Sunday 18 August 2013

ဗိုလ်ချုပ်ကျောင်းကို အဆင့်မြှင့်ရန်အစိုးရထံအရှင်ဆန္ဒာဓိက မေတ္တာရပ်ခံမည်




18.8.2013

ဗိုလ်ချုပ်အောင်ဆန်း ပညာသင်ကြားခဲ့သော ရေနံချောင်းမြို့ ရွှေကြာငုံ ရပ်ကွက်ရှိ ဗိုလ်ချုပ်ကျောင်း (အမျိုးသား အထက်တန်းကျောင်း) သည် လက်ရှိအခြေခံပညာ မူလတန်းကျောင်း အဆင့်သာ ရှိနေသေးသည့်အတွက် အဆင့်မြှင့်တင်ရန် နိုင်ငံတော်အစိုးရထံသို့ မေတ္တာရပ်ခံ သွားမည် ဖြစ်ကြောင်း ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ကြားခဲ့သည်။

အဆိုပါ အကြောင်းအရာကို သြဂုတ်လ ၁၇ ရက်နေ့က ဗိုလ်ချုပ်ကျောင်းသို့ ဆရာတော် အရှင်ဆန္ဒာဓိက ရောက်ရှိစဉ် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

ရေနံချောင်းမြို့ အ.ထ.က (၁) ကျောင်းအကျိုးတော်ဆောင် ဦးကျော်ဆန်းဦးက “ဗိုလ်ချုပ်နေခဲ့တဲ့ ကျောင်းဆိုတော့ အားလုံးက ခမ်းခမ်းနားနားလေး ဖြစ်စေချင်တဲ့ သဘောပါ” ဟု ဆရာတော်မိန့်ကြားခဲ့ခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း အဆိုပါ အမျိုးသားအထက်တန်းကျောင်းတွင် စာသင်ကြားခဲ့စဉ်က ရေးသားခဲ့သော ပါဠိဘာသာ လက်ရေးမူစာအုပ်ကို ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နိုင်ငံတော်အဆင့် ထိန်းသိမ်းရန် ရေနံချောင်းမြို့ အ.ထ.က (၁) မှ ယူဆောင်သွားသော်လည်း မြိုခံများက ကန့်ကွက်ခဲ့သောကြောင့် သြဂုတ်လ ၁၆ ရက်တွင် အခမ်းအနားဖြင့် ပြန်လည်ပေးအပ်ခဲ့သည်။

နတ်မောက်ဇာတိဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၃ နှစ်သားအရွယ် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းတွင် စတုတ္ထတန်းမှ စတင်ကာ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ရာ ပညာထူးချွန်သဖြင့် သတ္တမတန်းတွင် အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆုကို ရရှိခဲ့ပြီး ၁၉၃၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပါဠိနှင့် မြန်မာစာ ဂုဏ်ထူးတို့ဖြင့် အေ အဆင့်မှ အောင်မြင်ခဲ့သည်။

ဟိန်းသွင်ထက်

The Voice Weekly

No comments:

Post a Comment