Wednesday, 8 August 2012

ရှစ်လေးလုံးအရေးတော်ပုံ (သို့မဟုတ်) နိုင်ငံတော်လူသတ်မှုကြီး


by Ye Min Tun on Sunday, December 5, 2010 at 10:43pm ·
နိုင်ငံရေးသမား ဆိုလျှင် အဖမ်းခံရမည်။ အဖမ်းခံရလျှင်တော့ မဆလ လက်ထက်တွင် မလွယ်လှပါ။ နိုင်ငံရေးနှင့် ပတ်သက်၍ အဖမ်းဆီးခံရသောလူများ၏ ဘ၀သည် ပျက်ဆီးသွားသည့် သတင်းများကိုလည်း ကျနော် ငယ်ငယ်ကပင် ကြားသိထားရပါသည်။ ကျနော်သိသော နိုင်ငံရေးသမားကြီး အလံနီရဲဘော်ဟောင်း ဦးရီမှိုင်း(ခေါ်) ဦးညိုမိုင်းကိုလည်း နိုင်ငံရေး အခါကြီးရက်ကြီးများ နီးလာလျှင် E2000 ကားအရှည်ဖြင့် လာရောက် ဖမ်းသွားတတ်သည်ကို မြင်တွေ့ခဲ့ရပါသည်။ တခါတရံ ခတ္တခဏနှင့် ပြန်ရာက်လာသလို တခါတခါလည်း လတွေ နှစ်တွေကြာ သွားတတ်ပါသည်။ မတည်ငြိမ်သော သူ့ဘ၀တွင် အတည်တကျ အလုပ်ဟူ၍လည်း မရှိခဲ့ပေ။ ယုတ်စွအဆုံး ကုန်ထမ်းသည့် အလုပ်တောင်လုပ်မရဘဲ လက်ဖက်ရည်ဆိုင်များတွင်သာ လှည့်လည်နေရသော သူ့ဘ၀ကို ကြည့်ပြီး ကျနော် စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရပါသည်။

ထို့အပြင် ကျနော့် ဘကြီးအိမ်နားရှိ ဦးသန့်အရေးအခင်းတွင် ဗိုလ်ချုပ်နေ၀င်းအစိုးရ၏ ဖမ်းဆီး နှိပ်စက်ခဲ့မှုကြောင့် စိတ်ဝေဒနာခံစားနေရသော ကိုတင်အောင်ထွန်းကိုလည်း ကျနော့် ငယ်ဘ၀တွင် မြင်တွေ့ခဲ့ဖူးပါသည်။ ကိုတင်အောင်ထွန်းသည် လူစုလူဝေးမှန်သမျှကို မမြင်ဝံ့တော့သလို ကျောင်းဆင်းကျောင်းတက် ကျောင်းဝတ်စုံနှင့် ကျောင်းသားများကို မြင်တွေ့လျှင်တောင် ကြောက်ပြီး ပုန်းနေတတ်ပါသည်။ တယောက်ယောက်က သူ့ကို ကျောင်းသားတွေလာပြီဟု ပြောလိုက်လျှင် အိမ်ထဲ ၀င်ပြေးသွားလေ့ရှိသည်ကို ကျောင်းသားအချို့က သဘောကျတတ်ကြသောလည်း ကျနော်ကမူ သူဘာ့ကြောင့်များ ဒီလိုဖြစ်သွားပါလိမ့်ဟု စဉ်းစားနေမိသည်။



နိုင်ငံရေးသမားနှစ်ဦး၏ ဘ၀ကို မြင်တွေ့ခဲ့ရသောကျနော်သည် တရက်တွင်မူ နိုင်ငံရေးစာပေများကို ဖတ်ရှုခွင့်ကြုံလာပါတော့သည်။မင်္ဂလာတောင်ညွှန့်တွင်နေသာ သူငယ်ချင်းတယောက်က ကျနော့်ထံမှ ဂစ်တာနှင့် သူ့အဘိုးဆုံးသွား၍ ကျန်ခဲ့သော စာအုပ်များပါသည့် ထင်းရူးသေတ္တာကြီး တလုံးကို အလဲလှယ်လုပ်ပါသည်။ပါလာသော ရှေးဟောင်း စာအုပ်များတွင် မြရာပင် စာပေတိုက်ထုက် သခင်သန်းထွန်း၏နောက် ဆုံးနေ့များနှင့် မဆလပါတီထုက် သခင်သန်းထွန်း နောက်ဆုံးနေ့ စာအုပ်နှစ်အုပ်လည်း ပါဝင်သည်။ ထိုစာအုပ်နှစ်အုပ်ကို ယှဉ်ဖတ်ကြည့်ရာ ဘယ်လိုမှ မတူပေ။ ထိုအချိန်မှစ၍ ကျနော်သည် နိုင်ငံရေးစာပေများနှင့် ယဉ်ပါးစပြုလာသည်။ သခင်တွေ အကြောင်း ၊ ဖဆပလ အကြောင်း ၊ ကွန်မြူနစ်ပါတီ သခင်ကိုယ်တော်မှိုင်းစသည်ဖြင့် ကျောင်းတွင် သင်ရသည့် သမိုင်းနှင့်မတူသည့်အချက်များကို ကျနော်တွေ့လာရသည်။ မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာပြည်၏ သမိုင်းတွေကိုဖော်ပြထားသည့် အဲဒီစာအုပ်တွေက ကျနော်ကို အများကြီး ပြောင်းလွဲစေခဲ့သည်။ ကျနော်သိသွားသည်။ မဆလ ပါတီကဘာလဲ၊ ဦးနေ၀င်းဘာလဲ၊ လုပ်ဖော် ကိုင်ဖက်တွေ ကြားမှာ ကိုကြီးနုဆိုပြီး အာဏာကို ပုတီးထက်မက် နိုင်ငံရေးကို ကုလားဖန်ထိုးတတ်သူ အကြောင်း စသည်ဖြင့် အတော်အတန် သိလာပါတော့သည်။ ထိုအချိန်မှစ၍ မဆလ ပါတီနှင့် ဦးနေ၀င်းကို ကျနော်သဘောမတွေ့တော့ပါ။ ကျောင်းသားတွေ အသတ်ခံသော ဦသန့်အရေးခင်းအကြောင်းကိုလည်း ပိုသိလာသည်။



သို့နှင့် ၁၉၈၈ခုနှစ်သို့ ရောက်လာသည်။ မတ်လ အရေးအခင်း (ကိုဖုန်းမော်ကျဆုံးသော ဖုန်းမော်နေ့) အကြောင်းရင်းကို ကျနော်သည် သူငယ်ချင်းတွေနှင့် ဆွေးနွေးတတ်လာသည်။ထိုအကြောင်းများကို ကျနော် အာပေါင်အာရင်းသန်သန် ဆွေးနွေးနေသည်ကို သိသွားသော ဆရာမတဦးက ကျနော်တို့ ထိုင်တတ်သည့် သိန်းကိုးဆယ် လက်ဖက်ရည်ဆိုင်သို့လာကာ အိမ်မှာမနေဘဲ ရှောင်တိမ်းနေဖို့ ပြောလာပါသည်။ ကျနော်လည်း ထိုအခါကျမှ အရမ်းကို စိုးရိမ်သွားမိတော့သည်။ မဆလ လက်ထဲမှာဖမ်းခံရရင်တော့ ဆိုပြီး ပူပန်မိသည်။ တဘက်တွင်လည်း ကျနော်ကြားထားသလို ရှစ်လေးလုံးနေ့မှာ သပိတ်ကြီးဖြစ်ကာ အစိုးရပြုတ်ကျ ရင်ကောင်းမှာဘဲဆိုသော ကလေးအတွေးနှင့်ပျော်နေမိသည်။ ကျနော်အသက်က အဲဒီအချိန်မှာ(၁၆)နှစ်။ ရှစ်လေးလုံးနေ့ မဖြစ်လာမည်ကိုလည်းစိုးရိမ် ဖြစ်လာလျှင်လည်း အောင်မြင်စေချင်သည်။ သို့မှသာ ကျနော် အဖမ်းမခံရမှာလို့ ကျနော်ထင်ထားမိခဲ့သည်။ သပိတ်ထဲဝင်ရမည်။ ကျနော်နောက်မဆုတ်တော့ဟု ဆုံးဖြတ်လိုက်မိသည်။ ဆရာမ၏ စိုးရိမ်လို့ ပြောစကားကြောင့် တောင်တောင်အီအီ ကျနော်လျှောက် စဉ်းစားနေခြင်းသော်လည်း တကယ်တော့ ကျနော် ကျူးလွန်ထားသည့် မည်မည်ရရ နိုင်ငံရေးမှု မရှိပါ။ ဆူးလေဘုရားနားမှ တိုးရစ်ဘားမား၏ မာစတာဂျစ်ကားကို မီးရှို့စဉ်က အနားမှာရပ်ကြည့် နေတာရယ် တက္ကသိုလ်မှာ သပိတ်မှောက်နေပြီဟု သတင်းထွက်သည့် မတ်လတွင်းက သူငယ်ချင်း နှစ်ယောက်နှင့် တက္ကသိုလ်သို့ သွားကြည့် ကြမည်ဟု ဆိုကာ လှည်းတန်း အထိရောက်ခဲ့ တာလောက်သာရှိသည်။ သို့သော်လည်း ဟိုနှစ်ယောက်က အတင်းပြန်မည်ဟု ပူဆာတာနှင့် တက္ကသိုလ်အတွင်းမရောက်ဘဲ ပြန်လှည့်လာခဲ့ရတာပါ။ တကယ်တမ်းဖြစ်နေတာက စက်မှုသက္ကသိုလ်ထဲမှာ ဒီလိုလွဲပေမယ့်၊ အဲဒီနှစ်ယောက်ရဲ့ ဖေါက်သည်ချမှုနှင့် ကျနော်မှာ ဘုမသိဘမသိ ကျောင်းသားသပိတ်နှင့် အဆက်သွယ်ရှိသူ အဖြစ် သူငယ်ချင်းတွေကြား အချောင်နာမည်ကြီးလို့ ဖြစ်လာတဲ့ ပြဿနာပါ။ တကယ်တော့ ကျနော့်မှာ ဘာနိုင်ငံရေး အရောင်သွေးမှ မပါသလို ဘယ်သူမှ လာမစည်းရုံးပါဘူး။ ဘယ် UG ကမှလည်း သွေးထိုးတာမဟုတ်ပါ။ လူငယ်တဦး၏ စူးစမ်းမှုနှင့် သိလာရသော နိုင်ငံရေးအကြောင်းတွေနှင့် အာဏာရှင်ကြီးဦးနေ၀င်း နိုင်ငံပိုင် TV ထဲကနေ စိန်ခေါ်လိုက်လို့ ဖြစ်လာတဲ့ မခံချင်မှုတို့ ဖြစ်ပွားခဲ့ရခြင်းသာ။



သမိုင်းဝင်နေ့

၁၉၈၈ သြဂုတ်လ (၈)ရက်နေ့မနက်။

ကျနော်နေထိုင်ရာ ကျောက်တံတားမြို့နယ်သည် ရန်ကုန်မြို့ထဲမှာ ဖြစ်ရာ မနက်ထဲက (၃၈)လမ်းဈေး၌ ပျံကျဈေးသည်အချို့သာလာပြီး ဈေးရုံထဲမှ ဆိုင်တွေ မဖွင့်တော့တာကို ကျနော်တွေ့နေရသည်။ အနော်ရထာလမ်းမ (ဖရေဇာလမ်း)က ဆိုင်တွေလည်း ပိတ်ထားကြသည်။ ရွှေဆိုင်တွေလုံးဝ မဖွင့်။ လူတွေက ဘယ်ကပေါ်လာ မလဲဆိုတဲ့ သပိတ်မှောက်လူအုပ်ကြီးကို မျှော်နေပါသည်။ သတင်းတွေကလည်း ဘယ်မှာတော့ သပိတ်မှောက်နေပြီ လူတွေအများကြီး ချီတက်လာပြီဆိုတာမျိုး ပြောနေကြသည်။ လူတွေအားလုံးက သပိတ်တပ်ကို မျှော်နေကြပြီး အချို့ကလည်း ကြောက်နေသည်။ လည်ပတ်နီများနှင့် တကယ်ပစ်မယ်ဆိုတဲ့ ချင်းတပ်တွေ ရောက်နေပြီဆိုသော သတင်းတွေလည်း ထွက်နေသည်။ ကျနော်တို့ စောင့်မျှော်နေစဉ်မှာပဲ ရောက်လာပါပြီ မြို့ထဲကို သပိတ်ချီတက်လာနေသော လူအုပ်ကြီး။ ညနေပိုင်းလောက်တွင် အကုန်လုံး ပန်းဆိုးတန်းလမ်းကနေ လှည့်ပြီး မြို့တော်ခန်းမရှေ့ သွားစုနေသည်။ ကျနော် သပိတ်မှောက်အုပ်စုထဲ ၀င်ပါချင်နေသော်လည်း ၀င်လိုက်ထွက်လိုက်သာ လုပ်နေသည်။ သပိတ်တပ်မှ လူတိုင်းနီးပါးမျက်နှာတွေကို လက်ကိုင်ပ၀ါတွေ အင်္ကျီ အ၀တ်အပိုင်းစတွေနှင့် ကွယ်ထားကြသည်။ ကျနော်အိတ်ထဲမှာလည်း လွန်ခဲ့သောာ ရက်ပိုင်းထဲက ရှာဖွေထားလက်ကိုင်ပါဝါ အကြီးကြီး တခုက ရှိနေသည်။

ညနေ(၆)နာရီခန့်တွင် လူတွေ တိုးမပေါက်အောင် များပြားလာသည်။ ကျနော်က ၃၇ လမ်းထိပ် မဟာဗန္ဓုလလမ်းမမှာ ရပ်နေချိန်တွင် မျက်နှာစီးထားပြီး လွယ်အိတ်စလွယ်သိုင်းထားသူများ လမ်းထဲကို ၀င်လာပြီး သပိတ်မှောက်ဆန္ဒပြနေသူများ အတွက် ထမင်းထုပ်များ အလှူခံပါတော့သည်။ လမ်းတွင်းရှိ လူများ၏ ထောက်ခံမှုကလည်း အားပါးတရ။ အိမ်တိုင်းနီးပါး လှေကားမီးတွေ ပိတ်ပြီး လှေကားရင်းကနေ လှမ်းခေါ်ကာ အသင့်ထုပ်ထားသော ထမင်းထုပ်တွေပေးကြသည်။လှေကား ၅ခုလောက်ဆိုလျှင် ခြင်းကြားတလုံး ပြည့်ပြီ။ မနိုင်မနင်း အပြေးအလွှားလုပ်နေသော သပိတ်ထောက်ပံ့ရေးတပ်သားများကို ကြည့်ရင်း ကျနော် အလိုလိုဝင်ပါသွားမိတော့သည်။ ရလာသော ထမင်းထုပ်များထည့်ထားသည့် ခြင်းကြီးကို တဖက်တယောက်ဆွဲပြီး မြို့တော်ခမ်းမရှေ့သယ်ပြေးရာ လမ်းတလျှောက် လူတွေအလိုက်တသိ ချဲပေးကြ လက်ခုပ်တွေ တီးကြနှင့် ချွေးတွေ အင်္ကျီတထည်လုံး ရွဲနေသော်လည်း ကျနော် မပင်ပန်း။ ကျနော် ညီအကိုဝမ်းကွဲတော်သူ တယောက်ပါ လာဝိုင်းလုပ်နေရာ သူ့အဖေလိုက်လာပြီး နားရင်းရိုတ်ပြန်ခေါ်သွားသည်ကိုလည်း တွေ့လိုက်ရသည်။ ကျနော်ကိုပါ လိုက်လာဖို့ပြောတော့ သူ့ကိုခေါင်းဘဲခါပြလိုက်သည်။ အမှန်မှာ အဲဒီ လက်သံပြောင်သည့် ဦးလေးကို အရင်က ကျနော်ရှိန်သော်လည်း ယခုကျနော် ခေါင်းခါပြရင်း မျက်နှာစည်းပေါ်က မျက်လုံးနှင့် စိုက်ကြည့်လိုက်သောအခါ အဲဒီဦးလေး နောက်ဆုတ်သွားသည်။ ကျနော့်စိတ်တွေ တအားထက်သန်နေသည်။ ရေသန့်ဘူးတွေမပေါ်သေးသော ထိုအချိန်က ဒဂုန်ဘိလပ်ရေ စက်ရုံကထုတ်သော ကရင်ဆော်ဒါ ၊ လိမ္မော်ရေ ပုလင်းများကို အလှူရှင်တွေက ကပ်လိုက် ကပ်လိုက်လာချပေးသွားကြသည်။ ပေါင်မုန့် ၊ ကိက်မုန့်၊ ပေါက်စီတွေကို လေးဘီးကားတွေနှင့် တင်လာပြီး လာချပေးသွားကြသည့် ရန်ကုန်မြို့မှ တက်နိုင်သူတွေ၏ အားပေးမှုကလည်း အားရစရာ။ တခါမျှ ဒီလို အမည်မခံဘဲ ငွေကုန်ကြေးကျခံပြီး ရက်ရက်ရောရော လှူကြတာမျိုးကိုလည်း ကျနော်မတွေ့ဘူးသေး။ ကျနော်တို့ စားစရာခြင်းတွေ ထမင်းထုပ်တွေကို နှစ်နေရာတွင် စုကြသည်။ တနေရာက မဟာဗန္ဓုလပန်းခြံရှေ့ ကားလမ်းအလယ်က ပလက်ဖေါင်းပေါ်မှာ ဖြစ်ပြီး နောက် တနေရာမှာ ဘားလမ်းထိပ် မြို့တော်ခန်းမဘက်မှ တားထားသော သံဆူးကြိုးသစ်သားတန်း ရှေ့နားမှာပါ။မြို့တော်ခန်းမရှေ့မှာ ထမင်းထုပ်စုရတာက မြို့တော်ခန်းမစောင့် စစ်သားတွေ ရုပ်တရက်ပြေးထွက်လာပြီး ရိုတ်မယ်ဖမ်းမယ်ဆို အခက်အခဲဖြစ်အောင်လို့ပါ။ အဲဒီအချိန်တုန်းကတော့ ဒီလိုဧရာမလူအုပ်ကြီးကို သေနတ်နှင့်ပစ်လိမ့်မယ်လို့ ကျနော် လုံးဝထင်မထားခဲ့ပါဘူး။



နိုင်ငံတော်လူသတ်မှုကြီး


ညကိုးနာရီခန့်တွင် ဆေးရုံကားများ မြို့တော်ခန်းမထဲမှ ထွက်ပြီး ကပဆ (ကုန်းလမ်း ပို့ဆောင်ရေး)မှ TE 12 ဟီနိုးကားများရာက်လာသည်။ မြို့တော်ခန်းမထဲကနေ လူစုခွဲဖို့နှင့် နိုင်ငံတော် အလံများကို မဝှေ့ယမ်းဖို့ စပီကာနှင့် စစ်ဗိုလ်များက အော်နေသည်။ စစ်သားများက က လည်ပတ်အနီရောင်နှင့် စစ်ခမောက်များဆောင်းထားသည်။ သူတို့မျက်နှာတွေက အရင်းတင်းမာပြီး သေနတ်ကို လူအုပ်ကြီးဘက်ကို အသင့်ချိန်ထားသည်။ စက်သေနတ်အကြီးတပ်ထားသော စစ်ကားတချို့ကလည်း လူတွေဘက်ကို ချိန်ထားသည်။ ဘားလမ်းထဲတွင်လည်း စစ်သားများ။ တတန်းကဒူးထောက်ထားပြီး တတန်းက မတ်တပ်ရပ်လျက်။ သေနတ်ကို လူတွေဘက် ချိန်ထားသည်မှာ ပစ်မှတ်တခုခုကို သေသေချာချာ စူးစိုက်နေသလို။ သူတို့ကား နောင်တချိန်နာမည်ကြီးမယ့် တပ်မ(၂၂)။ ပြည်သူတွေကို ရက်ရက်စက်စက် သတ်မည့်တပ်ရင်း။ လူတွေက ကြွေးကြော်သံတွေနှင့်အတူ ကမ္ဘာမကြေ နိုင်ငံတော်သီချင်း အော်ဆိုနေသည်။ ကျနော်နှင့် ပစ္စည်းသယ်ပို့နေသည့် မျက်မှန်နှင့်အကိုကြီးတယောက်က ကျနော့်ကို ညီလေး မင်းဘယ်မှ မသွားနဲ့ ငါ့နားမှာဘဲနေဟူ၍ မှာထားသည်။ ကျနော်တို့အနားတွင် ကျောင်းစိမ်းဝတ်ထားသော ကောင်မလေးနှစ်ယောက်လည်း ရှိနေသည်။ စစ်သားများ မြို့ထဲမှာ၊ ကမ်းနားလမ်းနှင့် အတွင်းဝန်ရုံးနားတွေမှာ အများကြီးရောက်နေပြီဆိုသော သတင်းများ ထွက်လာ၍ လာကြည့်သော လူတွေလည်း ပြန်ကုန်ကြပြီ။ တကယ်ဆို ကျနော်တို့သပိတ်တပ်ကြီး ပြန်ဆုတ်သင့်တယ်ဟု အခုမှတွေးမိသည်။ တကယ်တော့ မဆလ တန်ပြန်တွေက တရားတွေတက်ဟောကာ အဖွဲ့အစည်းမရှိ အုပ်ချုပ်သူမရှိသော ဒီလိုမျိုး လူအုပ်ကို သူတို့ သတ်ဖို့စနစ်တကျ ထိန်းခေါ်ထားခြင်း ဖြစ်နိုင်သည်ဟု အဲဒီအချိန်က ကျနော်တို့တတွေ မတွေးမိခဲ့ပေ။ မကြောက်ကြနှင့် နိုင်ငံတော်ကောင်စီအစည်းဝေးနေပြီ မဆလပြုတ်ပြီ ဒီမိုကရေစီရပြီ ဆိုတာမျိုးတွေ စစ်သားတွေကပူးပေါင်းတော့မယ် ဆိုတာတွေကို မဆလတန်ပြန်တွေက တရားတက်ဟောကြသည်။ သူတို့တွေကြောင့် သပိတ်တပ်မှ လူများ လူစုမခွဲခဲ့ကြ။

ထိုအချိန်တွင် စစ်ကားတွေက ၀ိုင်းလိုက်ပြီး ပန်းဆိုးတန်းလမ်းတလျှောက် ပိတ်လိုက်သည်။ ကုန်သည်လမ်း တလျှောက်ပိတ် လိုက်သည်။ မြို့တော်ခန်းမနှင့် တည့်တည့် ဆူးလေဘုရားလမ်းကိုလည်း ပိတ်သည်။  တိုးရစ်ဘားမားရှေ့က ပိတ်သည် ရှားမှီးမုန့်တိုက်(ရသာ)  ရှေ့မှာလည်း ပိတ်ထားသည်။ လေးဘက်လေးတန် ပိတ်လိုက်ပြီ ဆိုသည်ကို သိလာသောအခါ မျက်မှန်နှင့်အကိုက ကျနော့်ကို ခေါ်သည်။ ကောင်မလေး နှစ်ယောက်လည်း ကျနော့်အင်္ကျီစကို အတင်းအကြပ်ဆွဲပြီး လိုက်လာသည်။ ကျနော်တို့ဘားလမ်း အတိုင်း တရားရုံးချုပ်ရှေ့ကနေ ဖြတ်ဆင်းလာသောအခါ ရန်ကုန်မြို့ကြီးကို မီးတွေဖျက်လိုက်ပြီဖြစ်သဖြင့် မှောင်မဲနေသည်။ ဆူးလေဘုရားနှင့် မြို့တော်ခန်းမသာ မီးလင်းနေသည်။ ကျနော့်နာရီလေးကို ကြည့်လိုက်သောအခါ ၁၁ နာရီ ကျော်ပြီ။ ကျနော်တို့အရှေ့ ပိတ်ထားသည်က ရေတပ်မှ စစ်သားတွေ။ ကျနော်လည်ပင်းကို တင်းနေအောင် ဖက်ထားသော မျက်မှန်နဲ့ အကိုကြီးက ညီလေး ငါတို့ စီးပွါးရေးဘဏ်ခွဲနှင့် အမေရိကန်သံရုံးကြား လမ်းထဲဝင်ပြေးမယ်ဟု တိုးတိုးလေးပြောတော့ ကျနော်က အကိုအဲဒီလမ်းက တဖက်ပိတ်ကြီးလို့ ပြန်ဖြေလိုက်သည်။ သူကအေးငါသိတယ် တို့မလွတ်တော့ဘူး စစ်သားတွေက အကုန်ပိတ်ထားပြီ တို့တွေ အမေရိကန်သံရုံးထဲ အနောက်ကနေ ၀င်ပြေးမယ် ငါတစ်နှစ်သုံး ဆိုတာနဲ့ စစ်သားနှစ်ယောက်ကြားက လွတ်နေတဲ့နေရာကနေ အဲဒီလမ်းထဲပြေးဝင်ကြမယ်ဟု သူပြောသည်။ ကျနော်လည်း ဘေးက ကျနော့်ကိုတွဲထားသည့် ကောင်မလေးနှစ်ယောက်ကို ပြောပြလိုက်သည်။ ထို့နောက် မျက်မှန်နှင့် အကိုကြီး၏ အော်သံကို နားစွန့်ရင်း အရှေ့မှ သတိအနေထားနှင့် ရပ်နေရာသောစစ်သားများအကြားမှ ထွက်ပြေးရမည့် နေရာလွတ်ကို ရှာကြည့်နေရသည်။ ကျနော်တို့အားလုံး တုန်နေကြသည်။ စစ်သားများ၏ သေနတ်တွေက လှံစွပ်များ တပ်ထားပြီးဖြစ်ရာ လရောင်အောက်တွင်ပင် ပြောင်ဝင်းနေသည်။

ကောင်မလေးတွေက စစ်သားတွေက ပစ်ရင် ဘယ်လိုလုပ်မလဲလို့ မေးတယ်။ ကျနော်လည်း ကြံရာမရတာနဲ့ လွတ်အောင်သာ ပြေးလို့ပဲ ဖြေလိုက်မိတယ်။ သူတို့ တကယ်ပစ်တော့မယ် ဆိုတာကို လူအုပ်ကြီးက ရိပ်မိနေပြီး အော်ငိုသူတွေကလည်း ငိုလို့၊ ကမ္ဘာမကြေသီချင်း ဆိုသံတွေကလည်း ပိုကျယ်လာတယ်။ ပြည်သူ့စစ်သားတို့စစ်သား၊ ပြည်သူ့တပ်မတော် တို့တပ်မတော် ဆိုတာမျိုးတွေလည်း အော်လာကြတယ်။ လူအုပ်ကြီးက တို့တွေက မြန်မာပြည်သားတွေ၊ တို့လုပ်နေတာ တို့တိုင်းပြည်အရေး ဆိုတာကို စစ်သားတွေ သိလာအောင်နဲ့ အထက်က ပစ်မိန့်ပေးလာရင် ဆင်ခြင်နိုင်အောင် ဒီလိုနည်းနဲ့ အသနားခံ သတိပေးနေတာလို့ ကျနော်ထင်တယ်။

ကျနော်တို့လည်း လူအုပ်ကြီးနှင့် အလှမ်းဝေးနေပြီ။ ကျနော်တို့နားမှာ လူပေါင်း (၂၀-၃၀) ကျော်လောက်ပဲ ရှိမယ်။ မျက်မှန်နှင့်အကိုကြီးစပြီး တစ်၊နှစ်၊သုံး တိုင်လိုက်တာနဲ့ ကျနော်လည်း စစ်သားတွေ တန်းပြီးရပ်နေတဲ့ ကြားထဲကနေ အတင်းပြေး ထွက်တော့တာပဲ။ လက်တဖက်စီမှာ ကျနော်ကိုဆွဲထားတဲ့ ကောင်မလေးနှစ်ယောက်လဲ ဘယ်လိုမျိုးပါလာလို့ စစ်သားတွေ နောက်မှာ ဘာအော်တယ် ဘယ်လို ကျန်ခဲ့လဲကို ကျနော် မသိပါဘူး အတင်းပြေးထွက်တာ စစ်သားတွေက ကျနော်တို့ အဲလို လုပ်လိမ့်မယ်လို့ ထင်မထားတာရယ်၊ ပစ်မိန့်လည်း မရသေးတဲ့အပြင် မြို့တွင်းက ရေတပ်လည်းဖြစ် နေတာကြောင့်သာ ကျနော်တို့ လွတ်ရတာလို့ နောက်ပိုင်းမှာ သုံးသပ်ကြပါတယ်။

ပြေးထွက်လာတဲ့ ကျနော်တို့က အမေရိကန်သံရုံးဘေးက လမ်းတိုလေးထိပ်ဝမှာ ပိတ်ကာထားတဲ့ သစ်သားနှင့် သံဆူးကြိုး ဘားတန်းကြီးတွေကို တွန်းဖယ်ပြီး သံရုံးဝင်းထဲကို ဝင်ဖို့ ကြိုးစားကြတယ်။ အမေရိကန်သံရုံး နောက်ဖက်က အုတ်တံတိုင်းက လူနှစ်ရပ်စာကျော်မြင့်တဲ့ အပြင်၊ တံခါးကလည်း သံဒလက်နဲ့ သဘောင်္ပေါ်တွေမှာ သုံးတဲ့တံခါးမျိုးပါ။ ကျနော်တို့ အလွယ်တကူဝင်ဖို့ မဖြစ်နိုင်ပါ။ ဒါနဲ့ပဲ သံရုံးနဲ့ ကျောခြင်းကပ်လျက်က အစိုးရရုံးတခုရဲ့ နောက်ဖေးလမ်းကြားတံခါးကို ရိုက်ချိုး၊ အဲဒီရုံးက အပြင်ကိုထွက်နေတဲ့ အဲကွန်းပုံးတွေ တွယ်တက်ပြီးမှတဆင့် ပေ(၂၀)လောက်မြင့်တဲ့ အမေရိကန်သံရုံးရဲ့ အုတ်တတိုင်းပေါ်က သံဆူးကြိုးတွေကို မကြောက်မလန့်ဘဲ ဆွဲကိုင်တက်ခွပြီး အုတ်တံတိုင်းပေါ်က သံရုံးထဲကို ခုန်ချခဲ့ရပါတယ်။ အုတ်တံတိုင်းက မြင့်လွန်းလို့ ကောင်မလေးနှစ်ယောက်ထဲက တစ်ယောက်ဆို ခြေခေါက်လဲသွားတဲ့ အထိပါပဲ။

ရုံးနောက်ဖေးလမ်းကြားထဲကို ရောက်သွားတာ ကျနော်တို့ အားလုံးပေါင်း (၂၂)ယောက်ပါ။ အားလုံးအသက်တောင် ရဲရဲမရှုဝံ့ပါဘူး။ ပတ်ဝန်းကျင်တခုလုံးကလည်း မှောင်မိုက်တိတ်ဆိတ် နေတယ်။ အဲသည့်အချိန်မှာ သံရုံးကဆပ်တင်ထားတဲ့ နောက်ဖေးလမ်းကြားကို စောင့်ကြည့်တဲ့ တီဗွီကင်မရာတွေ ရွေ့လာပြီး မီးပွင့်သွားပါတယ်။ မျက်မှန်နှင့်အကိုကြီးက အင်္ဂလိပ်လို ကျနော်တို့ ကျောင်းသားတွေပါလို့ အော်ပြောလိုက်တော့ ချက်ချင်း မီးပြန်ပိတ်သွားတယ်။ အဲဒီအချိန်မှာ ဟေ့…ဒီအနောက်ထဲ ၀င်သွားတဲ့အဖွဲ့တွေ ပြန်ထွက်လာ၊ နိုင်ငံခြားသံတမန် မြေပိုင်နက်ဖြစ်လို့ အရေးယူ ခံရမယ်၊ အေးအေးဆေးဆေး ထွက်လာပြီး ကိုယ်အိမ်ကိုယ်ပြန်ကြလို့ အပြင်ကနေ လက်ကိုင်စပီကာနဲ့ လာအော်ပါတယ်။

ကျနော်တို့အားလုံး တစ်ယောက်လက် တစ်ယောက် တင်းတင်း ကြပ်ကြပ်ကြီး ဆုပ်ကိုင်ထားလိုက်ကြတယ်။ အဲဒီလို လာအော်နေတဲ့ လူကို ဗိုလ်ကြီး၊ ဗိုလ်ကြီးလို့ နောက်တယောက် ထပ်လာပြီး အော်ခေါ်တဲ့အသံ ကြားရတယ်။ မရှေးမနှောင်းမှာပဲ အပြင်မှာ အပြေးအလွှား ထွက်ပြေးသွားတဲ့ အသံတွေကြားရပြီး ပြန်တိတ်သွားပြန်သည်။ စက္ကန့်ပိုင်းလောက်က ဘာမှ မကြားရအောင် အေးစက်စက်ကြီးနဲ့ ငြိမ်သက် သွားသည်။

သိပ်မကြာလိုက်ပါဘူး…မြို့တော်ခမ်းမရှေ့က လူအုပ်ကြီး ဝေါကနဲ ပြိုဆင်းလာတဲ့ အသံမျိုးကြီး ကြားလိုက်ရပါတယ်။ လူအုပ်ပြိုသံကြီးကြားရပြီး မရှေးမနှောင်းမှာပဲ ဘောင်းဘောင်း ဆိုတဲ့ သေနက်သံနှစ်ချက် ပထမဦးဆုံး စထွက်လာတယ်။ သည့်နောက်တော့ သေနတ်သံတွေ တရစပ် ဆက်တိုက်ကို ထွက်လာပါတော့တယ်။ လူတွေရဲ့ ကြောက်လန့်တကြား ငိုကြွေးပြေးလွှားသံ၊ အသံနက်ကြီးတွေနှင့် ဟစ်အော်နေကြသံတွေကို ကျနော်တို့တွေ အထဲကနေ အတိုင်းသားကြား နေရပါတယ်။ ကျနော်တို့ တစ်ယောက်နှင့် တစ်ယောက်ပူးပြီး လက်တွေကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားကြပေမယ့် ကျနော်တို့ ခန္ဓာကိုယ်တွေဟာ ဝမ်းနည်းမှု၊ အံ့သြထိတ်လန့်မှု၊ ခံပြင်း ဒေါသထွက်မှုတွေနဲ့ တုန်ရင်နေပါတယ်။ မျက်မှန်နဲ့အကိုကြီးက ငိုသံကြီးနဲ့ ဒီနေ့ဒီအချိန်ကို မှတ်ထားကြ ဘယ်တော့မှမမေ့နဲ့တဲ့။ ကျနော်နာရီကြည့်လိုက်တော့ ၁၂နာရီထိုးဖို့ ၁၅ မိနစ်။

သေနတ်သံတွေကြားက လူတွေရဲ့ကြောက်လန့်တကြား အော်ဟစ်ငိုကြွေးသံတွေ၊ မပစ်ပါနဲ့လို့ မပစ်ပါနှင့်လို့ ငိုယိုတောင်းပန်သံတွေ၊ ခိုးကိုးရာမဲ့စွာနဲ့ အနိုင်ကျင့်ခံရသောအခါ ထွက်ပေါ်လာသော ကြောက်ရွံ့ဝမ်းနည်း ထိတ်လန့်သံနဲ့ ရှစ်လေးလုံးညက ငရဲပွက်သလိုပါပဲ။ ဘ၀တသက်မှာ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ လူတွေရဲ့ဟစ်အော် အားကိုးတကြီး အကူညီတောင်းခံတဲ့ အသံနက်ကြီးတွေကို တသက်နဲ့တကိုယ် တခါမှ မကြားဖူးပါဘူး။ ကျနော့်ကိုယ်မှာ ကြက်သီးမွှေးညင်းများ ထောင်ထလာတယ်။ တကိုယ်လုံးလည်း ခံပြင်းဒေါသစိတ်ကြောင့် တဆတ်ဆတ်တုန်နေတယ်။ ၀ုန်းဒိုင်းထလုပ်ပစ် လိုက်ချင်တယ်။ တခုခုကို အားရပါးရ စိတ်ရှိလက်ရှိ ရိုက်ချိုးဖျက်ဆီး လိုက်ချင်သည်။ နောက်တော့ ကားတွေအများကြီး လာသံ၊ မီးသတ်ပိုက်တွေနှင့် ရေထိုးသံတွေကြားရတယ်။ ပြီးတော့ ကားတွေဖြတ်မောင်း သွားသံနဲ့အတူ ကယ်ကြပါ ကယ်ကြပါဗျာ ကယ်ကြပါရှင် ကျနော်တို့ကို ဖမ်းသွားပါပြီ၊ သတ်နေပါတယ် စတဲ့ လူတွေဟာ ဘေးအန္တရာယ် ကျရောက်တဲ့ အခါမှာအော်တဲ့ အသံတုန်တုန်ရင်ရင်ကြီးတွေ၊ အသံနက်ကြီးတွေနဲ့ အော်သံတွေကို ကျနော်တို့ အတိုင်းသား ကြားနေရတယ်။

ကျနော်တို့အထဲက လူတွေအားလုံး ယူကြုံးမရစွာနဲ့ ငိုကြပါတယ်။ အသံတွေ တဖြေးဖြေးနည်းပါးလာတဲ့ အချိန်မှာ သံရုံးအနောက်ထဲ ၀င်သွားတဲ့လူတွေ အေးအေးဆေးဆေး ထွက်လာပြီး ကိုယ့်အိမ်ကိုယ် ပြန်ပါ တည်ဆဲဥပဒေအရ အရေးယူရပါလိမ့်မယ် လို့တခါလာအော်ပြန်တယ်။ ဒီတခါ စပီကာအကြီးနှင့်ပါ။ အဲသည်အချိန်မှာပဲ သံရုံးရဲ့ ဒုတိယထပ်ကနေ လက်တဖက်ထွက်လာပြီ လက်နှိပ်ဓါတ်မီးနှင့် လူတွေရေ သလိုလိုက်ထိုးပါတယ်။ ကျနော်တို့ထဲမှာပါတဲ့ အင်္ကျီစုတ်စုတ်နဲ့ လူတယောက်က လန့်ပြီး တံခါးဖွင့်တဲ့ ဒလက်ကို ပြေးလှည့်ပြီး တံခါးဖွင့်မယ်လုပ်တယ်။ ကျနော်နှင့် မျက်မှန်အကိုကြီး ပြေးဆွဲပြီးတားလိုက်ရတယ်။ နောက်တော့ ကျနော်တို့ နှစ်ယောက် တံခါးကိုမှီပြီး ရပ်နေရပါတယ်။ ဘယ်သူမှဒီနားကှိုမလာနဲ့၊ နောက်ဆုတ်ပြီး နေကြလို့ ပြောပေမယ့် ကောင်မလေးနှစ်ယောက်က ကြောက်လို့ထင်ပါရဲ့ ကျနော်တို့နားမှာလာနေတယ်။

နောက်တော့သံရုံးပေါ်က သောက်ရေတွေ၊ အချိုရည်တွေ ကိတ်မုန့်၊ပေါင်မုန့်စတဲ့ စားစရာတွေ အများကြီး ချပေးပါတယ်။ ကျနော်တို့မှာဘာမှ စားချင်သောက်ချင်စိတ်လည်း မရှိပါဘူး။ ကြောက်စိတ်၊ ဒေါသတွေသာ ဖြစ်နေပြီး လောလောလတ်လတ်ကြီး ကိုယ်တိုင်တွေ့ကြုံလိုက်ရတဲ့ မြို့တော်ခမ်းမရှေ့က လူပင်လယ်ကြီးထဲ သေနတ်နှင့် အတွဲလိုက် အတွဲလိုက် ပစ်ထည့်ခံလိုက်ရတဲ့ အခြေအနေကိုပဲ စဉ်စား သုံးသပ်နေမိကြတယ်။ သေနတ်တစ်ချက်က လူအယောက်ပေါင်းများစွာကို ထိမှန်ပါပဲလို့ ပြောလိုက် ငိုလိုက်နဲ့ မိုးလင်းခဲ့ရပါတယ်။

မနက်ခြောက်နာရီခွဲလောက်မှာ ပြန်မယ်ဆိုတဲ့ လူတွေကို တံခါးဖွင့်ပေးလိုက်ပါတယ်။ အပြင်ရောက်လို့ ဘာမှမရှိတော့ရင် ကျနော်တို့ကို အသံပေးပြီးပြန်ပါလို့ မှာလိုက်ပေမယ့် တော်တော်များများက ဘာမှပြန်အော် မသွားပါဘူး။ လေးယောက်ကပဲ ဘာမှမရှိတော့ဘူး ဟေ့လို့ လာအော်ပါတယ်။ ကျနော်တို့လည်း မယုံကြည်နိုင်သေးတဲ့ အတွက် အပြင်ကိုမထွက်ကြပါဘူး။ နောက်ဆုံးတော့ ကျနော်အပါဝင် ခြောက်ယောက်ပဲ ကျန်ပါတယ်။ မိုးလင်းမှပဲ တစ်ယောက်မျက်နှာ တစ်ယောက် ကောင်းကောင်းမြင်ရပါတယ်။ မျက်မှန်နှင့်အကိုကြီးကလွဲလို့ ကျနော်တို့အားလုံး (၁၅)နှစ်(၁၆)နှစ် ၀န်းကျင်တွေပါ။ အဲသည်နောက်တော့ တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းကိုင်လိုက်ကြပြီး ရွှေတိဂုံဘုရားမှာ သွားပြီးစုကြမယ်လို့ အားလုံးပဲ သဘောတူလိုက်ပါတယ်။

အဲဒီအချိန်ကနေစပြီး မိုက်ရိုင်းရက်စက်တဲ့ စစ်အစိုးရကို ကျနော်စသိခဲ့တာပါ။ နောက်မကြာခင်မှာ လမ်းကို ထွက်လိုက်တော့ အရာရာဟာ ညကဘာမှမဖြစ်ခဲ့သလိုပါပဲ။ လမ်းမတွေက မဲနက်တောင်ပြောင်နေအောင် ရေဆေးထားတယ်။ အမှိုက်တောင်မရှိတာကို တွေ့ရပါသည်။ မဆီမဆိုင် စစ်တပ်ကပိတ်ထားတဲ့ နောက်ကျောဘက်က လမ်းမှာရှိတဲ့ မီးတိုင်တွေ နှင့် အိန္ဒိယသံရုံးက မှန်ဘောင်တွေ ကွဲနေတာလည်း မြင်တွေ့ရတယ်။

ကျနော်ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ တွေ့ကြုံခံစားလိုက်ရတဲ့ စစ်တပ်က လူအုပ်ကြီးထဲကို တရစပ်ပစ်ထည့်လိုက်တဲ့ သေနပ်သံတွေအရဆိုရင် လူပေါင်းရာချီပြီး သေဆုံးခဲ့တယ်ဆိုတာကို ရဲရဲကြီး ပြောရဲပါတယ်။ သက်သေခံနိုင်ပါသည်။ အခြားသောလူ သက်သေအဖြစ် မျက်မှန်နှင့် အကိုကြီးနဲ့အတူ ကောင်မလေးနှစ်ယောက် ၊ကောင်လေးနှစ်ယောက်လည်း ယနေ့တိုင် သက်ရှိထင်ရှား ရှိနေသေးပါသည်။

အဲဒါကတော့ ကျနော် ရှစ်လေးလုံးအရေးတော်ပုံထဲ စပြီးပါဝင်တဲ့နေ့က အဖြစ်အပျက်ပါ။ သေးဆုံးသွားတဲ့ လူတွေအတွက်ကျနော် သူတို့ကို အမျှမဝေပါဘူး။ အာဏာရှင်ရှိနေသရွေ့ ဘယ်တော့မှ အမျှမဝေဘူးလို့ ဆုံးဖြတ်ထားပါတယ်။ ဒီစကားကလည်း ၀တ္ထုတွေ စာအုပ်တွေမှာ ရှိတဲ့စကားမျိုးဖြစ်ပေမယ့် အဲဒီအချိန်က ကြုံတွေ့ခံစားဘူးသူတိုင်း ကျဆုံးသွားတဲ့ လူတွေရဲ့ မရသေးတဲ့ သူတို့ဆန္ဒကို မတားချင်လို့ ဂရုဏာထားတဲ့ ကတိစကားတွေပါ။ ကျဆုံးသွားတဲ့ သူတို့လည်း ဒီအာဏာရှင်တွေ ရှိနေသရွှေ့ ၀ိဥာည်ဘ၀နှင့် မကျေမခြမ်းတိုက်ပွဲဝင်နေမှာပါ။ လက်နက်မဲ့ လူအုပ်ကြီးထဲကို မီးမှောင်ချပြီး သေနတ်နှင့် ပစ်တဲ့ အဲဒီ ရှစ်လေးလုံးနေ့ ညသန်းခေါင် လူသတ်ပွဲကို နိုင်ငံတော် လူသတ်မှုအဖြစ် တရားဆွဲတဲ့ အခါ ကျနော်က အမေရိကန် သံရုံးနောက်ထဲ ၀င်ပုန်းလိုက်လို့ လွတ်ခဲ့ရတဲ့ မျက်မြင်သက်သေ တဦးပါ။ သံရုံးမှာလည်း ကျနော်တို့ လာပုန်းသွားကြောင်း လုံခြုံရေးကင်မရာ မှတ်တမ်းက သက်သေခံနေမှာပါ။ ရှစ်လေးလုံး နှစ်ပါတ်လည်တိုင်းကို ကျနော်ဖြတ်သန်းရတာ အရမ်းမွန်းကြပ်ပါတယ်။ ဘယ်တော့မှ မကျေနပ်နိုင်ဘူး။ ကျဆုံးသွားတဲ့ ရဟန်းရှင် ပြည်သူများနှင့် ကျောင်းသားသူရဲကောင်းတို့ ၀ိညာဉ်တွေနှင့်အတူ နိုင်ငံတော်လူသတ်မှု အတွက် စစ်အစိုးရကို ခုံရုံးတင်ပြီး သွေးကြွေးပြန်တောင်း ပြီးမှ သူတို့ ၀ိညာဉ်တွေအတွက် အမျှဝေပါမည်။

ဒီမိုကရေစီတိုက်ပွဲ တလျှောက်တွင်ကျဆုံးသွားသော ရဟန်းရှင် ပြည်သူ ကျောင်းသားအပေါင်းတို့ရဲ့ ၀ိညာဉ်များအားဦးညွတ် အလေးပြုပါသည်။

ရဲမင်းထွန်း

ဘာမားတူဒေး
http://burmatoday.net/article2005/2010/201008/100808_ye_min_htun_8888.swf
ကျနော်ရေးထားတာကို အဖြတ်အတောက် အရေးအသားချောသွားအောင် ကိုမြင့်လှိုင်(ဘာမားတူဒေး) တည်းဖြတ်ပေးထားတာ ဖတ်ကောင်းတယ် အဲဒါကိုဖတ်ခြင်ရင် ဘားမားတူဒေးက သွားဖတ်ပါ။ ကျနော်က စာအရေးအသားမကောင်းဘူး ရေးခြင်လို့သာ ရေးနေတာ။

No comments:

Post a Comment