ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ပူးပေါင်းကော်မတီ ဆုံးဖြတ်
Saturday, 24 August 2013 00:02
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ကျင်းပနေစဉ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ် တွေ့ရှိမှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ်
ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ဖွဲ့စည်းပုံ
အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၏ သြဂုတ် ၂၃ ရက်က ပြုလုပ်သော
ပထမအကြိမ် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။
အဆိုပါ
ပူးပေါင်းကော်မတီ အနေဖြင့် မြန်မာနိုင်ငံ၏ တည်တံ့ခိုင်မြဲမှု၊
တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့်
လျော်ညီစွာ တည်ဆောက်နိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရန်၊
တိုင်းရင်းသား မျိုးနွယ်စုများ အကြား အမျိုးသား စည်းလုံးညီညွတ်မှုကို
တည်ဆောက်ခြင်းဖြင့် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ဒီမိုကရေစီစနစ်
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍
ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဆိုသည်။
''ပူးပေါင်းကော်မတီရဲ့ သက်တမ်းကိုတော့ စတင်ဖွဲ့စည်းတဲ့ အချိန်ကနေ
ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီးတဲ့ အချိန်ထိ
သတ်မှတ်ထားပါတယ်။ ပြည်သူတွေရဲ့ နိုင်ငံရေး ရင့်ကျတ်မှု အခြေအနေ၊
တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေအနေ၊ တရားဥပဒေ စိုးမိုးရေးနဲ့
တည်ငြိမ်အေးချမ်းရေး အခြေအနေတို့ပေါ် မူတည်ပြီး လေ့လာသုံးသပ်သွားမှာ
ဖြစ်ပါတယ်'' ဟု ဦးအေးမောက်က ပြောကြားသည်။
ထို့အပြင် ကော်မတီ
အနေဖြင့် အငြင်းပွားဖွယ်ရာ ဖြစ်နိုင်သည့် ပြဋ္ဌာန်းချက်များထက် ပြည်သူအများ
လိုလားသည့် ပြဋ္ဌာန်းချက်များကို ဦးစားပေး လေ့လာသုံးသပ်မည် ဖြစ်ပြီး ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါသော်လည်း လက်တွေ့ဆောင်ရွက်နိုင်ခြင်း
မရှိသည့် ကိစ္စရပ်များကို လေ့လာဆန်းစစ် ဖော်ထုတ်ကာ ပြည်သူတို့၏ ယုံကြည်မှုကို
ရရှိသည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာရေး စသည့်အချက်များကို
လေ့လာသုံးသပ်မည် ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံ လေ့လာရာတွင်
ပြဋ္ဌာန်းချက်များကို အစုအဖွဲ့များ ဖွဲ့စည်းကာ အပိုင်းလိုက်ခွဲ၍ လေ့လာသုံးသပ်
ရမည်ဖြစ်ပြီး အစုအဖွဲ့အလိုက် လေ့လာတွေ့ရှိချက်များကို ပူးပေါင်းကော်မတီ၌
ပြန်လည်ဆွေးနွေး သုံးသပ်မှု ပြုလုပ်ကာ အများသဘော တူညီသည့် အစီရင်ခံစာအား
အပိုင်းလိုက်ခွဲ၍ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားပြီး
ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက
ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးမြညိမ်းက
လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးအေးမောက်နှင့် တွဲဖက်အတွင်းရေးမှူး အဖြစ် အမျိုးသား
လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment