Monday 30 September 2013

ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်



TODAY သတင်းထောက်။ ။
ဒေါ်စုဟာ ၂၀၁၅ မှာ သမ္မတ ဝင်အရွေးခံချင်တဲ့အကြောင်း အတိအလင်း ကြေငြာထားပါတယ်။ ကျွန်မ တစ်ခုမေးချင်တာက ဒေါ်စုအနေနဲ့  လွန်ခဲ့တဲ့ နှစ်တုန်းက လွှတ်တော်အမတ်အဖြစ် အရွေးခံရပြီးကတည်းက ဘာတွေကို လုပ်ဆောင်ပြီးပါပြီလဲ။ ခုကနေ ၂၀၁၅ အထိ ကာလအတွင်း ဒေါ်စုရဲ့  ချမှတ်ထားတဲ့ ပန်းတိုင်တွေက ဘာတွေပါလဲ။


ဒေါ်အောင်ဆန်းစုကြည်။ ။
ကျွန်မ ပထမဦးဆုံးပြောလိုတာက သမ္မတအဖြစ် ကျွန်မ ဝင်အရွေးခံလို့မရပါဘူး။ မြန်မာနိုင်ငံရဲ့  လက်ရှိ ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ သမ္မတကို တိုက်ရိုက် မရွေးချယ်ပါဘူး။ ကျွန်မအနေနဲ့  ဖြစ်နိုင်မယ်ဆိုရင် သမ္မတဖြစ်ချင်ပါတယ်လို့ ခပ်ရိုးရိုး ပဲပြောခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတတစ်ယောက် အနေနဲ့ ဆောင်ရွက်နိုင်တာတွေဟာ အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့  ဆောင်ရွက်နိုင်တာတွေထက် အများကြီးပိုတယ်လေ။

ခုချိန်ထိ ကျွန်မအနေနဲ့  ဘာတွေလုပ်ဆောင်ပြီးခဲ့ပြီလဲ ဆိုတာ မေးထားတယ်နော်။ ကျွန်မဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  ဥက္ကဋ္ဌတစ်ယောက်ဖြစ်ပြီး၊ ကော့မှူးမြို့ နယ်ကိုယ်စားပြု အောက်လွှတ်တော် အမတ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်မရဲ့ မြို့ နယ်မှာ ကျွန်မအနေနဲ့  ဆောင်ရွက်ပြီးခဲ့တာတွေကို အများကြီးပဲ ပြောပြနိုင်ပါတယ်။ အဲ့ဒီလို ပြောပြရတာကို ကျွန်မ အလွန်ပဲဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ ရှိရင် မဲဆန္ဒနယ်တစ်ခုကနေပြီး ကိုယ့်ကို ကိုယ်စားလှယ်တစ်ယောက်အဖြစ် ရွေးချယ်ခံလိုက်ရပြီဆိုရင် အဲ့ဒီမဲဆန္ဒနယ်အတွက် အဲ့ဒီမဲဆန္ဒနယ်က ပြည်သူလူထုအတွက် ဒီကိုယ်စားလှယ်ဟာ တာဝန်တွေကို ထမ်းဆောင်ရပါမယ်။ ကျွန်မရဲ့  မဲဆန္ဒနယ်မှာ အရင်ကထက်ပိုပြီး ရေရရှိအောင် ကျွန်မတို့  ဆောင်ရွက်ထားပါတယ်။ လက်ငင်ရေတွင်းတွေနဲ့  စက်ရေတွင်းတွေ အများအပြားကို ကျွန်မတို့  တူးဖော်ပေးခဲ့ပါတယ်။ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းအသစ် တော်တော်များများကိုလည်း ဖောက်လုပ်ပေးထားပြီးပါပြီ။ ကျွန်မမဲဆန္ဒနယ်က ဆေးရုံတွေမှာဆိုရင် ဆရာဝန် အရေအတွက်ဟာ ကျွန်မ လွှတ်တော်အမတ် မဖြစ်ခင်တုန်းက ရှိခဲ့တဲ့ ဆရာဝန်အရေအတွက်ထက် ပိုပြီးများလာပါပြီ။ အဲ့ဒီဆေးရုံတွေမှာ ပြုပြင်မှုတွေ တော်တော်များများကိုလည်း ကျွန်မတို့  လုပ်ဆောင်ခဲ့ပါတယ်။ လူနာတင်ကားတွေ ရှိလာအောင်လည်း ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မရဲ့  မြို့ နယ်မှာ အခြေပြုတဲ့ မြန်မာနိုင်ငံရဲ့  ပထဦးဆုံး ရွေ့လျား စာကြည့်တိုက်ကိုလည်း ကျွန်မတို့  စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီ စာကြည့်တိုက်ဟာ အခုဆိုရင် အင်မတန်မှကိုပဲ အကျိုးပြုနေတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတစ်ခုကိုလည်း ကျွန်မတို့  စတင်တည်ဆောက်နေပါပြီ။ နောက်နှစ်ဆန်းလောက်မှာ ဒီကျောင်းကို ဖွင့်လှစ်နိုင်တော့မှာပါ။ အဲ့ဒီဒေသမှာရှိတဲ့ ကျောင်းတွေရဲ့  ဖွံ့ဖြိုးတိုးတက်ရေးတွေမှာလည်း ကျွန်မတို့ အနေနဲ့  အကူအညီတွေ ပေးခဲ့ပါတယ်။ ကျွန်မ မမှတ်မိတဲ့ အကြောင်းအရာ အနည်းအကျဉ်းတော့ ရှိကောင်းရှိနိုင်ပါတယ်။ ၁၈ လအတွင်း အကောင်အထည်ဖော်ခဲ့တဲ့ ကျွန်မတို့ ရဲ့  ဆောင်ရွက်မှုတွေဟာ မဆိုလှဘူးလို့  ကျွန်မထင်ပါတယ်။

ကျွန်မရဲ့  ပါတီနဲ့  ပတ်သက်လို့  ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့  လုပ်ဆောင်ခဲ့တာတွေကတော့ ကျွန်မတို့ ပါတီရဲ့ သမိုင်းမှာ ပထမဦးဆုံးအကြိမ် ပါတီညီလာခံကို ကျင်းပနိုင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပေမယ့်လို့  အဲ့ဒီတုန်းက ကျွန်မတို့ ပါတီကို စစ်မှန်တဲ့နိုင်ငံရေးပါတီတစ်ခုအဖြစ် လှုပ်ရှားဆောင်ရွက်ခွင့် မပြုခဲ့ပါဘူး။ ပြီးခဲ့တဲ့ နှစ်တုန်းကမှ ပထမဦးဆုံး အနေနဲ့  ကျွန်မတို့ ရဲ့  ပါတီညီလာခံကို ကျင်းပနိုင်ခဲ့ပါတယ်။ ကျင်းပတဲ့အကြောင်းကတော့ ကျွန်မတို့ ရဲ့  ပါတီကို ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းတွေအပေါ် အခြေခံပြီး တည်ထောင်ထားတယ်ဆိုတာကို သေချာစေချင်လို့ပဲဖြစ်ပါတယ်။ ပါတီတွင်းမှာ အခြေအတင်ဖြစ်မှုတွေကတော့ ရှိတာပေါ့လေ။ အဲ့ဒါကြောင့်လည်း လူတွေက ကျွန်မတို့ ပါတီကို ပြောကြတယ်။ ကြည့်ပါဦး NLD ပါတီကို။ တစ်ယောက်တစ်ပေါက် ငြင်းခုန်နေကြတာပဲ။ တစ်ယောက်ကို တစ်ယောက်လည်း အော်ဟစ်ပြောဆိုနေကြတာပဲ ဆိုပြီးတော့။ အဲ့ဒါဟာ ဘာလို့လဲဆိုရင် သူတို့ တွေက ဒီမိုကရေစီနည်းကျတဲ့ ပါတီတစ်ခုဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို နားမလည်ကြသေးလို့ ပါ။ အာဏာရှင်စနစ်၊ တစ်ပါတီစနစ်မှာသာလျှင် တစ်သံတည်း ထွက်နိုင်ပါတယ်။ နောက်ပြီးတော့ ပါတီရဲ့  ပြဿနာတွေကို လူအများသိကြားနေရတယ်ဆိုတဲ့ အချက်ဟာ တကယ်တော့ ပြဿနာအပေါ် တာဝန်ယူမှု၊ ပွင့်လင်းမြင်သာရှိမှုဆိုတဲ့ ကျွန်မတို့ ပါတီရဲ့  ဒီမိုကရေစီဆန်တဲ့ သင်္ကေတကို ပြနေတာပဲဖြစ်ပါတယ်။

လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ ကျွန်မရဲ့  မဲဆန္ဒနယ်မှာ ဆောင်ရွက်ခဲ့တာတွေအပြင်၊
• တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊
• ရန်ကုန်ဆေးရုံကြီး ပြန်လည်ပြုပြင် မွမ်းမံ တည်ဆောက်ရေး ကော်မတီ
• ရန်ကုန်တက္ကသိုလ် ပြန်လည်ပြုပြင် မွမ်းမံ တည်ဆောက်ရေး ကော်မတီ နဲ့
• အဆင့်မြင့်ပညာဥပဒေရေးဆွဲရေး ကော်မတီ တို့ မှာလည်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းက ကြေးနီသတ္ထုတူးဖော်ရေး စီမံကိန်းအတွက် ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်း ကျွန်မ ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီတာဝန်ကတော့ ပြီးဆုံးသွားပါပြီ။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး အစီရင်ခံစာတစ်စောင် ကျွန်မတို့  တင်သွင်းခဲ့ပါတယ်။ ဒီတော့ ကျွန်မအနေနဲ့ တော်တော် အလုပ်ကျိုးစားတယ်လို့  ဆိုရမယ်။

မူရင်း ပြည်ထောင်စု

30.9.2013

No comments:

Post a Comment