Saturday, August 25, 2012
http://www.nydailynews.com/
၂၀၁၂ သြဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းက နယူးယောက်မှာ ထုတ်လွှင့်နေတဲ့
ရုပ်သံတွေအားလုံး ကြားဖြတ်သတင်းတပုဒ်ကို အချိန်အတော်ကြာ ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီသတင်း စတင် ဖြစ်ပေါ်ချိန်မှာ ဘာ့ကြောင့် ဖြစ်တာလဲလို့ အားလုံးက
အတော့်ကို စိတ်ဝင်စားခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုက
နယူးယောက်မြို့နေ ပြည်သူတွေအတွက် အရိပ်မဲကြီးလို ကြီးစိုးနေဆဲဆိုတော့
အားလုံးအနေနဲ့ အဲဒီလို စိုးရိမ်ကြတာ ဘာမှ မဆန်းပါဘူး။
ရုပ်သံတွေ အသံလွှင့်ဌာနတွေ အချိန်အတော်ကြာ ကြားဖြတ်သတင်းအဖြစ်
ထုတ်လွှင့်ခဲ့ကြတဲ့ သတင်းကတော့ အင်ပါယာစတိတ် အဆောက်အဦအနီးက သေနတ်ပစ်မှု
ဖြစ်ပါတယ်။ အင်ပါယာစတိတ် အဆောက်အဦဟာ ကမ္ဘာလှည့်ခရီးသွားတွေ ပြည့်နှက်နေတဲ့
နေရာတခု ဖြစ်ပြီး လုံခြုံရေး တင်းကြပ်ပါတယ်။ အနီးတ၀ိုက်မှာ အရပ်ဝတ်နဲ့ရော၊
ယူနီဖောင်းနဲ့ပါ စောင့်ကြပ်နေတဲ့ ရဲတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ
အချိန်ပြည့် ရှိတတ်တဲ့နေရာပါ။ လုံခြုံရေး တင်းကြပ်ထားတဲ့ နေရာမို့လို့
မတော်တဆမှု ဖြစ်ခဲတဲ့နေရာ ဖြစ်ပါတယ်။
သြဂုတ် ၂၄ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်မှာ လူ ၂ ဦး သေဆုံးပြီး ၉ ဦး
ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးသူ ၂ ဦးအနက် တဦးကတော့ သေနတ်သမား ဂျက်ဖရီ
ဂျွန်ဆန် (Jeffrey Johnson) ဖြစ်ပြီး နောက်တဦးကတော့ ဂျက်ဖရီ
ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ စတီဗင် အာကိုလီလို (Steven Ercolino)
ဖြစ်ပါတယ်။ အသက် ၅၃ နှစ်ရှိတဲ့ ဂျက်ဖရီဟာ လွန်ခဲ့တဲ့ တနှစ်ခန့်က အလုပ်က
ထုတ်ပစ်ခံခဲ့ရသူ ဖြစ်ပြီး သူနဲ့ Hazan Imports ကုမ္ပဏီတွင် အလုပ်အတူ
လုပ်ကိုင်ခဲ့သူ စတီဗင်ကို နံနက် ၉ နာရီ ၃ မိနစ်က အမှတ် ၁၀၊ အနောက် ၃၃
လမ်းရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ၃၃ လမ်းအတိုင်း လမ်းလျှောက်လာခဲ့ပါတယ်။
ထို ဖြစ်စဉ်ကို သိတဲ့ ဆောက်လုပ်ရေးအလုပ်သမားက ဂျက်ဖရီနဲ့ အတူ
လမ်းလျှောက်လာရင်း အင်ပါယာစတိတ် အဆောက်အဦမှာ စောင့်နေတဲ့ ရဲနှစ်ဦးကို
သတင်းပို့လိုက်ပါတယ်။ ထိုအခါ ရဲနှစ်ဦးက ဂျက်ဖရီအနီး ကပ်လာစဉ် ဂျက်ဖရီက
သေနတ်ထုတ်ကာ ရဲတွေကို ပစ်လိုက်သလို ရဲတွေကလည်း ဂျက်ဖရီကို ပြန်ပြီး
ပစ်လိုက်ပါတယ်။ ထို ပစ်ခတ်မှုကြောင့် ဂျက်ဖရီ ပွဲချင်းပြီး သေဆုံးပြီး
ရဲတွေ ပစ်လိုက်တဲ့ ကျည်ဆံကြောင့် လမ်းသွားလမ်းလာ ၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထို ဒဏ်ရာများဟာ အသက်အန္တရာယ်ကို ထိခိုက်လောက်တဲ့ ဒဏ်ရာတွေ မဟုတ်ဘဲ
ညနေပိုင်းမှာ တချို့ဒဏ်ရာ ရရှိသူများ ဆေးရုံက ပြန် ဆင်းလာခဲ့ကြပါတယ်။
ထို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နယူးယောက် မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘတ်နဲ့
ရဲ အရာရှိ ရေး ကယ်လီတို့က မနက် ၁၁ နာရီကျော်တွင် သတင်းစာ ရှင်းလင်းပွဲ
ပြုလုပ်ကာ သတင်းထောက်တွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ကိုးကား
http://www.nydailynews.com
သတင်း - နယူးယောက် အင်ပါယာစတိတ် အဆောက်အဦ - Aug 25 2012 12:02 AM EST
ဘားမားတူဒေး သတင်းများ
No comments:
Post a Comment