Sunday, 26 August 2012

နိုင်ငံတော်သမ္မတက ရေလွှမ်းမိုးမှု ကြုံတွေ့နေသော ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်သောခရီးစဉ်




[By 7Day News Journal ]

နိုင်ငံတော်သမ္မတက ရေလွှမ်းမိုးမှု ကြုံတွေ့နေသော ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်သောခရီးစဉ်တွင် ရေမြုပ်နေသော လယ်မြေများ ပြန်လည်စိုက်ပျိုးရန် မျိုးစပါးတင်းပေါင်း ၈၀၉၅၈ တင်း၊ နိုင်ငံတော်က ထောက်ပံ့ငွေအဖြစ် ကျပ်သိန်း ၄၀၀၀ ကျော်နှင့် ဒုက္ခသည်များအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ကို ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်က လက်ခံယူခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီး ခုနစ်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု ဇရပ်ကွင်း အထွက်တိုး စိုက်ပျိုးရေးစခန်းတွင် သြဂုတ် ၂၄ရက်က ရေလွှမ်းမိုးနေသော မြို့နယ်ရှစ်မြို့နယ်နှင့် ကျန် ၁၈ မြို့နယ်မှ တောင်သူကိုယ်စားလှယ် စုစုပေါင်း ၆၇၆ ဦးနှင့်တွေ့ဆုံခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်း၍ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ ပန်းတနော်နှင့် ဓနုဖြူမြို့နယ်တို့တွင် ရေလွှမ်းမိုးခဲ့ပြီး ကယ်ဆယ်ရေးစခန် ၂၁၉ ခု ဖွင့်လှစ်ထားကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အထက်ပါတွေ့ဆုံပွဲတွင် မိမိတို့အနေဖြင့် ရေဘေးကြောင့် အခိုက်အတန့် ဒုက္ခရောက်နေကြရသည့် ဒေသခံပြည်သူများအား တတ်နိုင်သည့် အကူအညီများပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် မိုးများပြီး မြစ်ရေကြီးသည့်အတွက် ရေကြီးနစ်မြုပ်မှုဘေးဒဏ် ကြုံတွေ့ရင်ဆိုင်ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အတော်များများရှိကြောင်း၊ သဘာဝဘေးဟူသည် ဟန့်တား၍ မရနိုင်သည့်အတွက် တွေ့ကြုံလာရသည့်အပေါ် အကောင်းဆုံးရင်ဆိုင် ကျော်လွှားနိုင်ရန် ကြိုးပမ်းကြရမည်သာဖြစ်ကြောင်း၊ ယခု ခရီးစဉ်တွင် ရေကြီးနစ်မြုပ်ပြီး ဆုံးရှုံးသွားသည့် လယ်မြေများမှ မျိုးစပါးများ ပြန်လည်ဝယ်ယူနိုင်ရန်အတွက် လိုအပ်သည့်ငွေကြေး ကူညီထောက်ပံ့မှုများ ပေးအပ်ရန်နှင့် ရေဘေးကြောင့် အခိုက်အတန့် ဒုက္ခရောက်နေကြရသည့် ဒေသခံများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် နိုင်ငံတော်က တတ်နိုင်သမျှ ကူညီထောက်ပံ့ရန် အဓိက ရည်ရွယ်ပြီး လာရောက်ခြင်းဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ပြီး ရေပြန်ကျချိန်တွင် အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် မိမိတို့၏ အတွေ့အကြုံပေါ် မူတည်ပြီး ဒေသနှင့် ပြည်သူ အကျိုးရှိအောင် လိုက်လျောညီထွေ စီမံဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ စပါးစိုက် နောက်ကျ၍ ပဲစိုက်ရန် အချိန်မမီနိုင်ပါက အခြားဝင်ငွေရရှိရေးအတွက် နည်းလမ်းရှာကြံ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment