Friday, 17 August 2012

မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်း..ထင်မြင်ချက်

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းတဲ့
“လွှတ်တော်အသီးသီးက ဖွဲ့စည်းထားတဲ့ ကော်မရှင်၊ ကော်မတီများအား ပြည်ထောင်စုအဆင့်အဖြစ် ထည့်သွင်းအဓိပ္ပါယ်ဖော်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့ ကိုက်ညီမှု ရှိမရှိ အနက်အဓီပ္ပါယ်ဖွင့်ဆိုပေးရန် ... ”

တင်ပြချက်ကို ၂၀၁၂ ခုနှစ် မတ်လ (၂၈) ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီနေ့ သတင်းစာ

(၁၆-၈-၂၀၁၂) မှာ အပြည့်အစုံ ပါဝင်လာပါတယ်..။

ဆုံးဖြတ်ချက်က အားလုံ သိတဲ့အတိုင်းပါပဲ..။

“လွှတ်တော်အသီးသီးက ဖွဲ့စည်းထားတဲ့ ကော်မရှင်၊ ကော်မတီများအား ပြည်ထောင်စုအဆင့်အဖြစ် ထည့်သွင်းအဓိပ္ပါယ်ဖော်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့ ညီညွတ်ခြင်း မရှိကြောင်း”

ဖြစ်စဉ်က သမ္မတညွှန်ကြားမှုနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိကြောင်း ဖော်ပြရာက စတာပါ။ နောက်ပိုင်း လွှတ်တော်က လိုအပ်ချက်အတွက် အခါအားလျော်စွာ ဖွဲ့စည်းထားတဲ့ ကော်မတီတွေ ကော်မရှင်တွေအားလုံးဟာလည်း အခြေခံဥပဒေနဲ့ အကြုံးမ၀င်ပါဘူးလို့ ဆုံးဖြတ်ထားပါတယ်။

အဲဒါကြောင့် ဒီလိုဆုံးဖြတ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို သိက္ခာရှိရှိနဲ့ ရာထူးမှနှုတ်ထွက်ဖို့ သမ္မတက တစ်ဆင့်တောင်းဆိုဖို့ လွှတ်တော်အမတ် (၃၀၁) ဦးက ကြိုးစားနေကြခြင်းပါ.။

သူတို့ဘာ့ကြောင့်တောင်းဆိုခဲ့သလဲစဉ်းစားရင် လုပ်ရကိုင်ရ ခက်လာလို့ပါ လို့ ယူဆလို့ရပါတယ်။ လွှတ်တော်က လိုအပ်ချက်အရ ကော်မတီတွေ၊ ကော်မရှင်တွေ ဖွဲ့စည်းထားသလို သမ္မတ ညွှန်ကြားချက်နဲ့ ဖွဲ့စည်းထားတဲ့ ကော်မရှင်ဟာလည်း ရှိပါတယ်။
အဲဒီတော့ လွှတ်တော်အမတ်တွေလုပ်ရကိုင်ရ ခက်လာပါတယ်..။ သမ္မတက ဖွဲ့စည်းတဲ့ ကော်မရှင်နဲ့ လွှတ်တော်အမတ်တွေ ပါဝင်တဲ့ ကော်မတီတွေ (ဥပမာ လူ့အခွင့်အရေးကော်မရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ကော်မတီ) တို့က နိုင်ငံတိုးတက်ဖို့ တကယ်စေတနာထား လုပ်မယ်ဆိုရင်တောင် အဲဒီ ဥပဒေခုံရုံးအဖွဲ့ကြီးကဆုံးဖြတ်ချက်အရ ပြည်ထောင်စုအဆင့် မဟုတ်တဲ့အတွက် ကြိုးစားသမျှ အရာမထင်နိုင်ပါဘူး။ ပြည်ထောင်စုအဆင့်မှ သက်ဆိုင်ရာ ၀န်ကြီးအဆင့်ဆင့်က အလေးတယူပြု လေးစားအသိအမှတ်ပြုကြမှာပါ..။

လေ့လာမိသလောက်က အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ အတိအကျ ဆုံးဖြတ်ရမယ့် ခုံရုံးပါ..။ အမျိုးသားညီလာခံမှာ ၁၅ နှစ်လောက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတာကြီးဟာ မည်မျှပင်အားနည်းချက်များပင်ရှိပါစေ၊ လိုအပ်နေပါစေ လွှတ်တော်မှာ အမတ်ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်းက ပြုပြင်ဖို့မကြိုးစားသရွေ့ ဒီဥပဒေအတိုင်း ဒီဥပဒေနဲ့ ညီမညီ တသွေမတိမ်း စီရင်ဆုံးဖြတ်ရတဲ့ အဖွဲ့အစည်းပါ။

လွှတ်တော်အမတ်တွေ တောင်းဆိုလို့ စွပ်စွဲလို့၊ သိက္ခာအရ ခုံးရုံးအဖွဲ့နှုတ်ထွက်သွားပါစေဦး သူတို့ကဲ့သို့ ဥပဒေနဲ့အညီ ဆုံးဖြတ်မယ့် အခြားသူတွေ ရောက်လာဦးမှာပါပဲ..။

အခု ရက်ပိုင်းတွေမှာ လွှတ်တော် ဥက္ကဌတွေနဲ့ အမတ်များ ခမျာမှာ ကိုယ်လုပ်ချင်တဲ့ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်တဲ့နေရာမှာ အခြေခံဥပဒေထဲက ပုဒ်မတစ်ခုခုက ကန့်လန့်ကန့်လန့် ဖြစ်နေတာ သိသာထင်ရှားလာတဲ့အဖြစ်တွေဖြစ်လာတာ တစ်ခုမကပါ။ NLD ရဲ့ ပိုင်ဆိုင်မှုတင်သွင်းခြင်း အဆို ကန့်ကွက်ခံရတာ၊ လယ်ယာသိမ်းမှုမှာ ဥပဒေကြောင်းအရ တရားဝင်ဆောင်ရွက်ချက်မို့လို့ ပြန်မပေးနိုင်ကြောင်း ဒေါက်တာခင်ရွှေပြောခဲ့တာတွေက လည်း သက်သေတွေပါပဲ။

အခုနောက်ဆုံး ပြည်ထောင်စုလွှတ်တော်က လယ်သမားအခွင့်အရေးအတွက် ဖွဲ့စည်းခဲ့တဲ့ လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်ကကော အခြေခံ ဥပဒေနဲ့ တရားမ၀င်ဘူးဆိုတဲ့ သဘော သက်ရောက်နေပါတယ်..။

အဲဒီတော့ လွှတ်တော်ဥက္ကဌနဲ့ အမတ်တွေ ဘာလုပ်ကြမလဲ..။ ဒီအခြေခံဥပဒေကြီးကို ကျမ်းသစ္စာကျိန်ဆိုပြီး ဒီအတိုင်းထားမှာလား..။ အားနည်းချက်တွေကို ပြင်ဆင်ကြမှာလား..။ လမ်းက .. တဖြေးဖြေးနဲ့ အဲဒီဘက်ကို ရောက်လာပါတယ် လို့ သုံးသပ်ရင်း……။

ပညာရှိတို့ရဲ့ အတွေးဟာ … ပြေးကြည့်တာထက် မှန်တယ်ဆိုတာ…… အခုမှ သိလာကြပြီလား..ဗျာ..။

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပြီးရင်း လေးစားရင်းပါပဲ..။
 
yan aung

No comments:

Post a Comment