Wednesday, 8 August 2012

၂၄ နှစ်တာအတွင်း အကျေနပ်ဆုံး ရှစ်လေးလုံးနေ့


by Lwin Aung Soe on Wednesday, August 8, 2012 at 11:10am ·
ဒီကနေ့  ၂၄နှစ်မြောက် ငွေရတုအကြိုနေ့မှာတော့.. အစိုးရရဲ့ အသိအမှတ်ပြုခံခဲ့ရပြီး .. ၈၈၈၈ နှစ်ပါတ်လည် အခမ်းအနားကို .. လွတ်လပ်စွာ ကျင်းပခွင့်.. အမျှဝေခွင့်.. သင်္ယန်းကပ်ခွင့်.. ပေးခဲ့သလို.. (အစိုးရက) ထိုအလှူ အခမ်းအနားပွဲမှာလည်း ငွေအားဖြင့် ပါဝင် လှူဒါန်းခဲ့ပါတယ်.. (မစပယ်ဖြူ ထံမှ)

အရပ်သား အစိုးရ ဆိုတဲ့ နာမည်နဲ့ လိုက်အောင် သမ္မတ ဦးသိန်းစိန် အစိုးရက ပြည်သူလူထုအရေးမှာ ထပ်မံ ပါဝင်လာပါပြီ။ ဒီလိုလုပ်ရပ်အတွက် ကြိုဆိုလိုက်ပါတယ်။

လက်ကျန်စာရင်းရှင်းတမ်းတခု ရှိပါသေးတယ်။ အဲဒါကတော့ စစ်အာဏာရှင်တွေရဲ့ မတရားတဲ့ ဖိနှိပ်မှုတွေကို အံတုဆန့်ကျင်နိုင်မှ ဒီမိုကရေစီ ရမယ် ဆိုတဲ့ နိုင်ငံရေး ယုံကြည်မှုကြောင့် ဖမ်းဆီးအကျဉ်းချထားခံနေရသူတွေ ကျန်ရှိနေဆဲ ကိစ္စပါ။ ဒီလို နိုင်ငံရေး အကျဉ်းသားတွေကို တဦးမကျန် ဆက်လက်လွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

အစိုးရနဲ့ ပြည်သူတွေဟာ တဘက်နဲ့တဘက် နှိပ်ကွပ်ခြင်း၊ အုံတုခြင်း၊ ရန်လို မုန်းပွား အငြိုးထားတာ မရှိကြဘဲ အပြန်အလှန် အကျိုးပြုနိုင်ကြမှသာ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး တိုးတက်နိုင်မှာ ဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရကလည်း ဒါကို သဘောပေါက် လက်ခံလာသလို ပြည်သူတွေဘက်ကလည်း ကောင်းတဲ့အစိုးရကို ကောင်းသလို အပြုသဘောနဲ့ တုန့်ပြန်လာကြတာ တွေ့ရတော့ အတိုင်းမသိ ဝမ်းသာကျေနပ် အားရမိပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ အနာဂတ်မှာ မြန်မာနိုင်ငံသားတွေကို အကြီးအကျယ် စိန်ခေါ်နေတဲ့ ကိစ္စပေါင်း မြောက်မြားစွာ ရှိနေတုန်းပါ။ အပြုသဘောဘက်ကို စိတ်ဓါတ်တွေ ပြောင်းလာချိန်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ လမ်းပွင့်သွားနိုင်ပါတယ်။ အင်မတန်ကောင်းမွန်တဲ့ အခွင့်အရေးတခု ရနေပါပြီ။

မြန်မာတနိုင်ငံလုံးမှာ “အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး” သာ အမှန်တကယ် အောင်မြင်သွားရင် အခြေခံဥပဒေကို လူထုအလိုကျ ပြန်လည်ပြုပြင်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ဟာလည်း ဆက်တိုက်ဆိုသလို အောင်မြင်လာမှာ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ်ဘက်ကို နောက်ပြန်မဆုတ်နိုင်မယ့် ပွဲသိမ်းအောင်ပွဲ ပါပဲ။

၂၄ နှစ်တာအတွင်း (၈-၈-၈-၈) ရှစ်လေးလုံး အရေးတော်ပုံ လူထုလှုပ်ရှားမှု နှစ်ပတ်လည်နေ့တွေကို ဂုဏ်ပြုရာမှာ  ဒီနှစ် ၂ဝ၁၂ ရဲ့ နှစ်ပတ်လည်နေ့ကို အမြင့်ဆုံးအဆင့် အားရကျေနပ်မိပါတယ်။ အဝမ်းသာဆုံး ဖြစ်ရပါတယ်။  မျှော်လင့်ချက်တွေလည်း အကောင်းဆုံး ဖြစ်လာပါတယ်။

မြန်မာနိုင်ငံရဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းမှာ အသက်စွန့် ကျဆုံးသွားခဲ့ရသူအပေါင်း ကောင်းရာသုဂတိ ရောက်ရှိကြပါစေ။

လွင်အောင်စိုး
၈-၈-၂ဝ၁၂
.............

၂ဝဝ၃ သြဂုတ်လထုတ် Burma Journal မျက်နှာဖုံး ဖြစ်ပါတယ်။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားဖြစ်ပါတယ်။ ကျနော့်ရဲ့ Graphic design တခုပါ။

No comments:

Post a Comment