Wednesday 28 August 2013

ချက်သမ္မတနိုင်ငံတွင် ကျင်းပမည့် လူ့အခွင့်အရေး ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်



ဒီမိုကရေစီ ရှေ့ဆောင်နှစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒလိုင်းလားမားတို့သည် ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့တွင် ရှေ့လ၌ကျင်းပမည့် လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ တက်ရောက်ကြမည်ဟု အဆိုပါဆွေးနွေးပွဲ၏ ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၂၆ ရက်တွင် ပြောကြားသည်။

နိုဗယ်ဆု ပိုင်ရှင်များဖြစ်သော မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်နှင့် နယ်နှင်ခံထားရသူ တိဗက်ခေါင်းဆောင်တို့ နှစ်ဦးသည် ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားကြလိမ့်မည်ဟု ဆွေးနွေးပွဲ ပြောရေးဆိုခွင့်ရှိသူ Filip Sebek က ဆက်လက်ပြောကြားသည်။ ၎င်းက သူတို့နှစ်ဦးကြား သီးသန့်ဆွေးနွေးရန်အတွက် တရားဝင် ကြိုတင်စီစဉ်ထားခြင်း မရှိသေးသော်လည်း တရုတ်နိုင်ငံအတွက် ကသိကအောက် ဖြစ်စေမည့် သီးသန့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်ရှိနိုင်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံ၏ အဓိက မဟာမိတ်နှင့် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည့် ဘေဂျင်းသည် ဒလိုင်းလားမားကို တရုတ်ဆန့်ကျင်ရေး ခွဲထွက်ရေး သမားတစ်ဦးအဖြစ် သတ်မှတ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ခန့်ကြာအောင် နေထိုင်ခဲ့ရပြီး အငြင်းပွားဖွယ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။ ၎င်းသည် ယခုအချိန်တွင် မြန်မာနိုင်ငံ အပြောင်းအလဲ၌ လွှတ်တော်အမတ်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေပြီ ဖြစ်သည်။ ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပနိုင်ငံ အများအပြားကို သွားရောက်ခဲ့ပြီး ချက်သမ္မတနိုင်ငံသို့ သွားရောက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် ယခုလူ့အခွင့်အရေး ညီလာခံသည် ချက်နိုင်ငံ ကတ္တီပါ တော်လှန်ရေး၏ ပြယုဂ်တစ်ဦးဖြစ်သူ Vaclav Havel နှင့် Elie Wiesel တို့က ၁၉၉၇ ခုနှစ်မှ စတင်ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်အတွက် "အပြောင်းအလဲကြားက လူမှုအသိုင်းအ၀ိုင်းများ" ခေါင်းစဉ်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး အမေရိကန် အဆိုတော်နှင့် တက်ကြွလှုပ်ရှားသူ Joan Baz၊ တောင်အာဖရိက နောက်ဆုံးလူဖြူသမ္မတ Frederik Willem de Klerk တို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

"ဒီနှစ်ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ အာဏာရှင် အစိုးရ လက်ထက်ကနေ ဒီမိုကရေစီစနစ်ကို အကူးအပြောင်းမှာ ဘာတွေလိုအပ်လဲ ဆိုတာကို ပိုမိုနားလည်လာအောင် လို့ပါ။ ထို့အတူပဲ နောက်တစ်ချက်ကတော့ ဒီလို အပြောင်းအလဲတွေကို ရပ်တန့်သွားအောင်၊ လမ်းကြောင်းပျောက်သွားအောင် လုပ်နိုင်တဲ့ အရာတွေ အကြောင်းလည်း နားလည်လာနိုင်ဖို့ပါ" ဟု ဆွေးနွေးပွဲအမှုဆောင် အရာရှိ Jakub Klepal က ထုတ်ပြန်ချက်တွင် ပြောကြားသည်။



EMG

No comments:

Post a Comment