Sunday 3 November 2013

ဦးသိန်းစိန် သေဆုံး သွားရတာ ဆင်ဖြူတော်ကြောင့်မဟုတ်


ဆင်ဖြူ နင်းလို့ ဆင်ထိန်းတဦး ဖြစ်တဲ့ ဦးသိန်းစိန် သေဆုံးသွားတဲ့ သတင်းက မနေ့က အတော် စိတ်ဝင်စား စရာဖြစ်ခဲ့တယ်။ ဒီအဖြစ်အပျက်ကို ပြန်တွေးတော့ အတော် စိတ်မကောင်းစရာ ဆင်ဖြူနဲ့ သေဆုံးသူ အကြောင်းတွေးမိတယ်။ 



ဆင်ဖြူဆိုတာ မြန်မာတွေတင်မက အရှေ့တိုင်းသားတွေက ရတနာတပါးလို အမြတ်တနိုးထားကြတယ်။ ဒါပေမယ့် တကယ်တော့ ဆင်ဟာ ဆင်ပါဘဲ။ 

လူတွေက ဆင်ဖြူတွေကို တိရိစ္ဆာန်ပင် ဖြစ်လင့်ကစား လက်အုပ်ကလေး ချီပြီး ကန်တော့ကြတယ်။ လူတိုင်း တော့မဟုတ်ပေမယ့် လူတော်တော်များများ အဲဒီလို လုပ်တယ်။ 

အဲဒီအချိန်က ဆင်ဖြူဟာ ဆင်ဦးစီးထက်ကို အစိုးရ အကြီးအကဲကြီးတွေက မျက်နှာသာပေးခဲ့ပြီး သူ့ရာရှင်( စားသောက်ဖို့ စာရိတ်) က လူမိသားစု တစု အသက်ရှင်ရပ်တည်လို့ရတယ်။  

ဒါပေမယ့် ဆင်ဦးစီးကတော့ ဆင်းရဲမြဲ ဆင်းရဲ၊ ဆင်ထိန်းဘ၀က မကျွတ်ပဲ ဒီအတိုင်း ၁၂ နှစ်လောက် နေ လာခဲ့ပြီး အဲဒီ ဆင်ဖြူ အစွယ်နဲ့ ထိုးလိုက်ရာက သေဆုံးသွားရတယ်။ 

ဆင်ဖြူက ဘာကြောင့် ဦးသိန်းစိန် ဆိုတဲ့ (တခြား ဆင်ဖြူရဲ့ ဆင်ထိန်း ) ဆင်ထိန်းကို တိုက်ခိုက်ရသလဲဆို 
တော့ မုန်ယို စိတ်ရိုင်းဝင်လို့ပေါ့။ ဒါက ရှင်းပါတယ်။ 

ဘာကြောင့် စိတ်ရိုင်းဝင်သလဲ။ သူ့ကို ခြေတွေ၊ ကိုယ်တွေမှာ အမြဲ တုတ်နှောင်ထားလို့ပါ။ ထူးတွေ ခတ်၊ ကြိုးတွေဆွဲထားတော့ သူလည်း သတ္တဝါလေ၊ သိပ်ကျဉ်းကြပ်လာတဲ့အခါ စိတ်ဆိုတဲ့ အမျိုးက ထွက်ပေါက် ရှာတတ်စမြဲ။ 

လူတွေလည်း ဖြစ်တတ်တယ်။ သတ္တဝါတိုင်းဖြစ်တတ်ကြတာ ဓမ္မတာ၊ ဒီ ဓမ္မတာကို ဖြစ်စေခဲ့တဲ့ သူတွေက အမိန့်ပေး စေခိုင်းတတ်လေ့ရှိတဲ့ လူ့ အကြံအိုက်ကြီးများပါဘဲ။ 

ပြောရရင် တိရိစ္ဆာန်ဗေဒကိုလည်း နားမလည်၊ ကိုယ်ပိုင်စွမ်းအား နည်းလွန်းလေတော့ တပါးသူကို အားကိုး ရင်း မှားယွင်းတဲ့ အယူတွေ သည်းကုန်တော့တာဘဲ။

ဒီအယူသည်းမှုတွေကို အစိုးရ ခေါင်းဆောင်တွေမှာ ရှိနေတော့ တိုင်းပြည်မှာလည်း သာသနာ မှေးမှိန်၊ အယူတွေလွဲ၊ လမ်းလွဲလိုက်ကြရင်း သေသူသေ၊ ဘဝပျက်သူပျက်နဲ့ တိုင်းပြည်လည်း သူများ နောက် နှစ် ၆၀ လောက် နောက်ကျနေရစ်ခဲ့တယ်။ 

ဆင်ထိန်း ဦးသိန်းစိန် သေဆုံးခြင်းဟာ တကယ်တော့ ဆင်ဖြူကြောင့် မဟုတ်ပဲ မိုက်မဲတဲ့ ဥာဏ်ပညာ မဲ့ခြင်း တို့ရဲ့  လက်ချက်ပါ။ 

MM Play Boys

No comments:

Post a Comment