Monday 12 August 2013

၈၈၈၈ လေးလုံး ငွေရတု အရေးတော်ပုံတွင် "စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး" စာတမ်းနှင့်ပတ်သတ်သည့် ဦးကိုကိုကြီး၏ ဆွေးနွေးချက်များ(၁)(၂)(၃)(၄)(၅)



၈၈ တုန်းက ကျွန်တော်တို့ ကြွေးကြော်သံတွေ ကိုမေ့ပစ်လိုက် ပြီလား၊
ပြောင်းပစ်လိုက်ပြီလား ဆိုတာနဲ့ ပတ်သက် ပြီးတော့ ပြောရရင် အားလုံး
တစ်ခဲနက်အော်ခဲ့တဲ့ ကြွေးကြော်သံကတော့ ဒီမိုကရေစီရရှိရေး - ဒို့ အရေးပါ။

ဒီမိုကရေစီရရှိရေးဆိုရင် အာဏာရှင်ဆန့်ကျင်ရေး ဆိုတာ ကုလားကြီးနဲ့ အရာကြီးပါပဲ။ အတူတူပါပဲ။ ဒီမိုကရေစီ ရရှိပြီဆိုရင် ဘာအာဏာရှင်မှမရှိတော့ဘူး။
ဒီမိုကရေစီရရှိရေး ကြွေးကြော်သံနဲ့ လုပ်ခဲ့ကြွေးကြော်သံအပေါ်မှာ တစ်စိုက်မတ်မတ် ရပ်တည်ပြီးတော့ ကျွန်တော်တို့ဆောင်ရွက်နေတယ်။


ဒီနေ့အခမ်းအနားကိုလည်း ငြိမ်းချမ်းရေးနဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေး ဦးတည်ချက်နဲ့ ကျွန်တော်တို့ ဆောင်ရွက်တယ်ဆိုတာ တိုင်းပြည်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး မဖော်ဆောင်နိုင်ဘဲနဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး
အရသာတွေကိုလည်း ခံစားနိုင်မှာ မဟုတ်ဘူးလို့ယုံကြည်တဲ့အတွက်ကြောင့်
ဒီနေ ဒီချိန်မှာ ဒီကြွေးကြော်သံကို ၈၈ ကြွေးကြော်သံ နဲ့ တစ်ထပ်တည်း အားကောင်းအောင် ကျွန်တော်တို့ကြိုးစားရမယ်။

အဲဒီလိုကြိုးစားတဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ မူမဲ့တဲ့၊ မူမရှိတဲ့
စေ့စပ်ဆွေးနွေးရေးဟာ တစ်ဖက်သတ်အလျှော့ပေးခြင်းပါ။ အဲတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးလို့ပြောပြီးတော့ အလုံးစုံလိုက်လျောတာ၊ အလုံးစုံအလျှော့ပေးတာဟာ အညံ့ခံတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေ
မဟုတ်ပါဘူး။ အဲဒါဟာ ဖြတ်သန်းမှုရှိတဲ့၊ နိုင်ငံရေးစာပေဗဟုသုတရှိတဲ့ လူတိုင်း နားလည်လက်ခံထားပြီးသားကိစ္စလို့ အဲဒီလိုပဲနားလည်ပါတယ်။


(၂)

ကျွန်တော်ဆိုရင် ဝေဖန်တိုက်ခိုက်မှုတွေခံပြီးတော့ကို အစိုးရအဖွဲ့နဲဆက်ဆံတယ်။ ခုန၀န်ကြီးတွေလာတယ်။ ကျွန်တော် သွားပြီးတော့ကြိုဆိုတယ်၊ ခေါ်တယ်။
အဲတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ အဲဒီလိုအလုပ်မျိုးကို အမိုက်ခံပြီးလုပ်တာ ဘာ့ကြောင့်လဲဆိုတော့ အဲဒီလူတွေနဲ့ထိတွေ့ဆက်ဆံမှုတွေ
မရှိရင် ဘယ်လိုစေ့စပ် ဆွေးနွေးမှုမျိုးလုပ်မလဲ။

ဒါဟာသိပ်အရေးကြီးတဲ့ကိစ္စပါ။ နှစ်ဖက်ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်နေတဲ့၊ စစ်မက်ဖြစ်ပွားနေတဲ့ နှစ်နိုင်ငံကြားထဲမှာ သံတမန်ဆက်ဆံရေးရှိပါတယ်။

အဲတော့ ကျွန်တော်တို့မှာ တစ်ခါတစ်လေကျတော့ စကားလုံးတွေ ပဲပြောပြော
နေကြတယ်။အမျိုးသား ပြန်လည်သင့်မြတ်ရေး၊စေ့စပ်ဆွေးနွေးရေးပြောပြော
ပြီးတော့ တစ်ဖက်နဲ့တစ်ဖက်ဆက်ဆံရင် အာဏာပိုင်နဲ့ ဆက်ဆံတယ်၊ သစ္စာဖောက်တယ်ဆိုတဲ့တံဆိပ်မျိုး လွယ်လွယ်ကူကူနာမည်တပ်တာမျိုး ကျွန်တော်တို့ နှစ်ပေါင်း များစွာခံခဲ့ရပါတယ်။

အခုကျွန်တော် ဒီစကားတွေပြောနိုင်တာဟာ (၁၈) နှစ်လောက် ထောင်ထဲမှာနေပြီးလို့ အခုသူပြောနေတာတွေဟာ ဟုတ်တယ်နော်၊ မဟုတ်လောက်ဘူးလို့
ယုံကြည်လိမ့်မယ်ဆိုတဲ့ ရဲတင်းမှု မျိုးနဲ့ပဲ ကျွန်တော်ဆက်ပြောပါတယ်။

အရင်လည်းဒီအတိုင်းရပ်နေပါတယ်။ နောက်လည်းဒီအတိုင်း ရပ်နေပါတယ်။
အဲတော့ ကျွန်တော်တို့ဆွေးနွေးချက်တွေအားလုံးဟာ (solution) အဖြေကိုဦးတည်တဲ့ ဆွေးနွေးမှုမျိုးတွေပဲဖြစ်သင့်ပါတယ်။

(၃)

ကျွန်တော် ကမ္ဘာပေါ်မှာအင်အားအကြီးဆုံးစစ်တပ်ကြီးရဲ့ လူထု ကရွေးချယ်
တင်မြှောက်တဲ့ ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
အဲဒါဟာ အိမ်မက်မဟုတ်ဘူး။

မစ္စတာအိုဘားမားဟာ အမေရိကန်လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ကာကွယ်ရေးဦးစီးချုပ်။ မူအားဖြင့်ပြောမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ လူထုကရွေးကောက်တင်မြှောက်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ချင်ပါတယ်။ ဘယ်တော့ဖြစ်ချင်ပါသလဲဆိုရင် အခုဖြစ်ချင်ပါတယ် (လက်ခုပ်သံများ)။

အဲဒီလောက် ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးစစ်တပ်ပိုင်ရှင်နိုင်ငံမှာတောင်မှ စစ်တပ်သာလျှင်တိုင်းပြည်ရဲ့ကျောရိုး၊ အဓိကမဏ္ဍိုင် ဖြစ်တယ်လို့ မကြွေးကြော်ပါဘူး။အဲဒီတော့ ကျွန်တော်တို့ မှားယွင်းနေတာတွေ အများကြီးပါ။

အဲဒါတွေပြုပြင်ဖို့ကြိုးစားတဲ့အခါမှာ စကားလုံးတွေကိုကျော်လွန်ပြီးတော့ အဖြေထုတ်နိုင်တဲ့အဆင့်၊ လက်တွေ့ချဉ်းကပ်တဲ့အဆင့်ကို အားလုံးဝိုင်းပြီးတော့ စဉ်းစားကြဖို့၊ ကြိုးစားကြဖို့ပဲတိုက်တွန်းချင်တယ်။

(၄)

ကျွန်တော် လူ့အဖွဲ့အစည်းမှာ ကွဲလွဲနေမှုသုံးရပ်ထဲမှာ အယူအဆရေးရာ
ကွဲလွဲမှုအပေါ်မှာ သည်းမခံနိုင်မှုကို ကျွန်တော်ပြောပြပါမယ်။ နောက်တစ်ခုက ကွာဟမှုတွေ ကြားထဲမှာ activist အလျှော့ပေး ကျွန်တော်ကိုယ်တိုင် တစ်လျောက်လုံး activist ကလာခဲ့တာပါ။ကျွန်တော် ဒို့အရေးနဲ့စပြီးထွက်လာခဲ့တာပါ။
နိုင်ငံရေးစကားလုံးတွေ ကြီးကြီးကျယ်ကျယ်ပြောပြီးထွက်လာတာမဟုတ်ပါဘူး။ အဲတော့ Activist ဟာ ကျွန်တော်တို့ရဲ့ အခြေခံပါ။

အဲဒီကနေပြီးတော့ (၂၅) နှစ်ဖြတ်သန်းပြီးလို့ ကိုယ့်ကိုကိုယ် နိုင်ငံရေးသမားအဖြစ်နဲ့ ပရော်ဖက်ရှင်နယ်လုပ်တော့မယ်ဆိုတဲ့အချိန်မှာ အဲဒီ Activist ဘ၀ကို အပြည့်အ၀နားလည်ခံစား သလို၊ နိုင်ငံရေးအဖြေထုတ်ဖို့ကိုလည်း ကျွန်တော်တို့အလေးအနက်စဉ်းစားပါတယ်။

အဲဒီလိုစဉ်းစားတဲ့ အခါမှာ လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ အတွေးအခေါ်
အမူအကျင့်တွေကို ကျွန်တော်တို့ ပြန်သုံးသပ်ဖို့လိုပါတယ်။ အဲဒါဟာအပြုအမှု(Behaviour)နဲ့ပတ်သက်လို့ လေ့လာစရာပညာရပ်တစ်ခု လည်း ရှိပါတယ်။

ကျွန်တော်တို့ သတင်းစာကောက်လှန်လိုက်ရင် မင်္ဂလာဆောင်ကြော်ငြာတွေ၊ နာရေးကြော်ငြာတွေကြည့်လိုက်ပါ။ ဗိုလ်ချုပ်ကြီးဘယ်သူ့ရဲသားနဲ့ဘယ်ကုမ္ပဏီ
ပိုင်ရှင်ရဲ့သမီးနဲ့၊ အောက်ကကြည့်လိုက်လို့ရှိရင် ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်မှာ ဘာဘွဲ့ယူနေတဲ့သားသမီးတွေနဲ့၊ အဲဒါကြီးဟာ ယဉ်ကျေးမှုတစ်ခုကြီးလိုဖြစ်ပြီးတော့ တိုင်းပြည်မှာအရေးကြီးဆုံး နိုင်ငံရေးအာဏာ၊ စစ်ရေးအာဏာ၊ စီးပွားရေးအာဏာနဲ့ ပညာအရည်အချင်း ဆိုတာတွေကိုပါ အပေါ်အလွှာလေးတစ်ခုတည်းမှာ သွားပြီး
စုနေတယ်ဆိုတာကို သတိပြုမိဖို့လိုပါတယ်။

နာရေးကြော်ငြာကြည့်လိုက်ပါ။ ကြော်ငြာထဲမှာ ဧရာမကော်လံကြီးနဲ့တင်ထားတယ်၊ အဲဒါအားလုံး တိုင်းပြည်နှစ်ပေါင်း ၅၀ လောက်၊ ရာစုနှစ်ဝက်လောက်လွှမ်းမိုးခဲ့တဲ့ အဲဒီလူတွေနဲ့ သမီးရှင်က အဲဒါနဲ့ ပေးစားဖို့ကြိုးစားတယ်။ ဂုဏ်ရှိတယ်ထင်လို့  လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ မတရားလုပ်တာတွေ အဲဒါတွေ သူတို့ခေါင်း
ထဲမှာမရှိတော့ဘဲနဲ့ အဲဒီလူတွေရဲ့သားတွေနဲ့ သူတို့သမီးတွေနဲ့ပေးစားရင် ဂုဏ်ရှိမယ် လို့ထင်တဲ့ လူ့အဖွဲ့အစည်းထဲမှာ အတွေးအခေါ်အရကိုယ်၌က နက်နက်ရှိုင်းရှိုင်း
ဖြစ်နေတဲ့ဟာကြီးကို ဖယ်ရှားဖို့ ကျွန်တော်တို့ကြိုးစားရမယ်။
အဲဒီအခါမှာ ကျွန်တော်တို့စကားလုံးတွေကိုကျော်ရမယ်။
(လက်ခုပ်သံများ)။

အဲတော့ လူ့အဖွဲ့အစည်းထဲမှာ အဲဒီအာဏာအလွှာနဲ့ စီးပွားရေးဓနအင်အား
အလွှာနဲ့ ပေါင်းစည်းပြီးတော့ သူတို့ရဲ့သားသမီးတွေက ကျောင်းကောင်းကောင်းမှာ ထားနိုင်တယ်။ အခုအနောက်နိုင်ငံတွေက ပိတ်ဆို့လို့သာ။ ဒါတောင်မှ အနောက်နိုင်ငံတွေကို သူတို့ကိုပိတ်ဆို့ထားတဲ့ နာမည်တွေနဲ့မဟုတ်ဘဲနဲ့ နာမည်ဝှက်တွေနဲ့ လိမ်ပြီးကျောင်းထားနေတဲ့ကျောင်းသားတွေလည်းရှိတယ်။

အဲတော့ တိုင်းပြည်ပြန်လည်တည်ဆောက်ဆိုတော့ ကျွန်တော်တို့နိုင်ငံရေး
တက်ကြွလှုပ်ရှားသူတွေ ဆိုတာက အကုန်လုံးထောင်ထွက်တွေ၊ ဘာကျောင်းပညာမှဆက်မသင်နိုင်ဘူး။ သားသမီးတွေ၊ မိဘတွေ မိသားစုတွေကလည်း ကစဥ့်ကလျား။

အဲဒီလိုမျိုး Level Playing Field မျိုးမရှိဘူး။ တန်းတူယှဉ်ပြိုင်နိုင်တဲ့ အခွင့်အလမ်း
မရှိဘဲနဲ့ တစ်ဖက်သတ်အသာစီးရနေတဲ့အခြေအနေကနေပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုလုပ်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့က နာတဲ့သူတွေက အမျိုးသားပြန်လည်သင့်မြတ်ရေး လို့အော်နေတယ်။

တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုလက်မထောင်နေဆဲဖြစ်တဲ့လူတွေက နေစမ်းပါဦး မင်းတို့ကမသင့်မြတ်လို့ ဘာလုပ်ချင်လို့လဲ ဆိုတဲ့ စိတ်နေသဘောထားမျိုးတွေလည်း ရှိနေဆဲပဲ (လက်ခုပ်သံများ)။

အဲတော့ ကျွန်တော်တို့ဟာ တစ်ဖက်ကသည်းခံနေရတာများပါပြီ။ သည်းခံနေတဲ့
တစ်ပြိုင်နက်တည်း မှာ ကျွန်တော်တို့သည်းခံနေတာဟာ ကျွန်တော်တို့
တစ်ကိုယ်ရည်အတွက်မဟုတ်ဘူး။ ကျွန်တော်တို့ နောက်မျိုးဆက်တွေအတွက်။

၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌဖြစ်တော့မယ်။ မကြာခင်မှာ အာဆီယံနဲ့ Free Trade လွပ်လပ်စွာကုန်သွယ်မှုတွေဖြစ်တော့မယ်။ ကိုယ့်နိုင်ငံမှာ ဘာမှပြင်ဆင်ထားတာ
မရှိသေးဘူး။ သူများပစ္စည်းလာရောင်းတာဘဲရှိတယ်။ ကိုယ့်ပစ္စည်း သူများသွား
မရောင်းနိုင်ဘူး။ မကြာခင်မှာ Visa Freeဗီဇာမလိုဘူး ဆိုပြီးတော့ ဥဒဟိုတွေ
လာကြတော့မယ်။ ကိုယ့်တိုင်းပြည်ထဲမှာ အချင်းချင်းသတ်နေတုန်းရှိသေးတယ်။

ဆိုတော့ အဲဒါတွေကို ကျွန်တော်တို့က အမှီလိုက်ဖို့ကြိုးစားတဲ့နေရာမှာ ကျွန်တော်ညီအစ်ကိုတွေအားလုံး ကိုလည်း အလေးအနက်အကြံပြုပါရစေ။ စကားလုံးတွေကိုဖောက်ထွက်ပါတော့။ ကျော်လွှားပါတော့။
(လက်ခုပ်သံများ)။

အဲတော့ ကျွန်တော်ကတော့ ကျွန်တော်ယုံကြည်တဲ့ဟာတွေအားလုံးကို အရဲစွန့်ပြောရင်းနဲ့ တစ်ယောက်ကနေနှစ်ယောက်၊ နှစ်ယောက်ကနေလေးယောက်၊ ဒီလိုအယူမျိုးတွေကို လက်တွေ့အဖြေထုတ် မယ့်၊ နိုင်ငံရေးကိုဦးတည်တဲ့
ယဉ်ကျေးမှုထွန်းကားလာအောင် ကျွန်တော်ဆက်ပြီးကြိုးစားပါဦးမယ်။ အဲတော့ ကျွန်တော်သွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့နေရာမှာချည်းဘဲ မူမရှိတဲ့၊ အလုံးစုံ လိုက်လျောမယ်ဆိုတဲ့ကိစ္စမျိုး ကျွန်တော့်သွေးထဲမှာမရှိဘူး။ ကျွန်တော်လက်လည်းမခံဘူး ။
(လက်ခုပ်သံများ)။

နောက်တစ်ခုဆရာဦးဌေးဦး(စိန်ဂျွန်း)ကျောင်းသားနဲ့ပတ်သက်တဲ့ကိစ္စ အကြံပြုတာ
ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကျောင်းသားထုတစ်ရပ်လုံးကို
ကိုယ်စားပြုပြီးပြောနိုင်လောက်အောင် ဆွေးနွေးပွဲတွေ၊ ညီလာခံတွေ မလုပ်ရသေးပါဘူး။ ကျွန်တော်တစ်ဦးချင်းသဘောထားဘဲပြောပါရစေ။

ဖွဲ့စည်းပုံထဲမှာ လူထုကိုယ်စားပြုတဲ့၊ ရွေးကောက်တင်မြှောက်တဲ့ လူထုအကျိုးစီးပွား (Public interest)ကလွဲပြီးတော့ အထူးအကျိုးစီးပွား(Special Interest) ကျွန်တော်ကိုယ်တိုင်လည်းမလိုချင်ဘူး။ ဘယ်သူ့ကိုမှလည်းမပေးချင်ဘူး။ အဲတော့ စောစောက အနစ်နာခံခဲ့လို့၊ သူတို့ကိုသီးခြား အထူးအခွင့်အရေး
အဖြစ်နဲ့သတ်မှတ်ပေးရမယ်ဆိုတာမျိုးကို ကျွန်တော်လက်မခံပါရစေနဲ့ (လက်ခုပ်သံများ)။

(၅)

(၅)
==========================================
လွှတ်တော်အင်စတီကျူးရှင်း အားကောင်းအောင်လုပ်ဖို့လို့ပြောတဲ့အခါမှာ ကျွန်တော်တစ်ချို့တန်ပြန်မေးခွန်းတွေ(CounterQuestions)တက်လာမယ်လို့မျှော်လင့်ထားတာရှိတယ်။ လွှတ်တော်အင်စတီကျူးရှင်းလို့ပြောရင် လွှတ်တော်ပြင်ပမှာရှိတဲ့ (Extra Legislative Body) မလိုချင်ဘူး။ ဥပမာ - ပွင့်ပွင့်လင်းလင်းဘဲ ကျွန်တော် ပြောမယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီလိုကိစ်္စမျိုး လွှတ်တော်အပြင်မှာ တစ်ထီးတစ်နန်း နေတဲ့ကိစ္စမျိုးကို လွှတ်တော်ဘောင်ထဲကို
ရောက်အောင် ဘယ်လိုကြိုးစားရမလဲဆိုတာ ကျွန်တော်တို့ စဉ်းစားရမယ်။

လွှတ်တော်ထဲမှာရှိတဲ့ ရေးရာကော်မတီတစ်ခုလိုမျိုး၊ လွှတ်တော်ကိုတာဝန်ခံတဲ့၊ မဲဆန္ဒရှင်တွေကို တာဝန်ခံတဲ့၊ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေး
ဆိုင်ရာရေးရာကော်မတီလိုမျိုး လွှတ်တော်ထဲ ရောက်အောင် ဘယ်လိုဆွဲသွင်း
မလဲဆိုတာ ကျွန်တော်တို့စဉ်းစားရမယ်။လွှတ်တော်ပြင်ပမှာ တစ်ထီးတစ်နန်းနေတဲ့ (Extra Legislative Body) လိုမျိုး ကျွန်တော်တို့လက်ခံလို့ မရဘူး။ အဲဒါဟာ ကျွန်တော်တို့ ဦးတည်ချက်ထားပြီးလုပ်မယ့်ကိစ္စပါ။

သို့သော် တိုင်ပင်(Timing) နိုင်ငံရေးမှာ အရေးကြီးဆုံး(Timing)တိုင်ပင်။ အချိန်ကိုက်ဖြစ်မှု။ ဥပမာအားဖြင့် ကျွန်တော်ပြောပါမယ်။ ကျွန်တော် အသေးစိတ်တော့မပြောတာက အဲဒီအမျိုးသားပြန်လည်သင့်မြတ်ရေးကို ကိုယ့်အချင်းချင်းထဲမှာဘဲ ပြောတာကို ကျွန်တော်ပြောပါမယ်။
ညောင်နှစ်ပင်ညီလာခံတက်ခြင်း၊ မတက်ခြင်း။ တက်တာမှန်တယ်၊ တက်တာမှားတယ်ဆိုပြီး ပြောတယ်။ ကျွန်တော့်အယူအဆအရပြောရင် တက်သင့်တဲ့အချိန်မှာတက်ရင်မှန်တယ်။ တက်သင့်တဲ့ အချိန်မှာမတက်ရင် မှားတယ်။ မတက်သင့်တဲ့အချိန်မှာ တက်ရင်မှားတယ်။ မတက်သင့်တဲ့ အချိန်မှာ မတက်ရင်
မှန်တယ်။ နိုင်ငံရေးမှာ ဆုံးဖြတ်ချက်အားလုံး ဟာတိုင်ပင်။ ဘယ်ဟာက တသမတ်တည်း ဒါဖြူတယ်၊ ဒါမဲတယ်လို့ ကာလသုံးပါးစလုံးဟာမရှိဘူး။ အဲဒီတိုင်ပင် (Timing)ကို နားမလည်ရင် နိုင်ငံရေးဆုံးဖြတ်လို့ မရဘူး။ အဲဒါ ကျွန်တော်ပေးချင်တဲ့ မက်ဆေ့(Message)တွေအားလုံးဟာ ထပ်ကာတစ်လဲလဲကျွန်တော်အရဲစွန့်ပြီး
ပြောနေတာပါ။

ကျွန်တော်တို့ဟာ လှေနံဓါးထစ်နဲ့ ပန်းတိုင်ကိုစိုက်ထားတယ်။ နည်းလမ်းကိုမပြနိုင်ဘူး။ အဲဒီအခါကျတော့ ကိုယ်သွားချင်သလို သွားနေတယ်။ ပန်းတိုင်ကတစ်ခြား၊ ကျွန်တော်တို့သွားနေတာက အသွင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ သွားနေတယ်။ အဲတော့ ကျွန်တော်ပြောနေတာကိုပြန်ချုပ်ရရင် ကျွန်တော်တို့ လက်ရှိလွှတ်တော် အားနည်းနေတဲ့အချိန်၊ ချို့ယွင်းချက်တွေ
ရှိနေတဲ့အချိန်မှာ လွှတ်တော်ပြင်ပဆောင်ရွက်မှုတွေ၊ လမ်းပေါ်မှာ ဆန္ဒပြတာတွေ ၊
ဖော်ထုတ်တာတွေ၊ တောထဲမှာဆက်ပြီး လက်နက်ကိုင်တာတွေ ရှိနေအုံးမယ်။

ဒါပေမယ့် ကျွန်တော်တို့ဦးတည်ရမှာက တိုင်းရင်းသားအားလုံးကို နိုင်ငံရေးအရ ကိုယ်စားပြုတဲ့ လွှတ်တော်အင်စတီကျူးရှင်းအားကောင်းအောင်၊ နိုင်ငံရေး
ပြဿနာအားလုံးကိုလွှတ်တော်အင်စတီကျူးရှင်းဘောင်ထဲမှာ ဖြေရှင်းနိုင်တဲ့အခြေ
အနေရောက်အောင်၊ လွှတ်တော်ပြင်ပမှာ တစ်ထီးတစ်နန်းနေနေတဲ့ ဘယ်လို
အဖွဲ့အစည်းမျိုးကိုမှ လက်မခံနိုင်တဲ့အခြေအနေရောက်အောင် ကျွန်တော်တို့
ကြိုးစားဖို့လိုတယ်လို့ အလေးအနက် ကျွန်တော်အကြံပြုပါရစေ။
အားလုံးကိုကျေးဇူး တင်ပါတယ်။



မူရင်း Kyaw Swar Myint

ကိုကိုကြီး


ပြန်လည်မျှဝေပါတယ်
12.8.2013
ကိုထွန်းဝေ

No comments:

Post a Comment