဲ့သည်။ ယခုနှစ်အတွက် ဆုရှိမည့်သူသည် ငွေသားအားဖြင့် အမေရိကန်ဒေါ်လာ ၁ သန်း ၂ သိန်းကျော် လက်ခံရရှိမည် ဖြစ်သည်။
ယခုနှစ်အတွင်း တကမ္ဘာလုံးတွင် ငြိမ်းချမ်းရေးအတွက် တိုးတက်အောင် ဆောင်ရွက်ပေးနိုင်သူအဖြစ် နိုင်ငံတကာမှ သတိပြုမိဆုံးမှာ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၁ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲလ်ဆု ချီးမြှင့်ထားပြီး ဖြစ်သည်။ နောက်ထပ် မချီးမြှင့်ဟု သတ်မှတ်ချက်တော့ မရှိပါ။ ကော်မတီက ထပ်မံ ရွေးချယ်လျှင် ဒုတိယအကြိမ်လည်း ရနိုင်သည်ပင်။
နိုဘဲလ် ငြိမ်းချမ်းရေးဆု ရရှိထိုက်သည်ဟု အဆိုပြု ခံရသူများစာရင်းတွင် မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်၊ အိန္ဒိယနိုင်ငံမှ Indian National Congress ပါတီ ဥက္ကဋ္ဌ ဆိုနီယာ ဂန္ဒီ၊ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်၊ ဂျာမနီ ဝန်ကြီးချုပ် ဟဲလမွတ် ခိုလ်း အစရှိသူတို့လည်း ပါဝင်ကြသည်။

အကယ်၍ သမ္မတဦးသိန်းစိန်သာ ရရှိမည်ဆိုလျှင် မြန်မာနိုင်ငံတွင် နိုဘဲလ် ငြိမ်းချမ်းရေးဆု ရရှိသူ နှစ်ဦး ရှိသွားမည်ဖြစ်ပြီး နှစ်ဦးစလုံးမှာလည်း ယနေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်း ဖွံ့ဖြိုရေးတို့ကို လက်တွဲကာ ဆောင်ရွက်နေကြသူများ ဖြစ်နေကြသဖြင့် လုပ်လက်စ နိုင်ငံရေး လုပ်ငန်းစဉ်များမှာ ပိုမို အရှိန်ရကာ မြန်မြန်ဆန်ဆန် ပြီးမြောက် အောင်မြင်လာနိုင်စရာ ရှိသောကြောင့် ရထိုက်သည်ဟု မြန်မာနိုင်ငံသားတဦးအနေဖြင့် ကျနော် ခံစားမိပါသည်။
ဆုရရှိနိုင်သည်ဟု ထိပ်တန်းမှ တစ်ပေးခံနေရသူများမှ တချို့သောသူတို့၏ အကြောင်းကို လက်လှမ်းမီသမျှ ရှာဖွေလျက် မြန်မာဘာသာသို့ ပြန်ဆို ဖော်ပြပေးလိုက်ပါသည်။ ရည်ရွယ်ချက်မှာ မြန်မာလူမျိုးများထဲမှလည်း ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ဒေါ်အောင်ဆန်းစုကြည် ပြီးနောက် ထပ်မံရရှိစေလိုသောကြောင့် ဖြစ်သည်။ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ၏ လုပ်ရပ်မျိုးကို လုပ်ဆောင်နိုင်ပါက မည်သူမဆို နောင်နှစ်များတွင်လည်း အလားတူ အဆိုပြုခံရမည့် အလားအလာ ရှိနေပါလိမ့်မည်။
ဘဲလ်ယာ့စကီး (Ales Belyatsky), Belarus

အာဏာရှင်စနစ် ကြီးစိုးသည့် ဘဲလားရု နိုင်ငံမှ ဖြစ်သည်။ အသက် ၅ဝ အရွယ်ရှိပြီး လက်ရှိ နိုင်ငံရေး အကျဉ်းသားဖြစ်သည်။ အကျဉ်းကျနေစဉ်မှာပင် လူ့အခွင့်အရေးများ ရရှိရေးအတွက် ထောင်တွင်းမှနေ၍ ဦးဆောင် ကြိုးပမ်းပေးနေသူ ဖြစ်သည်။ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ၁၈ နှစ်ကြာ မင်းမူနေသော အာဏာရှင် သမ္မတ လူကာရှန်ကို (Alexander Lukashenko) အား ဆန့်ကျင်အံတုလျက် ရှိသည်။
၁၉၉၆ ခုနှစ် တည်ထောင်သော နွေဦး (Vyasna) အမည်ရှိ လူ့အခွင့်အရေး အဖွဲ့အစည်းတွင် ညွှန်ကြားသူ ဖြစ်သည်။ တနိုင်ငံလုံးတွင် အဖွဲ့၏ ကိုယ်စားလှယ်များ၊ ရုံးခန်းများ ထားရှိပြီး နိုင်ငံရေး ဖိနှိပ်ခံရသူများကို ကူညီ စောင့်ရှောက်ပေးသည်။ အစိုးရ ကျင့်သုံးနေဆဲ သေဒဏ်အမိန့်ကို ဆန့်ကျင်ကန့်ကွက်သော လူထုလှုပ်ရှားမှုများကို ဆင်နွှဲကြသည်။
အခွန်ရှောင်သည်ဟု စွပ်စွဲခံရကာ လေးနှစ်ခွဲ ထောင်ဒဏ်ချမှတ်ခံရပြီး ၂ဝ၁၁ သြဂုတ်လမှစ၍ ထိန်းသိမ်းခံနေရသည်။ သူပိုင်သော ပစ္စည်းဥစ္စာများလည်း အသိမ်းခံခဲ့ရသည်။ မကြာခဏ တိုက်ပိတ်ခံရပြီး အခြား အကျဉ်းသားများနှင့် အဆက်ဖြတ်ခံရသော်လည်း ကြံ့ကြံ့ခံနိုင်မြဲ ဖြစ်သည်။
“လူ့အခွင့်အရေး ကင်းမဲ့တဲ့ နိုင်ငံမှာ လူ့အခွင့်အရေးအတွက် ခုခံ ကာကွယ်သူ မှန်ရင် အကျဉ်းချ ဖမ်းဆီးခံရမှာပါပဲ။ အခုဆိုရင် ကျနော်ဟာ အဲဒီနေရာမှာ တိတိကျကျ နေရာမမှားဘဲကို ရောက်နေပါပြီ”ဟု ထောင်ထဲကနေ ရေးပေးသော သူ့စာတွင် ဖော်ပြထားသည်။
ဂန်နုရှကီနာ (Svetlana Gannushkina), Russia

ရုရှားနိုင်ငံသူ ဝါရင့် လူ့အခွင့်အရေးသမား ဖြစ်သည်။ အသက် ၇ဝ ရှိပြီ ဖြစ်သည်။ ဆိုဗီယယ်ယူနီယံ ပြိုကွဲ ပျက်စီးသွားပြီးနောက် လက်အောက်ခံနိုင်ငံများဖြစ်သော အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။ ထိုဒေသများမှ ရွှေ့ပြောင်း အလုပ်သမားများကို ပြီးခဲ့သော နှစ်များအတွင်း ရုရှားမြို့ကြီးများဆီသို့ ပြောင်းရွှေ့ပစ်လိုက်သောအခါ အလုပ်သမားတို့မှာ အန္တရာယ်ကြီးမားလှသော လုပ်ငန်းခွင် အခြေအနေများကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ရသည်။ ရုရှား မျက်ကန်းမျိုးချစ်တို့၏ ဒဏ်ကိုလည်း အလူးအလဲ ခံရသည်။
အမှန်စင်စစ် အဆိုပါ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများမှာ စစ်ဘေးစစ်ရှောင် ဒုက္ခသည်များသာ ဖြစ်သည်။ ဂန်နုရှကီနာက Civic Assistance ကို ၁၉၉ဝ ခုနှစ်တွင် တည်ထောင်ကာ ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေးအတွက် ကူညီပေးလျက်ရှိသည်။
လူ့အခွင့်အရေး ရုရှားအဖွဲ့တခုဖြစ်သော Memorial မှတဆင့် ဂန်နုရှကီနာက ရွှေ့ပြောင်း အခြေချခြင်းနှင့် အခွင့်အရေး အမည်ရှိ ကွန်ယက်တခုကို ဖွဲ့စည်းပြီးနောက် ရုရှားတနိုင်ငံလုံး နေရာပေါင်း ၅ဝ မှနေ၍ ရွှေ့ပြောင်း အခြေချသူများ၊ ဒုက္ခသည်များကို တရားဝင် ကူညီထောက်ပံ့ကာ စောင့်ရှောက်ပေးလျက်ရှိသည်။
မော်စကိုတက္ကသိုလ်တခုတွင် နှစ်ပေါင်း ၃ဝ ကြာအောင် သင်္ချာဆရာမဖြစ်ခဲ့သူ ဂန်နုရှကီနာသည် သက္ကရာဇ် ၂ဝဝဝ ပြည့်မှစ၍ ပရဟိတ အလုပ်တွင်သာ ဇောက်ချ လုပ်ကိုင်ပေးလာခဲ့သည်။ ယခင် ရုရှားသမ္မတ မက်ဗီဒက် (Dmitry Medvedev) လက်ထက်တွင် အစိုးရ၏ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ် လှုပ်ရှားပေးခဲ့သော်လည်း ပူတင် (Vladimir Putin) တတိယအကြိမ် သမ္မတ ပြန်ဖြစ်လာသောအခါ ကောင်စီမှ နှုတ်ထွက်ခဲ့သည်။
Memorial, Russia

ဆိုဗီယက် ယူနီယံ မပြိုကွဲမီ ၁၉၈၉ ခုနှစ်တွင် တည်ထောင်သော လူ့အခွင့်အရေး အဖွဲ့ဖြစ်သည်။ ရုရှားသမ္မတ ပူတင် (Vladimir Putin) လက်ထက် ရံဖန်ရံခါ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှုများကို အထင်ရှားဆုံး ကန့်ကွက်ဆန့်ကျင်သည့် အဖွဲ့ဖြစ်သည်။
၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးနောက်ပိုင်း ရုရှားနိုင်ငံ မြောက်ပိုင်း ကော့ကေးဆပ်ဒေသမှာ မငြိမ်မသက် ဖြစ်နေခဲ့သည်။ အထူးသဖြင့် ရုရှားစစ်တပ်နှင့် နှစ်ကြိမ်တိုင် စစ်မက်ဖြစ်ပွားခဲ့ရသော ချက်ရှ်ညာ (Chechnya) ဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို Memorial အဖွဲ့က ဦးဆောင် ဖော်ထုတ်ပေးခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ရုရှား စစ်အာဏာရှင် စတာလင် (Joseph Stalin) ၏ ရက်စက်ကြမ်းကြုတ်မှုများကို ချန်လှန်ကာ သမိုင်းဖျောက်ထားသည့် ခေတ်သစ် ရုရှားသမိုင်းကို အမှန်အတိုင်း ဖော်ထုတ်ရေးသားရန် တောင်းဆိုသည့် အဖွဲ့အစည်းက အနည်းငယ်မျှသာ ရှိသော်လည်း ထိုအထဲတွင် Memorial အဖွဲ့က ပါဝင်ထားသည်။
ယုံကြည်ချက်အတိုင်း သန္နိဌာန်ချ လုပ်သည့်အဖွဲ့ ဖြစ်သည်။ ကော့ကေးဆပ်မှ Memorial အဖွဲ့ အကြီးတန်း သုတေသန ပညာရှင် အက်စတယ်မီရီုဗာ (Natalya Estemirova) မှာ ချက်ရှ်ညာတွင် ၂ဝဝ၉ ဇူလိုင်လ၌ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေခဲ့သည်။ ယခုတိုင် သူမ၏ အမှုကို မဖော်ထုတ်နိုင်သေးဘဲ ရှိနေသည်။
နိုင်ငံခြား အထောက်အပံ့ဖြင့် ရပ်တည်သော NGOs များအနေဖြင့် နိုင်ငံခြားသား ကိုယ်စားလှယ် ပါဝင်လာခွင့်ကို ရုရှားပါလီမန်က ဥပဒေ ပြဋ္ဌာန်းပေးလိုက်သော်လည်း Memorial အဖွဲ့ကို ထောက်ပံ့နေသည့် USAID ၏ လုပ်ဆောင်ချက်များကို ရုရှားအစိုးရက ပိတ်ပင်လိုက်သောအခါ အဖွဲ့ရပ်တည်နိုင်ရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရတော့သည်။
(USAID = အမေရိကန် ပြည်ထောင်စု ဗဟိုအစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ)
ဆီမာ ဆမား (Sima Samar), Afghanistan

အာဖဂန်နစ္စတန်နိုင်ငံသူ ဆရာဝန်တဦးဖြစ်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်း ဖြစ်သည်။ အာဖဂန် အမျိုးသမီးများအတွက် မနေမနား တိုက်ပွဲဝင်ပေးသောကြောင့် အသတ်ခံရမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ခံရသည်။ ပြည်တွင်းစစ်နှင့် တာလီဘန်တို့၏ ဒဏ်ကိုလည်း ခံရသည်။
အသက် ၅၅ နှစ် ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ရှူဟာဒါ (Shuhada) အဖွဲ့အစည်းကို တည်ထောင်သူအဖြစ် ကျော်ကြားသည်။ ထိုအဖွဲ့အစည်းမှာ ဆေးရုံ ၄ ရုံ၊ ဆေးခန်း ၁၂ ခန်း၊ စာသင်ကျောင်းပေါင်း ၆ဝ၊ အကာအကွယ်ပေးသည့် ရိပ်သာ ၂ ခု ဖွင့်လှစ်ထားသည်။ အာဖဂန်နှင့် ပါကစ္စတန် နှစ်နိုင်စလုံးမှ သောင်းနှင့်ချီသော အာဖဂန် အမျိုးသမီးနှင့် မိန်းခလေးငယ်များအား အလုပ်အကိုင်များ ရှာဖွေ ဖန်တီးပေးလျက်ရှိသည်။
အာဖဂန်နိုင်ငံတွင် ၁၉၉၆ မှ ၂ဝဝ၁ အထိ တာလီဘန်များ မင်းမူနေစဉ်အတွင်း ဆီမာ ဆမား၏ ရှူဟာဒါ အဖွဲ့က ကဘူးမြို့တော်၌ မိန်းခလေးငယ်များအတွက် အိမ်တွင်းစာသင် အတန်းများဖွင့်ကာ လျှို့ဝှက် စာသင်ပေးခဲ့ရသည်။ မူလတန်းအတွက် မဆိုစလောက်နည်းပါသော အချိန်များ၌သာ သင်ပေးနိုင်ပြီး အထက်တန်းများ အတွက်မူ တကြိမ်သင်ပေးသည် ဆိုရုံသာ ရှိခဲ့သည်။
ဆီမာ ဆမားသည် ယခင်က ကုလသမဂ္ဂ၏ ဆူဒန်နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။ ယခု လွတ်လပ်စွာ ရပ်တည်နိုင်သော အာဖဂန် လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဖြစ်နေသည်။ အဆိုပါ ကော်မရှင်မှာ အာဖဂန်နိုင်ငံတွင် ပထမဦးဆုံးသော ကော်မရှင်ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်ကာ ချိုးဖောက်မှုများ တွေ့ရှိလျှင် စုံစမ်းစစ်ဆေးသည်။
ဆီမာ ဆမားသည် ဟာဇရာ အမည်ရှိ လူနည်းစု တိုင်းရင်းသူ ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် ပထမဦးဆုံးသော ဟာဇရာ ဆရာဝန်ဖြစ်လာသည်။ ပြီးခဲ့သော စက်တင်ဘာလက ဆွီဒင်မှ ချီးမြှင့်သော Right Livelihood ဆုကို လက်ခံရယူခဲ့သည်။ ယင်းဆုမှာ အခြားသူတို့၏ဘဝကို တိုးတက်အောင် ကူညီပေးသူတို့အား ဂုဏ်ပြုသည့်ဆု ဖြစ်ပြီး နိုဘဲလ်ဆုကဲ့သို့ပင် အဆင့်မြင့်သည်။
ရိုအာနီ ဆန်ချက်ဇ် (Yoani Sanchez) , Cuba

အသက် ၃၇ နှစ်ရှိ ကျူဘားနိုင်ငံသူ ဘာသာစကား ကျောင်းသူဟောင်း ဖြစ်သည်။ အမေရိကတိုက်၏ တခုတည်းသော ကျူးဘား ကွန်မြူနစ်အစိုးရအား တိုက်ရိုက် ရည်ရွယ်သောစာများကို ၅ နှစ်ကျော် ကြာမြင့်လာသည်အထိ မကြောက်မရွံ့ ရေးသားနေသူ ဖြစ်သည်။
အင်တာနက်ပေါ်တွင် ရေးသားသည့် သူ့ Blog မှာ ကျူဘားနိုင်ငံတွင် တရားမဝင်သည်တော့ မဟုတ်ပါ။ သို့သော် တလလျှင် ဒေါ်လာ ၂ဝ ပင် မရကြသည့် ကျူဘားနိုင်ငံသား အများစုမှာ အင်တာနက် သုံးစွဲနိုင်ခြင်း မရှိသဖြင့် ရိုအာနီဆန်ချက်ဇ် ရေးသားသည်များကို မသိဘဲ ဖြစ်နေကြသည်။ ပြည်ပတွင်မူ သူ့ဂုဏ်သတင်းက မွှေးလှသည်။ နိုင်ငံတကာဆုများလည်း ရရှိထားသည်။
အိုမင်းမစွမ်း ဖြစ်နေသည့် လူအိုတဦးပမာ နှစ်ပေါင်း ၅ဝ သက်တမ်းရှိ ချိနဲ့နဲ့ ကျူဘား အစိုးရကို မျိုးဆက်သစ်တို့က အင်တာနက်ပေါ်တွင် စိန်ခေါ်နေကြပြီဖြစ်ရာ ယင်းတို့အထဲတွင် ရိုအာနီ ဆန်ချက်ဇ်မှာ အချိန်တိုအတွင်း ရုတ်ချည်း ရှေ့တန်းရောက်လာသည်။ သူ့ Blog ကို Generation Y ဟု အမည်ပေးထားသည်။ လှောင်ပြောင် သရော်သည့်အနေဖြင့် “Y” ကို ထည့်ထားခြင်း ဖြစ်သည်။ သူ့ကို မွေးဖွားလာချိန်မှာ ဆိုဗီယက် ကွန်မြုနစ် အားကောင်းချိန် ဖြစ်သည်။ သူတို့ မျိုးဆက်တွင် မိဘများက ဆိုဗီယက် ကွန်မြူနစ်ကို အတုယူ အားကျစေလိုသော သဘောဖြင့် “Y” နှင့်စသော အမည်များကို မှည့်ပေးတတ်ကြသည်။
ရိုအာနီ ဆန်ချက်ဇ်က တပါတ်လျှင် ဆောင်းပါးများစွာ ရေးသားသည်။ ကျူဘားနိုင်ငံသားတို့ နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲ ကိစ္စများ၊ ဆိုးဝါးလှသည့် စီးပွားရေး ရုန်းကန်မှု၊ အစိုးရ၏ စနစ် ပြောင်းလဲချင်စိတ် မရှိသော စိတ်ထား၊ ကျူဘားနိုင်ငံသားတို့၏ ဘဝပျက်သွားနိုင်လောက်သည်ထိ စွန့်စားရသော ပြည်ပ ခိုးထွက်မှုများအကြောင်း စသည်တို့ ဖြစ်သည်။
နိုင်ငံခြားမီဒီယာတခုမှ သူ့အား အင်တာဗျူး မေးလာသည်ကို ကျူဘားခေါင်းဆောင်ကြီး ကက်စထရို (Fidel Castro) က ရိုအာနီ ဆန်ချက်ဇ် ဟု နာမည်ထုတ်မသုံးဘဲ “ခေတ်သစ် ကိုလိုနီ မီဒီယာ” ကို အလုပ်အကျွေးပြုနေသော “ကျူဘားနိုင်ငံသူလေး” ဟု ပြောဆိုကာ တိုက်ခိုက်ခဲ့ဖူးသည်။ ထိုအခါ ရိုအာနီ ဆန်ချက်ဇ်က “ဆိုဗီယက်ခေတ်ရဲ့ လက်ကိုင်တုတ် အဟောင်းတွေဟာ သေရမှာကိုတောင် ငြင်းဆန်တတ်ကြတယ်” ဟု သူ့ Blog တွင် ချက်ချင်းရေးပြီး ပြန်ပက်လိုက်ဖူးသည်။
ဂျင်းရှပ် (Gene Sharp), United States

ယခု အသက် ၈၄ နှစ် ရှိပြီ ဖြစ်သည့် ဂျင်းရှပ်၏ အရေးပါသောကဏ္ဍမှာ အကြမ်းမဖက် တော်လှန်ရေး စာအုပ် ရေးသားခြင်း ဖြစ်သည်။ လတ်တလော အကျဆုံး အကျိုးပြုသွားသည်မှာ အာရပ်နွေဦး လူထုအုံကြွမှုအတွက် ထိုစာအုပ်က လမ်းညွှန်ပေးခြင်း ဖြစ်သည်ဟု ဆိုရပါမည်။
ဒီမိုကရေစီအရေးတွင် ပါဝင်ကြသော မြန်မာ တက်ကြွလှုပ်ရှားသူတို့၏ မေတ္တာရပ်ခံချက်အရ စာမျက်နှာ ၉၃ မျက်နှာရှိ “အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့” (Dictatorship to Democracy: A Framework for Liberation) စာအုပ်ကို ၁၉၉၃ ခုနှစ်တွင် ဂျင်းရှပ်က ရေးပေးသည်။ တကမ္ဘာလုံးတွင် ဘာသာပေါင်း ၃ဝ ကျော် ပြန်ဆိုကြသည်။
သူ့ဘဝ ဇာတ်ကြောင်းကို မှတ်တမ်းတင် ရိုက်ကူးထားသော “တော်လှန်ရေးတခုကို ဘယ်လို စတင်မလဲ” တွင် သူက အောက်ပါအတိုင်း ပြောဆိုခဲ့သည်။
“အဓိကဆိုရင်တော့ အာဏာရှင်စနစ်ကို တဖြည်းဖြည်း ချိနဲ့ အားနည်းသွားစေရာကနေ နောက်ဆုံး ဖျက်သိမ်းလိုက်နိုင်တဲ့အထိ ဆန့်ကျင်ရုန်းကန်ရတဲ့ အကြမ်းမဖက် လှုပ်ရှားမှု ပုံစံတွေရဲ့ သဘောသဘာဝနဲ့ ဖြစ်လာတတ်တာတွေကို သိဖို့ ကျနော် ကြိုးစားရပါတယ်။”
အမေရိကန်ပြည်ထောင်စု Ohio တွင် မွေးဖွားကြီးပြင်းခဲ့ပြီး နိုင်ငံရေးသိပ္ပံနှင့် လူမှုရေးဗေဒကို Ohio နှင့် အင်္ဂလန်နိုင်ငံ Oxford University တို့၌ လေ့လာသင်ယူခဲ့သည်။ Oxford University မှပင် ၁၉၆၈ ခုနှစ်၌ အကြမ်းမဖက် လှုပ်ရှားသည့် နိုင်ငံရေး စာတမ်းဖြင့် ပါရဂူဘွဲ့ ရယူခဲ့သည်။
လူအေးတယောက် ဖြစ်သည်။ စကားပြောရာတွင် နူးညံ့ချိုသာလှသည်။ မက်ဆာချူးဆက်နှင့် ဟားဗတ် တက္ကသိုလ်များတွင် စာသင်ပေးသည်။ ရူပဗေဒ ပညာရှင်၊ စစ်ကိုမလိုလားသူ အယ်လ်ဘတ် အိုင်းစတိုင်းက နိုဘဲလ်ဆု ချီးမြှင့်ခံရသည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဘော်စတန် အရှေ့ဘက်တွင် Albert Einstein Institution ကို တည်ထောင်ထားသည်။ နိုင်ငံရေး လှုပ်ရှားမှု အကြမ်းမဖက် နည်းနိဿယများကို သုတေသနပြုသည်။
အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ (မြန်မာဘာသာပြန်) ဖတ်ရန် --- http://www.minthukha.net/2010/09/blog-post_120.html
လွင်အောင်စိုး
၁၁-၁ဝ-၂ဝ၁၂
on Thursday, October 11, 2012 at 5:40pm ·
No comments:
Post a Comment