Saturday, 12 October 2013

အာဏာရှင် အန္တရာယ်





အာဏာရှိသူတွေသည် အာဏာကိုစွန့်လွှတ်ရမည်ကို အလွန် ကြောက်တတ်ကြပါသည်။ ပြည်သူတွေ ဒုက္ခရောက်မည်ကို စိုးရိမ်၍ မဟုတ်၊ သူတို့အတွက်ဖြစ်သည်။ အာဏာအတွက်ဆိုလျှင် တစ်ပြည်လုံးကို သတ်ဖြတ်ရမည်ကိုလည်း ဝန်မလေး၊ အာဏာအတွက် ဥာဏ်နီ ဥာဏ်နက်များလည်း သူတို့ဦးနှောက်ထဲက ကောင်းကောင်းကြီးထွက် လာသည်။ အဘယ်ကြောင့်ဆိုသော် အာဏာသည်သာ သူတို့အသက် သူတို့ဘဝ၊ သူတို့၏စည်းစိမ်ချမ်းသာ မဟုတ်ပါလော။

ရာဇဝင်ခေတ်ကလည်း အာဏာသည် တစ်ဦးတစ်ယောက်၏ လက်ထဲမှာ သာရှိသည့်အတွက် ထိုအာဏာရှင်သည် မည်မျှပင် တိုင်းပြည်အတွက် လုပ်နေသည်ဖြစ်စေ၊ သူ့အာဏာကို ထိပါးမည်ဆိုလျှင် သားကိုလည်းကောင်း၊ မယားကိုလည်းကောင်း၊ ဖခင်ကိုလည်းကောင်း၊ ညီအစ်ကိုအရင်းကိုလည်းကောင်း သတ်ဖြတ်ခဲ့သည်မှာ တုန်လှုပ်ဖွယ်ပင်ဖြစ်ပါသည်။ ရာဇာဓိရာဇ်က သူ့သားအရင်း ဘောလောကျန်းဒေါကို သတ်ပစ်ခဲ့သည်ကိုလည်းကောင်း၊ နန်းမတော်မမြကလေး အသတ်ခံခဲ့ရသည်ကိုလည်းကောင်း၊ အနောက်ဘက်လွန်မင်းကို သူ့ သားသတ် ပစ်ခဲ့သည်ကိုလည်းကောင်း၊ ကုန်းဘောင်ခေတ်က ဘုမသိ၊ ဘမသိ စကြာမင်းသားလေးကို အပြစ်မရှိဘဲရေချကွပ်မျက်ခဲ့သည်ကိုလည်းကောင်း၊ ပုဂံခေတ်နောက်ဆုံးမင်း နရသီဟပတေ့ကို သူ့သား အ ရင်းသတ်ခဲ့သည်ကိုလည်းကောင်း၊ မြန်မာဘုရင် နောက်ဆုံးမင်း သီပေါ နန်းတက်စက မင်းညီမင်းသားများအပြစ်မဲ့စွာ သတ်ဖြတ်ခံခဲ့ရသည်ကိုလည်းကောင်း၊ ရာဇဝင်ကိုဖတ်လျှင် တုန်လှုပ်ချောက်ချားဖွယ် တွေ့မြင်ကြရပါမည်။
ရာဇဝင်သာမက ဗုဒ္ဓဝင်ကိုဖတ်လျှင်လည်း ဤအဖြစ်မျိုးတွေ့ကြရပါမည်။ အဇာတသတ်က သူ့ဘခင်ကို လုပ်ကြံ ထောင်သွင်းအကျဉ်းချပြီး သတ်ခဲ့သည်မှာလည်း အာဏာအတွက်ပင်မဟုတ်ပါလား။
ရာဇဝင်ခေတ်သာ မဟုတ် ယနေ့လက်ရှိ အာဏာရှင်စနစ်အောက်မှာလည်း အာဏာရှင်များသတ်ဖြတ်ခဲ့၍ အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်များက တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
ဂဠုန်ဦးစော သည်ပင်လျှင် အာဏာလိုချင်လွန်း၍ အာဏာရူးရူးကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းပြည်ကောင်းကျိုး ကြိုးပမ်းဆောင်ရွက်နေကြသော ပြည်သူ့ခေါင်းဆောင်အာဇာနည်များကို သတ်ဖြတ်ခဲ့သည် မဟုတ်ပါလော။

ယခုလက်ရှိ နိုင်ငံရေးရာ အဖြစ်အပျက်များကိုပဲကြည့်ပါ။ အီရတ်က ဆက်ဒမ်ဟူစိန်၊ လစ်ဗျားက ဂဒါဖီ၊ အီဂျစ်က မူဘာရက် ယခုလက်ရှိဆီးရီးယားက အာဆတ်တို့ အာဏာကြောင့်ဒုက္ခရောက်ကြရသည်။ လက်ရှိ လောလောလတ်လတ် ကမ္ဘောဒီးယားက ဟွန်ဆန်လည်း ပြဿနာရှိနေပြီ။
ကမ္ဘာ့သမိုင်းမှာတော့ ထင်ရှားကျော်ကြားပြီး အထင်ကရ ပြောစမှတ်ပြုရသည့် အာဏာစွန့်သူ စစ်ဘုရင်အသောက ကတော့ အာဏာရှင် များ၏အကြားတွင် အလွန်ထူးခြားလှပါသည်။ ကလိင်္ဂတိုင်းကို အောင်နိုင်လိုက်သည့်အချိန်မှာ သူသံဝေဂရသွားသည်။ လူသေများ၊ မသေမရှင်များ၊ နိုင်ငံအပျက်အစီးများ၊ ငိုယိုပူဆွေးနေကြသူများ . . . ကလိင်္ဂကို သူရပြီ။ သို့သော် ဘယ်မှာလဲ အကျိုးအမြတ်၊ အားလုံးမီးလောင်ပြင်နှင့် လူသေအလောင်းများကိုသာ သူရလိုက်သည်။ ထိုအချိန်ကစ၍ စစ်ကို သူစွန့်လွှတ်လိုက်သည်။ အာဏာဟူသမျှကို စွန့်လွှတ်လိုက်သည်။ သူ့ရှိ သမျှကိုလှူဒါန်းသည်။ လူမှုအကျိုးစီးပွားအားလုံးကို သူလုပ်ဆောင်သည်။ ကမ္ဘာ့သမိုင်းမှာတော့ သူ၏အကြီးအကျယ်အောင်မြင်မှု၊ စစ်နိုင်မှုတို့ကို စွန့်လွှတ်ကျောခိုင်းခဲ့သည့် အသောကမင်းကြီးလောက် ထူးခြားသော မင်းမရှိဟုဆိုရမည် . . .။

တကယ်တော့ ဘယ်ဘာသာကမဆို လူကိုတန်ဖိုးထားလေးစားရမည်၊ ဘယ်သူ့ကို ဘယ်သူကမျှ မထီလေးစားမပြုအပ်၊ အကြောင်းမဲ့ သက်သက် မသတ်ဖြတ်အပ်ဟု အထင်အရှားဟောကြားခဲ့ကြသည်။
ခရစ်ယာန်ဘာသာအရ ဘုရားသခင်သည် လူကိုမိမိ၏ ပုံသဏ္ဌာန် တော်အတိုင်းဖန်ဆင်းတော်မူသည်။ ထို့ကြောင့်လူတို့သည် ဘုရားသခင် ၏ သားတော်သမီးတော်များဖြစ်သည်ဟုဆိုသည်။

အစ္စလာမ်ဘာသာအရ အာလ္လာ အရှင်သည် ပထမနတ်များကို ဖန်ဆင်းတော်မူသည်။ ထို့နောက်လူများကို ဖန်ဆင်းတော်မူသည်။ လူတို့ ကိုဖန်ဆင်းတော်မူပြီးနောက် နတ်များကို အာလ္လာအရှင်က လူ့ပြည်သို့ ခေါ်လာသည်။ လူတို့အားရှိခိုးခိုင်းသည်။ အီဗလစ်အမည်ရှိ နတ်တစ်ပါးက လူများကို ရှိခိုးဖို့ငြင်းဆန်သဖြင့် အာလ္လာ အရှင်၏ အမိန့်ကို မနာခံသောကြောင့် အာလ္လာက စေတန်(ရှိုက်တန်) မာန်နတ်ဖြစ်စေဟု အမိန့် တော်ချမှတ်လိုက်သည်။

ဟိန္ဒူကမူဆွာမိဝိကေနန္ဒက “ဘုရားဆိုသည်မှာ လူတို့၏ဝိညာဉ်အစုအပေါင်းဖြစ်သည်”ဟုဆိုသည်။ ထို့ကြောင့် လူကိုအလေးအ မြတ်ထားခြင်းသည်ပင် ဘုရားရှိခိုးခြင်းမည်ပါသည်။

ဗုဒ္ဓဘာသာကမူ လူ့အဖြစ်သည်ရခဲလှသည်။ နတ်အဖြစ်၊ ဗြဟ္မာ အဖြစ်တို့ထက်မြတ်သည်။ နတ်တို့ ဗြဟ္မာတို့ဖြစ်လျှင် ဘုရားမဖြစ်နိုင်၊ လူဖြစ်မှသာလျှင် ဘုရားဖြစ်နိုင်သည်။
ဤသို့ ဘာသာပေါင်းစုံကိုကြည့်လျှင် လူကိုတန်ဖိုးထားလေး စားရမည်ဆိုသော သဘောတရားမှာ အားလုံးညီညွတ်ကြပါသည်။

အာဏာရှင် ဝါဒသမားများကတော့ မယုံကြည်ကြပါ။ လူထဲတွင် မိမိတစ်ဦးတည်းကသာ ပို၍မြတ်သည်။ မိမိမှတပါးကျန်လူများသည် မိမိ၏ကျေးကျွန်များ ဖြစ်သည်။ မိမိတို့ခိုင်းစေသမျှ လုပ်ရမည်။ မိမိတို့ အမိန့်ဩဇာပေးသမျှကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အားလုံးက နာခံရမည်။ မိမိတို့မကြိုက်မနှစ်သက်လျှင် ထိုသူကို အပြစ်အမျိုးမျိုး ပေး၍ သတ်ဖြတ်ညှဉ်းဆဲနိုင်သည်ဟု သဘောထားကြသည်။
ဤသည်မှာ အာဏာရှင်ဝါဒဖြစ်သည်။ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းတွင် လူကိုဘုရားသခင်က တန်းတူ ဖန်ဆင်းခဲ့သည်။ လူတိုင်းမှာ ပိုင်ရေးပိုင်ခွင့်ရှိသည်။ ထိုပိုင်ရေးပိုင်ခွင့်တွင် အသက်ရှင်နေထိုင် ခွင့်လည်းပါသည်။ အသက်ရှင်နေထိုင်ခွင့်ဆိုသည်မှာ လွတ်လပ်စွာ နေနိုင်ခွင့်နှင့် အကျိုးစီးပွားရှာပိုင်ခွင့်ရှိသည်။ ထို့ကြောင့် လူကို အရမ်းမသတ် ရပါ။

ယနေ့ ကမ္ဘာမှာ သက်ဦးဆံပိုင် ဘုရင်ခေတ်၊ အာဏာရှင်ခေတ်တို့မှာ ခေတ်ဟောင်း၏ အမွေအနှစ်ဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်သို့ တစ်စတစ်စပြောင်းလဲလာရသည်။ တစ်ချိန်ကလည်း လူတို့သည် ဒီမိုကရေစီဟူသော လူအများ၏ သဘောဆန္ဒနှင့်အညီ လူအများ၏ အကျိုးစီးပွားအတွက် စုပေါင်းအုပ်ချုပ်နေထိုင်ခဲ့ကြသည်။ နှစ်ပေါင်း ၂၅၀ဝ က အေသင်နိုင်ငံသည် ဒီမိုကရေစီစနစ်နှင့်နေထိုင်ခဲ့သည်။ အိန္ဒိယမှာလည်း ဘုရားရှင်လက်ထက်က လစ္စဝီမင်းများလက်ထက် ဒီမိုကရေစီနိုင်ငံများ ပေါ်ပေါက်ခဲ့ပါသည်။
လူ့လောကသည် တစ်စတစ်စ တိုးတက်လာသည်ဟု ယုံကြည်လျှင် အာဏာရှင်စနစ်ဟောင်းမှသည် ဒီမိုကရေစီ စနစ်ကောင်းသို့ ပြောင်းလဲလာရမည်မှာ အမှန်ပင်ဖြစ်သည်။

ဒီမိုကရေစီစနစ်သည် အားလုံးကို ကိုယ်စားပြုသည်။ ပြည်သူလူထုက အမှန်တကယ် ရွေးကောက်တင်မြှောက်သူသာ သမ္မတတို့ ဝန်ကြီးချုပ်တို့ လုပ်ရမည်။ ထို သမ္မတ၊ ဝန်ကြီးချုပ်တို့မှာလည်း တစ်သက်လုံးမသေမချင်း ဤရာထူးကို ယူမထားရ၊ ၄ နှစ်တစ်ကြိမ်ရွေးကောက်ရသည်။ အလွန်အကျွံ သမ္မတ သက်တမ်း ၂ ကြိမ်သာနေရမည်။ ထို့ကြောင့် မည်သူမျှ အာဏာရှင်အဖြစ် ခြေကုပ်ယူကာ တစ်သက်လုံးမအုပ်ချုပ်ရပါ။
အာဏာသည် အလွန်ကြောက်စရာ ကောင်းသော အန္တရာယ်ပင် ဖြစ်ပါသည်။ စစ်ဘုရင်နပိုလီယံသည်လည်းကောင်း၊ ကမ္ဘာကြီးတစ်ခု လုံးသူ့လက်အောက်ကျရမည်ဟူသော စစ်အာဏာရှင် ဟစ်တလာသည်လည်းကောင်း၊ ဖက်ဆစ်မူဆိုလိုနီသည်လည်းကောင်း၊ သူတို့ဘဝကို မည်သို့နိဂုံးချုပ်ခဲ့ရသည်ကိုကြည့်လျှင် အာဏာ၏ ကြောက်မက်ဖွယ်ရာ ကိုသိမြင်နိုင်ပါသည်။ အာဏာသည် တစ်ဦးတစ်ယောက်တစ်ဖွဲ့၏ လက် ထဲမှာရှိနေသရွေ့ ထိုအာဏာသည် အာဏာရှင်အတွက်လည်းကောင်း၊ အာဏာရှင်၏ အုပ်ချုပ်ခံပြည်များအတွက်လည်းကောင်း အကြီးအကျယ် အန္တရာယ်ပင် ဖြစ်ပါသည်။

ထိုအန္တရာယ်ကို ဖယ်ရှားရန်မှာ အနာခံမှ အသာစံရသည်ဟူသော အရိုးခံစကားလုံးနှင့်သာ ပြောရမည်ဖြစ်ပါသည်။
ထိုအန္တရာယ်ကို ဖယ်ရှားရန်မှာ အုပ်ချုပ်ခံလူတန်းစားတစ်ရပ်လုံး၏ တာဝန်လည်းဖြစ်သလို အန္တရာယ်ရှိသောအာဏာကို ပိုင်ဆိုင်နေ သူများကလည်း ထိုအန္တရာယ်ကို အမြဲအစဉ် ဖက်ပွေ့မထားရန် အရေးကြီးပါသည်။ ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုသော ပြည်သူ့ဒီမိုကရေစီစနစ်သို့ မပြောင်းလဲမချင်းအာဏာသည် အန္တရာယ်တစ်ရပ်ပင် ဖြစ်နေပါလိမ့်မည်။

တင်တင်ဦး
စောင့်ကြည့်ဂျာနယ် အတွဲ(၈) အမှတ်(၁၈)

No comments:

Post a Comment