Thursday 10 October 2013

မိတ်ဆွေစစ်

မိတ်ဆွေစစ်
(Eternal Light Magazine, Volume 3 No.1, 2013 March)

(ထပ်ဆင့်မျှဝေပေးခြင်းအတွက် "မေတ္တာရိပ်" မှ ကျေးဇူးအထူးတင်ရှိပါတယ်။)
-------------------------------------------------------

လောကဓံ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ ရနိုင်တဲ့ အကျိုးကျေးဇူးတွေဟာ တကယ့်ကို များပြားလှပါတယ်။ အဲဒီအထဲမှာ တန်ဖိုးအရှိဆုံးကတော့ ကျွန်မတို့နေထိုင်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ လူသိနည်းသေးတဲ့ အကြာင်းအရာတွေကို စူးစမ်လေ့လာဖို့ တခြားမှာအခွင့်အရေးတွေပေးခြင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်အစိုးရရဲ့ ဖိနှိပ်ညှဉ်းပန်းမှုဒဏ်ကို လှလှကြီးခံခဲ့ရတဲ့ ကျွန်မတို့တစ်တွေရဲ့ အတွေ့အကြုံဟာ အခါခပ်သိမ်း သက်သောင့်သက်သာရှိတာမဟုတ်ပေမယ့် အင်မတန်ကြွယ်ဝတဲ့ အတွေ့အကြုံပါ။ တရားမျှတမှုကင်းမဲ့ခြင်းနဲ့ ရက်စက်ကြမ်းတမ်းခြင်းဆိုတာတွေဟာ စိတ်လှုပ်ရှားဖွယ်ရာ ၀တ္ထုဇာတ်လမ်းထဲမှာ ပါတတ်တာမျိုးအဖြစ်ကနေ နေ့စဉ်ဘ၀မှာ ကြုံတွေ့ရတဲ့ အန္တရာယ်မျိုးအဖြစ်ကို ပြောင်းလဲကုန်ပါတယ်။



လေးစားဂုဏ်ယူဖွယ်ရာအပြုအမူနဲ့ ဆိုးသွမ်းကြမ်းတမ်းတဲ့ အပြုအမူ၊ သူရဲဘောကြောင်တာနဲ့ သူရဲကောင်းဆန်တာတွေဟာ တစ်ခါတုန်းက ကဗျာအတွေးတွေ အယူအဆတွေဖြစ်ခဲ့ပေမယ့်လည်း အခုနေအခါမှာတော့ သာမာန်ဖြစ်ပျက်နေတဲ့အရာတွေ ဖြစ်လာကာ ကဗျာရှည်ကြီးတွေမှာ ဖွဲ့နွဲ့တတ်တဲ့ အဖြစ်အပျက်တွေဟာ နေ့စဉ်ကြုံတွေ့ရတဲ့ဘ၀ ဖြစ်နေပါတယ်။
လိမ်လည်လှည့်ဖြားခြင်းနဲ့ သစ္စာဖောက်ခြင်းဟာ စိတ်ကူးကောင်းတဲ့ စာရေးဆရာတွေရဲ့ ကွက်ကွက်ကွင်းကွင်း ဖန်တီးရေးသားချက်မျှသာ မဟုတ်တော့ဘဲနဲ့ ကိုယ့်ရဲ့ခင်မင်မှုကို ခံစားခဲ့တဲ့၊ ကိုယ့်ရဲ့မေတ္တာစေတနာကို စိတ်တိုင်းကျသုံးဆောင်ခဲ့တဲ့ မိသားစုတွေရဲ့ အဆောင်အယောင်ဖြစ်လာပါတယ်။

Judas ရဲ့ အနမ်းဆိုတာ တင်စားချက်မဟုတ်တော့ပါဘူး။ မိတ်ဆွေမပီသတဲ့ သစ္စာသွေဖည်မှုကြီး ကိုယ့်ပါးပြင်ပေါ်ကို လာလာပြီး ထိပါးနေတာပါ။ ယုံကြည်လေးစားခဲ့ရတဲ့သူတွေဟာလည်း သူများတကာကို လိမ်လည်ဖို့လုပ်တာနဲ့ သူတို့ကိုယ်သူတို့ အတိုင်းမသိ လိမ်လည်နိုင်စွမ်းရှိပုံကို ပြသနေကြပါတယ်။

အပြင်ပန်းအားဖြင့် သံမဏိစိတ်ဓာတ်ရှိပုံရတဲ့ သူတွေဟာ မြန်မာ့နွေခေါင်ခေါင်အပူဒဏ်ထဲမှာ ဖယောင်းလို ပျော့ခွေကုန်ပါတယ်။ စိတ်ဓာတ်ကလွဲပြီး အမှီသဟဲပြုစရာမှန်သမျှ ချွတ်ခြုံကျအောင်လုပ်တာ ခံရသူဟာ အောက်တန်းကိုဘယ်လောက်ကျအောင်ဆင်းနိုင်သလဲဆိုတာသာမက အထက်တန်းကို ဘယ်လောက်မြင့်အောင် တက်နိုင်သလဲဆိုတာပါ အကဲစမ်းခံနေရသူ ဖြစ်ပါတယ်။

ပျော့ညံ့တဲ့ အသွင်သဏ္ဍာန်ရှိတဲ့သူကလည်း စိတ်ဓာတ်ခိုင်မာတဲ့ အရည်အချင်းကို ပြသလာတတ်ပါတယ်။ ပေါ့ပေါ့နေပေါ့ပေါ့စား နေထိုင်တက်သူကလည်း ကိုယ်ကျိုးစွန့်နိုင်တဲ့ စွမ်းရည်နဲ့ တည်ကြည်ဖြောင့်မတ်နိုင်တဲ့ စွမ်းရည်ကို အခိုင်အမာ ပြလာတတ်ပါတယ်။

ဘာသိဘာသာနိုင်လှပါတယ်လို့ ထင်ရသူကလည်း ဂရုတစိုက် ပြုစုစောင့်ရှောက်တတ်တဲ့ သူနာပြုဆရာမတစ်ဦးက ခန္ဓာကိုယ် ထိခိုက်နာကျင်နေတဲ့သူတွေ၊ စိတ်ဝေဒနာထိခိုက်ခံစားနေရသူတွေကို သေသေချာချာပြုစုသလို နွေးထွေးစွာ သနားကြင်နာမှုရဲ့ပြယုဂ်ကို မမျှော်လင့်ဘဲနဲ့ ပြသတတ်ပါတယ်။ လောကဓံ အခက်အခဲရဲ့ ၀င်းထိန်တဲ့ အလင်းရောင်အောက်မှာ လူ့စရိုက်အရောင်အသွေးပေါင်းစုံဟာ ပေါ်လွင်လာပါတယ်။ လူတွေရဲ့ပင်ကိုစရိုက် အထူးသဖြင့် သင့်ရဲ့ မိတ်ဆွေပါဆိုသူတွေရဲ့ ပင်ကိုစရိုက်ဟာ ပေါ်လွင်လာပါတယ်။

ကျွန်မတို့ မြန်မာပြည်မှာ လိုက်နာပြုမူ ကျင့်ကြံဖွယ်ရာ လမ်းညွှန်အဖြစ် ရိုးရာအစဉ်အလာအားဖြင့် မှတ်ယူခဲ့ကြတဲ့ လောကနီတိဆိုတဲ့ ဆုံးမစာကျမ်းတစ်အုပ်ရှိပါတယ်။ အဲဒီအထဲမှာ လောကီလူ့ဘောင်အတွင်း ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ရာ ရည်ရွယ်တဲ့၊ အမြင်ကျယ်တဲ့ သင်ခန်းစာတွေနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ပါဝင်ပါတယ်။ လောကနီတိထဲက မိတ်ဆွေအကြောင်းကဏ္ဍမှာ အပြစ်မြင်တဲ့စကား အတော်များများကို အခုလိုဖော်ပြထားပါတယ်။

“ဆင်းရဲနွမ်းပါးနေတဲ့ အချိန်မှာ သင့်ကို မိတ်ဆွေတွေကစွန့်ခွာသွားပါလိမ့်မယ်။ သားတွေ၊ မယားတွေ၊ ညီအစ်ကိုတွေကလည်း စွန့်ခွာသွားပါလိမ့်မယ်။ ချမ်းသာကြွယ်ဝနေရင်တော့ သူတို့ သင့်အနားမှာပဲ တွယ်ကပ်နေပါလိမ့်မယ်။ ချမ်းသာကြွယ်ဝခြင်းဟာ လောကမှာ အကြီးမားဆုံး မိတ်ဆွေပါပဲ။”

မိတ်ဆွေခင်ပွန်းနဲ့ ပတ်သက်ပြီး နောက်ထပ် အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိပါသေးတယ်။ အဲဒီအဓိပ္ပာယ်ဟာ မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှားမှုပြုလုပ်ရင် မတည်မြဲတဲ့ လောကဓံ အတွေ့အကြုံကို စုံနေအောင် တွေ့ကြုံဖူးသူတွေအနေနဲ့ တကယ်ဟုတ်ပါလားလို့ ခေါင်းတညိတ်ညိတ်နဲ့ ကျန်ခဲ့မယ့် အဓိပ္ပာယ်ပါပဲ။

သင်နာမကျန်းဖြစ်နေတဲ့အချိန်၊ မပြည့်စုံနေတဲ့အချိန်၊ ဒါမှမဟုတ် အခက်အခဲတွေ့နေရတဲ့အချိန်မျိုးမှာ၊ သင် ရန်သူရဲ့ဖမ်းဆီးမှုခံရတဲ့ အခါမျိုးမှာ၊ ဘုရင့်ရှေ့မှောက်ဝင်ရမယ့် အချိန်မျိုးမှာ၊ ဒါမှမဟုတ် အလောင်းကောင်ဘ၀ရောက်တဲ့ အခါမျိုးမှာ သင့်အပေါ်သစ္စာရှိတဲ့ မိတ်ဆွေတွေဟာ တကယ့်ကို စစ်မှန်တဲ့ မိတ်ဆွေ ဖြစ်ပါတယ်။

မေလကုန်ပိုင်းနဲ့ ဇွန်လဆန်းပိုင်း အခြေအနေတွေ ရှုပ်ထွေးနေတဲ့ကာလအတွင်း NLDရဲ့ လွှတ်တော်အမတ်တွေ အစုလိုက်အပြုံလိုက် အဖမ်းခံရလို့ စိတ်ပူစရာ နိုင်ငံရေး အဖြစ်အပျက်တွေ ပေါ်ပေါက်နေတဲ့အချိန်မှာ နိုင်ငံခြားသတင်းထောက်တွေ တဖွဲဖွဲရောက်လာပြီး ကျွန်မတို့တစ်တွေ အခြေအနေတွေကို ဘယ်လိုရင်ဆိုင်နေသလဲဆိုတာ လေ့လာသွားခဲ့ကြပါတယ်။ ကျွန်မတို့တစ်တွေ မပျော်မရွှင်ဖြစ်နေတာ မတွေ့ရဘူးလို့ တစ်ယောက်က မှတ်ချက်ချသွားပါတယ်။ “ဦးတင်ဦးဆိုရင် အားရပါးရပြုံးနေတာပဲ။ ဦးကြည်မောင်ဆိုရင်လည်း ရယ်စရာတွေ ပြောနေတာပဲ” လို့ တစ်ယောက်ကပြောပါတယ်။ “ခင်ဗျားတို့တစ်တွေ ဘာလို့စိုးရိမ်ပူပန်မှုတွေ မဖြစ်တာလဲ။ ဒါဟာ စိတ်မချမ်းသာစရာ အခြေအနေ မဟုတ်ဘူးလား”

တချို့သူတွေ အတွက်ကတော့ ဒီအခြေအနေဟာ စိတ်မချမ်းသာစရာလို့ မြင်ကြမှာဖြစ်ပေမယ့် ကျွန်မတို့အတွက်က တော့ နောက်ထပ်စိန်ခေါ်မှုတစ်ခုလို့ပဲ မြင်ပါတယ်။ ဒီစိန်ခေါ်မှုကို ကျွန်မတို့ရဲ့ စစ်မှန်တဲ့ မိတ်ဆွေတွေနဲ့အတူ စုပေါင်းရင်ဆိုင်နေတယ်ဆိုတဲ့ အသိဟာ ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့ အကြောင်းအရင်း ရိုးရိုးကလေးပဲဖြစ်ပါတယ်။

ဆရာဝန်တစ်ဦးက ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ အတွေးမျိုးကိုတွေးတာဟာ မမာမကျန်းဖြစ်မှုမျိုးစုံကို အထိရောက်ဆုံး ကုသနိုင်တဲ့ နည်းဖြစ်တယ်လို့ အကြံပြုထားတာရှိပါတယ်။ ပျော်ရွှင်ဖွယ်ရာအကောင်းဆုံး အတွေးတစ်ခုဟာ မိတ်ဆွေတွေကို တွေးတဲ့အတွေးပေါ့။ ငယ်စဉ်က မျှော်မှန်းအပ်တဲ့ လောကကြီးကို အိပ်မက်အတူတူမက်ခဲ့ဖူးတဲ့ မိတ်ဆွေဟောင်းတွေ၊ အဲဒီမျှော်မှန်းအပ်တဲ့ လောကကြီးရဲ့ လက်တွေ့ရောက်နိုင်တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် လက်တွဲပြီး ကြိုးပမ်းနေတဲ့ မိတ်ဆွေသစ်တွေကို တွေးတဲ့အတွေးပေါ့။

ဆယ်စုနှစ်နဲ့ချီအောင် နှစ်ပေါင်းများစွာ မတွေ့ရတာကြာပြီဖြစ်တဲ့၊ သူတို့ရဲ့ အခွင့်အရေးတွေကို ဥပဒေက အကာအကွယ်ပေးထားတဲ့ နိုင်ငံတွေမှာ လုံခြုံမှုရှိရှိနဲ့ နေထိုင်နေကြတဲ့ မိတ်ဆွေတွေရှိပါတယ်။ သူတို့ဟာ Beatles တေးသံရှင်တွေ ငယ်ရွယ်စဉ် Dag Hammerskjold ရေးတဲ့ Markings လို့ အမည်တပ်တဲ့ ဘ၀အတွေးအမြင်များစာအုပ်နဲ့ပတ်သက်ပြီး ငြင်ခဲ့ကြခုံခဲ့ကြတဲ့ အချိန်တွေတုန်းကလို အခုလည်းပဲ ကိုယ့်ရဲ့ ကိုယ်စိတ်နှစ်ပါးချမ်းသာမှုကို ဂရုစိုက်ကြတဲ့အကြောင်းသိရတာ စိတ်ချမ်းမြေ့ရပါတယ်။

မိတ်ဆွေတွေက တိုက်ကြီးတွေ၊ ပင်လယ်သမုဒ္ဒရာကြီးတွေကို ဖြတ်ပြီး ကျွန်မနေထိုင်ကောင်းရဲ့လားလို့ သတင်းတွေ အပြန်အလှန်ဖလှယ်ဖို့ ဖုန်းဆက်ကြပါတယ်။

ကျွန်မတို့တစ်တွေ ကမ္ဘာကို ကိုင်လှုပ်လောက်စရာ အကြောင်းအရာတွေကို ဘယ်တော့မှ မပြောကြပါဘူး။ သာမန်ကိစ္စတွေထက်ကျော်ပြီး ပြောဆိုဆွေးနွေးမှုတွေ ဘယ်တော့မှ မလုပ်ကြပါဘူး။ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် နေထိုင်ကောင်းကြရဲ့လား၊ မိသားစုတွေ နေကောင်းကြရဲ့လားလို့ မေးမြန်းကြတာလောက်ပဲဖြစ်ပါတယ်။

လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး နည်းနည်းပါးပါး အရွှန်းအပြက်ပြောဆိုကြတာလောက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို သိပ်အရေးမပါတဲ့ စကားစမြည်တိုင်းဟာ ခင်မင်ရင်းနှီးမှုကို ခိုင်မြဲစေတဲ့ လေးနက်တဲ့စကားဖြစ်ပါတယ်။ ကျွန်မမှာ မိတ်ဆွေတစ်ဦးရှိပါတယ်။ ကျွန်မ ဖုန်းမပြောနိုင်လောက်အောင် အလုပ်သိပ်များနေရင် သူက ပြောစရာစကား ရိုးရိုးလေးပဲ ထားခဲ့ပါတယ်။ “ကျွန်မဖုန်းဆက်တယ်လို့ သူ့ကိုပြောပေးပါ”။ အဲဒါတစ်နေ့လုံး စိတ်ပင်ပန်းသမျှ အားလုံးလွင့်ပျောက်စေတဲ့ စကားလေးပါ။

ဗုဒ္ဓ၀ါဒရဲ့သွန်သင်ချက်အရ မိတ်ဆွေကောင်းဆိုတာ ပေးဖို့ရာ မလွယ်တဲ့ အရာတွေကို ပေးတဲ့သူ၊ ပြုလုပ်ဖို့ရာ ခက်ခဲတဲ့အရာကို ပြုလုပ်တဲ့သူ၊ မာထန်တဲ့ စကားကို သည်းခံတဲ့သူ၊ သူ့ရဲ့လျှို့ဝှက်ချက်တွေကို သင့်ကို ပြောပြတဲ့သူ၊ သင့်ရဲ့ လျှို့ဝှက်ချက်တွေကို အထူးတလည် ထိန်းသိမ်းစောင့်ရှောက်တဲ့သူ၊ မရှိဆင်းရဲတဲ့ အချိန်မှာ သင့်ကို စွန်ခွာမသွားတဲ့သူ၊ သင် ဆုံးရှုံးပျက်စီးတဲ့အခါ သင့်ကိုပြစ်တင်ဝေဖန်ခြင်း မပြုတဲ့သူလို့ဆိုပါတယ်။

ဒီလို မိတ်ဆွေကောင်းတွေနဲ့ဆိုရင် အကြမ်းတမ်းဆုံးခရီးလမ်းကို လျှောက်လှမ်းနိုင်ပါတယ်။ အခက်အခဲ အကြမ်းအတမ်းတွေကို လက်မြှောက်အရှုံးပေးစရာ မလိုပါဘူး။ အမှန်မှာတော့ သွားရမယ့်ခရီးလမ်းကကြမ်းလေ၊ လောကဓံအခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကိုယ့်အပေါ်သစ္စာရှိတဲ့၊ ကောင်းမွန်မြင့်မြတ်တဲ့ ကလျာဏမိတ္တမိတ်ဆွေတွေနဲ့ အဖော်ပြုရလေ၊ ကြည်နူးရလေပါပဲ။

အောင်ဆန်းစုကြည်
ဇူလိုင်(၈)၊ ၁၉၉၆

မူရင်း မေတ္တာရိပ်
https://www.facebook.com/photo.php?fbid=235051136659427&set=a.235051123326095.1073741859.193575494140325&type=1

ပြန်လည်မျှဝေပါတယ်။
10.10.2013

No comments:

Post a Comment