တရားဥပဒေဆိုတာ စာအုပ်ထဲမှာဘဲ ရှိတယ်..။
by Aung Moe Win on Wednesday, August 15, 2012 at 11:34am ·
တရားဥပဒေ
စိုးမိုးမှုကောင်စီကို ဖွဲ့လိုက်တယ် ဆိုပဲ။ ရခိုင်ပြည်နယ်အရေးအခင်းမှာ
လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ ရဲ့ ခြစားအကျင့်ပျက်မှု ကို ထိန်းချုပ်တဲ့
အနေနဲ့ ဥပဒေတခုပြဋ္ဌာန်းဖို့ အဆိုပြုတာကို လွှတ်တာက ဆက်လက်မဆွေးနွေးခဲ့တာ၊
လူမှုရေးမငြိမ်သက်မှုတွေကို လွှတ်ပေးထားပြီး စစ်တပ်ဟာ နိုင်ငံတော်အတွက်
မရှိမဖြစ် လိုအပ်နေဆဲ ဖြစ်တယ် ဆိုတဲ့ အချက် ကို မရိုးမသားကြံစည်နေခဲ့တာ၊
လွှတ်တော်ကိုယ်တိုင်က အာဏာသိမ်းခံထားရတဲ့ အနေအထားမှာ တရားဥပဒေ
စိုးမိုးမှုကောင်စီ ဆိုတာ စက္ကူကျားတခု ထက် မိုနိုင်ပါဘူးတဲ့။ ဒီ လို
အဖြစ်အပျက်တွေက ခုမှ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။
လွတ်လပ်တဲ့ အာရှအသံ ရဲ့ သြဂတ်လ (၁၄) ရက်၊ အင်္ဂါနေ့ညပိုင်း အစီအစဉ်မှာတင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။
သောတရှင်များခင်ဗျား
၁၉၉၂ ခုနှစ်တုံးက လူတွေအားလုံးကို ယူကြုံးမရခံစားစေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စာတမ်းတစောင်တခုအကြောင်း ကြားဘူးမိကြပါလိမ့်မယ်။ လက်တင်အမေရိကား စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုကို မှတ်တမ်းပြုလုပ်ခဲ့တဲ့ ဒေါက်တာမာတင် အယ်မာဒါ ရဲ့ စာစောင်တခုပဲဖြစ်ပါတယ်။ သူ့ရဲ့ အဆိုအရတော့ ချီလီ၊ ဘိုလစ်ဗီးယား၊ အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာဂွေး၊ ဥရုဂွေးနိုင်ငံတွေမှာ စစ်ခေါင်းဆောင်တွေရဲ့ အကြမ်းဖက်မှု ကြောင့် လူပေါင်း (၅) သောင်းကျော်အသတ်ခံရတယ်။ သုံးသောင်းကျော် ပျောက်ဆုံးခဲ့ရပြီး (၄) သောင်းကျော် ထောင်သွင်းအကျဉ်းချခံရတယ် လို့ဆိုပါတယ်။
“ပါရာဂွေးနိုင်ငံရဲ့ စစ်အာဏာသိမ်းခေါင်းဆောင် “စထရော့စ်နာ” ဟာ ကွန်ဒါစစ်ဆင်ရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်သလို၊ အမေရိကန်ပြည်ထောင်စု ရဲ့ ဒိုမီနီကန်ရီပတ်ပလစ်နိုင်ငံအပေါ် ကျူးကျော်မှု၊ ဗီယက်နမ်စစ်ပွဲ တွေကို ထောက်ခံကူညီခဲ့ သူလည်းဖြစ်တယ်။ သူ့နိုင်ငံမှာ ကွန်မြူနစ်နိုင်ငံတွေရဲ့ သံရုံးတွေကို နေရာမပေးခဲ့သလို၊ လက်ဝဲနိုင်ငံရေးသမား လို့ ယူဆရသူအားလုံးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်။ ဒါကြောင့်လည်း သူ့လက်ထက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ကြောက်ခမန်းလိလိ နာမည်ပျက်ခဲ့တာကြောင့်၊ အမေရိကန်သမ္မတ ဂျင်မီကာတာ ကိုယ်တိုင် ပြစ်တင်ရှုတ်ချပြီး ဝေးဝေးခွာနေခဲ့တယ်။ ၁၉၇၅ မှာတော့ ပါရာကွေး နိုင်ငံဟာ လူမျိုးစု သုတ်သင်ရှင်းလင်းမှု နဲ့ ကျွန်ဇာတ်သွင်းမှုတွေကို ကျူးလွန်နေတဲ့နိုင်ငံအဖြစ် ဝေဖန်ရှုတ်ချခြင်းခံခဲ့ရတယ်။”
အမေရိကန်ပြည်ထောင်စု ဆီက စီးပွားရေး၊ စစ်ရေးအကူအညီအရယူနိုင်ခဲ့တဲ့ ပါရာကွေးနိုင်ငံဟာ စီးပွားရေးတည်ဆောက်မှုတွေ မှာတော့ တစုံတရာအထိ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ်စစ်အာဏာသိမ်းမှုတွေကို ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ထူးခြားတာက နိုင်ငံကို ခေါင်းဆောင်တဲ့ သူတွေအားလုံးနီးပါးဟာ စထရော့စ်နာ ရဲ့ ကိုလိုရာဒိုး ပါတီ က ချည်းဖြစ်နေပါတယ်။ ၁၉၈၉ မှာ အာဏာရှင်စံနစ်ပြီးဆုံးသွားပြီး ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ကြတယ် လို့ဆိုတယ်။ စစ်ခေါင်းဆောင်ဟောင်းတွေ လက်ထက်တုံးက ရေးဆွဲခဲ့တဲ့ ဥပဒေတချို့ကို ပြင်ဆင်ပေးခဲ့တာမှန်ပေမဲ့ ပါရာကွေးနိုင်ငံရေးကို အဓိက ကြိုးကိုင်နေသူတွေဟာ အာဏာရှင်ဟောင်းတွေ နဲ့ သူတို့ရဲ့ အမာခံနိုင်ငံရေးသမားတွေသာ ဖြစ်နေခဲ့တယ်။ တကယ်တော့ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ ယူနီဖောင်းတွေကိုချွတ်ခဲ့ပေမဲ့ သူတို့ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေသစ်နဲ့အတူ နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုဆက်သွယ်ရေးကွန်ယက်တွေကို လွှမ်းမိုးခြယ်လှယ်ထားပြီး နိုင်ငံရေး အစီအစဉ်သစ်တရပ်ကို ပြန်လည် အသက်သွင်းခဲ့တာဖြစ်တယ်။ ပါရာကွေး ပါလီမန်ဟာ အာဏာရှင်ဟောင်းတွေရဲ့ ပါလီမန်အာဏာသိမ်းမှုကို အကြီးအကျယ်ခံလိုက်ရတယ်။
တကယ်တော့ ၁၉၉၂ မှာ အခြေခံဥပဒေသစ်ကို ရေးဆွဲခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီ အခြေခံဥပဒေဟာ ပါရာကွေးနိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားထက် စစ်အစိုးရနဲ့ နီးစပ်တဲ့ အခွင့်ထူးခံလူတန်းစားတွေရဲ့ အကျိုးအမြတ်ကိုသာ အခွင့်အရေးပေးထားခဲ့ပါတယ်။ နိုင်ငံရပ်ခြားကုမ္မဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တိုင်းပြည်တိုးတက်မှုကို ဦးတည်လိမ့်မယ် ဆိုတဲ့ မက်လုံးတွေနဲ့အတူ လယ်သမားတွေရဲ့ လယ်ယာမြေတွေ ကို မြို့ပြဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ခေါင်းစဉ်အောက်မှာ မတရားသိမ်းယူခဲ့ကြတယ်။ လက်ရှိ သမ္မတ ဖရန်ကို ကိုယ်တိုင်က လယ်သမားမငြိမ်သက်မှုတွေ၊ ပါရာကွေးပြည်သူတွေရဲ့ အကြပ်အတည်းတွေကို စိတ်မဝင်စားဘူး။ သူလုပ်နေတဲ့အလုပ်က စီးပွားရေးသမားကြီးတွေနဲ့တွေ့မယ်။ အနှစ် (၂၀) အတွင်းမှာ ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံတခုတည်ဆောက်မယ် ဆိုတဲ့ အိပ်မက်တွေနဲ့ နေထိုင်နေတော့ ပြည်သူတွေရဲ့ အော်ဟစ်ညီးတွားသံကို ဘယ်မှာကြားပါ့မလဲ။
ပါရာကွေးပြည်သူတွေက ၂၀၁၃ မှာ ကျင်းပမဲ့ သမ္မတ ရွေးကောက်ပွဲတွေကို အယုံအကြည်မရှိကြပါဘူး။ သမ္မတသစ်ကို ရွေးကောက်တာထက် ပါရာကွေးနိုင်ငံရဲ့ အရေးကြီးဆုံး အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲကြရလိမ့်မယ် လို့ ဆိုကြပါတယ်။
ခြစားအကျင့်ပျက်မှုတွေက အရင်ထက်ဆိုးတယ်လေ။ ဆင်းရဲမွဲတေမှု နှုန်းကလည်း ၅၇ ရာခိုင်နှုန်းအထက်မှာရှိနေဆဲပဲ။ အတိုက်အခံနိုင်ငံရေးသမားတွေကလည်း ရွေးကောက်ပွဲမတိုင်ခင်ကတော့ နိုင်ငံအတွက် အရေးကြီးတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲပစ်ရမယ် လို့ ဆိုခဲ့ကြတယ်။ ဒါပေမဲ့ ပါလီမန်ထဲလည်း ရောက်သွားရော၊ အရင်တုံးက အာဏာရှင်ဟောင်းတွေ ရဲ့ ဆက်နွယ်နေတဲ့ နိုင်ငံရေးသမားတွေကြားမှာ သူတို့ရဲ့ စိတ်ကူးတွေ တိုးမပေါက်ခဲ့တော့ဘူး။ ပါရာကွေးရဲ့ ပါလီမန်ဟာ အာဏာသိမ်းခံရတဲ့ ပါလီမန်တခုလေဗျာ။ အဲ့ဒီ ပါလီမန်ကို ဘယ်လိုပြန်ပြင်နိုင်မလဲ ဆိုတဲ့အချက်က စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်နေတယ်။
မိုးရွာရွာ နေပူပူ ပြည်သူတွေရဲ့ဘဝတွေက မထူးတော့တဲ့အခါမှာတော့ ပါရာကွေးလယ်သမားတွေ နဲ့ ပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်အတွက် သတ္တိရှိရှိရင်ဆိုင်လိုက်ကြပါတော့တယ်။ ကြာသာပတေးနေ့တိုင်း သက်ဆိုင်ရာ အစိုးရရုံးတွေရှေ့မှာ သွားပြီး သူတို့ရဲ့ နစ်နာမှုတွေ၊ အစိုးရအရာရှိတွေရဲ့ ခြစားအကျင့်ပျက်မှုတွေ၊ တရားဥပဒေစိုးမိုးမှုမရှိတဲ့သူတို့နိုင်ငံအကြောင်းကို ပြောဆိုပြီး ဆန္ဒပြကြပါတယ်။
“ပါရာကွေးနိုင်ငံရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးကာလ အဖြစ်လူသိများကြတယ်။ ပြည်ပကို ထွက်ခွာသွားကြတဲ့ သူတွေကလည်း ဖရန်ကိုရဲ့ ပါလီမန်အာဏာသိမ်းပိုက်မှု ကို ဆန့်ကျင်ရှုတ်ချကြသလို၊ ပြည်တွင်းမှာ ရှိတဲ့ ပြည်သူတွေကလည်း ပါလီမန်မှာ ရောက်နေတဲ့ နိုင်ငံရေးသမားတွေကို ရွေးကောက်ပွဲတုံးက ခင်ဗျားတို့ ပေးအပ်ခဲ့တဲ့ အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေးဆွဲရေး ကတိစကားတွေကို ဘယ်တော့ အကောင်အထည်ဖေါ် လုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းတွေကို ထုတ်ကြတယ်။ အတိုက်အခံနိုင်ငံရေးပါတီတွေဟာ လွှတ်တော်ထဲမှာ ပေးအပ်ခဲ့တဲ့ ကတိတွေကို မေ့လျော့နေမှာတော့ လူတိုင်းဟာ မိမိဘာသာ ရုန်းကန်တိုက်ပွဲဝင်ကြရတော့မယ် ဆိုတာ သဘောပေါက်လိုက်ကြတယ်။ တကယ်တော့ အခုလှုပ်ရှားမှုက စုပေါင်းဦးဆောင်မှုဖြစ်တယ်။”
သောတရှင်များခင်ဗျား
ပါရာကွေးနိုင်ငံရဲ့ လတ်ဆတ်အားကောင်းတဲ့ နိုင်ငံရေးရာသီဥတု ကို ပါလီမန်ထဲက အတိုက်အခံနိုင်ငံရေးသမားတွေက မဖန်တီးနိုင်ကြတဲ့အခါမှာတော့ ပြည်သူတွေဟာ သူတို့ဘာသာစုပေါင်းဦးဆောင်တဲ့ လှုပ်ရှားမှုတခုကို ဖန်တီးလိုက်ကြပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာလည်း လယ်မြေသိမ်းပိုက်မှု၊ လူမှုရေးမငြိမ်သက်မှုတွေကို အတောမသတ်ကြားနေရပါတယ်။ အစိုးရရဲ့ လွှတ်တော်အသစ်ကလည်း တရားဥပဒေစိုးမိုးမှု ကောင်စီကို ဖွဲ့ပြီး တိုင်းပြည်တည်ငြိမ်မှုကို ပြုလုပ်မယ် လို့ဆိုပါတယ်။ ဒါပေမဲ့ ပါလီမန်ကို အာဏာသိမ်းပိုက်ထားတဲ့နိုင်ငံတခုမှာ တရားဥပဒေစိုးမိုးမှုဆိုတာ ရှိနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတခုက လူတိုင်းဆီကို ရိုက်ခပ်နေပါတယ်။ သောတရှင်မြန်မာပြည်သူတွေလည်း နည်းပေါင်းစုံ အာဏာသိမ်းခံနေရတဲ့ အခြေအနေတွေမှ ရုန်းထွက်လွတ်မြောက်နိုင်ကြပါစေ။

No comments:
Post a Comment