Saturday 17 August 2013

ရေတမာ၊ ပန်းကျောင်းတို့ကိုဖန်တီးသူ ဆရာမင်းလူအား ကွယ်လွန်ပြီဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ



ရေးသားသူ- ဥက္ကာကိုကို

တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့...

“ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ”
အလိုဗျာ...
ဘာတွေဖြစ်ကုန်ကြပြီလဲ...။

အထက်ပါကဗျာကို ၁၉၈၉ ခုနှစ်တွင် ရေးသားခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားတစ်ဦးအဖြစ် ထောင်နံရံနှင့် သံတိုင်များကြား စံမြန်းခဲ့ဖူးသည့် သာဓုမျိုးဆက်၏ အငယ်ဆုံးသား စာရေးဆရာမင်းလူသည် ဒီမိုကရေစီခေတ်အရောက် သူ့ကိုချစ်သော စာဖတ်ပရိသတ်ပြည်သူအပေါင်းကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။

စာပေလက်ရာဖွဲ့နွဲ့ရေးသားမှုတွင် ပြောင်မြောက်လှသည့်အတွက် မင်းလူဟူသည့် ကလောင်တစ်ချောင်းကို အရွယ်သုံးပါးမရွေး ကြိုက်နှစ်သက်ခဲ့ကြသလို ယခုထက်တိုင် မျိုးဆက်သစ်လူငယ်များက သူ၏ နာမည်ကျော်ခဲ့သည့် စာအုပ်ဟောင်းများကို တခုတ်တရ လိုက်လံဖတ်ရှုနေရဆဲဖြစ်သည်။

ထို့ကြောင့် ဆရာမင်းလူသည် လူသေသော်လည်း အမည်မသေ။ လူထဲမှ လူတစ်ဦးဖြစ်သည့် ဆရာမင်းလူသည် စာပေ၀တ္ထုများ ရေးဖွဲ့ရာတွင် အခြေခံလူတန်းစားဘ၀များကို ပီပြင်စွာသရုပ်ဖော်နိုင်သကဲ့သို့ လူငယ်ထုကြားမှ စိတ်ခံစားမှုနှင့် အချစ်ဇာတ်လမ်းများကိုလည်း ပီပြင်စွာရေးဖွဲ့ခဲ့သည့်အတွက် ပရိသတ်များ နှစ်ခြိုက်စွဲလမ်းသည့် စာရေးဆရာတစ်ဦးဖြစ်ခဲ့သည်။

“ဆရာမင်းလူကို လူတွေ နှစ်သက်ကြတယ်ဆိုတာကလည်း ပြည်သူတွေရဲ့ ခံစားချက်ကို ထင်ဟပ်ပေးနိုင်တာကြောင့်လည်း ပါပါတယ်”ဟု မင်းလူပရိသတ်တစ်ဦးဖြစ်သည့် အသက်(၂၈)နှစ်အရွယ် ဒေါက်တာဟိန်းဇော်ညိုက ပြောသည်။

“တန်ဖိုးရှိတဲ့ မိန်းမဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ဟောင်းနွမ်းစုတ်ပြတ်နေပါစေ
ပြန်ဖတ်တိုင်း အရသာရှိတယ်လေ...”
(မင်းလူ-တကယ်မသေပါနဲ့ ကဗျာမှ)
ဆရာမင်းလူသည် အချစ်ကဗျာလေးများကိုလည်း နှလုံးသားလှပစွာဖြင့် ဖွဲ့နွဲ့ရေးသားခဲ့သည်။ ဒဿနဆန်ဆန် ကဗျာလေးများကိုလည်း လေးနက်စွာ ရေးဖွဲ့ခဲ့သည်။

သူသည် တစ်ခေတ်တစ်ယောက်ထွန်းသည့် စာရေးဆရာများထဲတွင် အပါအ၀င်ဖြစ်သည်။ဆရာမင်းလူ ကွယ်လွန်ခြင်းအတွက် စာဖတ်ပရိသတ်ပေါင်းများစွာက ၀မ်းနည်းကြေကွဲခဲ့ကြသည်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင်လည်း များစွာသော ပရိသတ်တို့က ၀မ်းနည်းကြောင်း အမှတ်တရစကားများကို အသီးသီးရေးသားခဲ့ကြသည်။

“တန်ဖိုးရှိတဲ့ စာရေးဆရာဆိုတာ မြေကြီးအောက်ရောက်သွားရင်လည်း အမည်နာမကို တွေးလိုက်ရုံနဲ့ အသစ်ပြန်ပိုင်လိုက်ရသလို အရသာရှိတယ်”ဟု ကဗျာဆရာ နက္ခတ်နီက အမှတ်တရစကားဆိုသည်။နာမည်ကျော်စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာကြီး ဦးသာဓုနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုတို့က ၁၉၅၄ ခုနှစ် မေ ၁၈ ရက် တွင် ရန်ကုန်မြို့ ၄၇ လမ်း၌ မောင်ဉာဏ်ပေါ်ကို မွေးဖွားခဲ့သည်။ ထိုမှ ၂၂ နှစ်အကြာ ၁၉၇၆ ခုနှစ်တွင် စာပေသူရဲကောင်းတစ်ဦးဖြစ်လာမည့် မင်းလူ၏ “နေ၀င်သွားတော့ လထွက်သည်”၀တ္ထုတိုကို ရုပ်ရှင်ပဒေသာမဂ္ဂဇင်းက စတင်ဖော်ပြခဲ့သည်။

အထက(၆) ဗိုလ်တထောင် (စိန်ပေါလ်)၊ သင်္ဃန်းကျွန်း အထ က(၁)ကျောင်းတို့တွင် အခြေခံပညာသင်ကြားခဲ့ပြီး ထိုစဉ်ကတည်းကပင် ဆရာမင်းလူသည် စာပေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှူးတာဝန်ကို ဆောင်ရွက်လာခဲ့သူဖြစ်သည်။

၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်သင်ကြားရင်း တက္ကသိုလ်ကျောင်းသားဘ၀၌ ကျင်လည်ခဲ့သည်။ ထိုအငွေ့အသက်တို့က ဆရာမင်းလူ၏၀တ္ထုများအတွက် နောက်ခံပန်းချီကားချပ်များ ဖြစ်ခဲ့သည်။ တက္ကသိုလ်နံရံကပ်စာစောင် နှင့် နှစ်ပတ်လည်မဂ္ဂဇင်းများတွင် ကဗျာများ ရေးသားလက်စွမ်းပြခဲ့ပြီး ဆရာ့၏အချစ်ကဗျာလေးများမှာ ရေပန်းစားခဲ့သည်။

ထိုစဉ်က ဆရာမင်းလူ၏ ကလောင်အမည်မှာ တောကျောင်းဘုန်းကြီးဖြစ်ပြီး ထိုအမည်က ဆရာ့ကလောင်ခွဲတစ်ခုလည်း ဖြစ်ခဲ့သည်။

ဆရာသည် ဒဿနိကဘာသာရပ်ဖြင့် ၀ိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။အိမ်သူသက်ထားဖြစ်လာမည့် သွား/ဆေးတက္ကသိုလ် စာကြည့်တိုက်မှူး မစန်းစန်းအောင် နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ ယခုကွယ်လွန်ချိန်တွင် မသူမ၊ မယုယဟူသည့် သမီးနှစ်ဦး ထွန်းကားကျန်ရစ်ခဲ့သည်။
ရုပ်ရှင်နယ်ပယ်တွင်လည်း ဆရာမင်းလူသည် ဇာတ်ညွှန်းများရေးသားခြင်းကို ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး သူရေးသားသည့်ဝတ္ထုများကို ရုပ်ရှင်အဖြစ် အသက်သွင်းရာ၌လည်း ကိုယ်တိုင်ပင် ဇာတ်ညွှန်းရေးသားပေးခဲ့သည်။

ဆရာမင်းလူသည် တက္ကသိုလ်နောက်ခံ အချစ်နှင့်ဘ၀သရုပ်ဖော်ဝတ္ထုလုံးချင်း ၆၀ နီးပါးကို ပြောင်မြောက်စွာရေးသားခဲ့ရာ စာဖတ်သူများ လက်ကမချနိုင်အောင်ပင် တသသ ဖတ်ရှုစွဲလမ်းရသည့် ဇာတ်လမ်းများဖြစ်လာခဲ့သည်။ ပန်းကျောင်း၊ ရေတမာ၊ သံယောဇဉ်အဖွဲ့ စသည့် တက္ကသိုလ်နောက်ခံဝတ္ထုများသည် လူငယ်ထုအကြား ရေပန်းစားခဲ့သည်။

ငှက်ကလေး၊ ခိုးခိုးခစ်ခစ်၊ အတွေ့လေးရယ်တဲ့ အိုအကြုံ၊ အော်ဆွေး၊ ပန်းကျောင်း၊ အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ၊ အောင်ဘာလေ၊ အလွမ်းသစ်၊ အများနှင့်မသက်ဆိုင်သောသူ၊ မိညီမ၊ ရင်ထဲကဆောင်းရာသီ၊ သူငယ်ချင်းတစ်ယောက်အကြောင်း စသည့် လုံးချင်းဝတ္ထုများသည် ဆရာမင်းလူကို ပရိသတ်များစွာ ရရှိစေခဲ့သည်။

ပန်းကျောင်းသည် ဆရာ့၏ ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သည်။ မဂ္ဂဇင်းနှင့် စာစောင်များတွင်လည်း ၀တ္ထုတိုပေါင်းများစွာ ရေးသားခဲ့ပြီး ၀တ္ထုတိုစုစည်းမှုအဖြစ် ပြန်လည်ထုတ်ဝေခဲ့ရာ လူကြိုက်များခဲ့ပြန်သည်။ စာပေစတိတ်ရှိုးပွဲတော်နှင့် အခြားဝတ္ထုတိုများ၊ လမ်းဖြတ်ကူးသောဝတ္ထုတိုများ၊ အချစ်သက်သက်ဝတ္ထုတိုများ၊ အခြား...၀တ္ထုတိုများ၊ အမုန်းခွန်အား ၀တ္ထုတိုများ၊ အက်ဆေးချစ်သူ စသည့် ၀တ္ထုတိုပေါင်းချုပ်စာအုပ်များကို စုစည်းထုတ်ဝေခဲ့သည်။

ဆရာမင်းလူသည် ၀တ္ထုတိုပေါင်း ၉၀ ကျော် ရေးသားခဲ့သည်။ စာရေးဆရာမင်းလူသည် ၀တ္ထုရေးသားခြင်းဖြင့် နာမည်ကျော်သော်လည်း ကဗျာဆရာအဖြစ်ကို ပိုမိုမြတ်နိုးသည်ဟုဆိုခဲ့သည်။ စာပေအမျိုးအစားပေါင်းစုံ ရေးသားသည့်အပြင် ဆရာမင်းလူကို ပရိသတ်များနှင့် စာပေလုပ်ဖော်ကိုင်ဖက်များချစ်ခင်ကြသည့် အချက်တစ်ခုက သရော်စာနှင့် ဟာသ၀တ္ထုတိုများ ဖန်တီးရာတွင် သူမတူအောင် ပြောင်မြောက်သည့်အတွက်ပင် ဖြစ်သည်။

စာပေလေလံပွဲ၊ စာပေကယ်ရီကေးချား စသည့် ၀တ္ထုတိုစုစည်းမှုများတွင် သူ၏မိတ်ဆွေ စာရေးဆရာပေါင်းမြောက်မြားစွာကို ဇာတ်ကောင်ပြု၍ ချစ်စနိုးဖြင့် သရော်ရေးသားခဲ့သည့်အတွက် ဖတ်ရှုသူ စာဖတ်ပရိသတ်များ ပွဲကျခဲ့ရသည်။ ယမကာလုလင်ဟူသည့် အရက်သမားဇာတ်လမ်းများကို ရေးဖွဲ့ခဲ့ခြင်းကလည်း ဆရာမင်းလူ၏ စာပေမှတ်တိုင်တစ်ခုဖြစ်သည်။

ဆရာမင်းလူသည် အနုပညာမျိုးရိုးမှ ဆင်းသက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မိသားစုသည် အနုပညာရှင်များအဖြစ် အသက်ထက်ဆုံး ရပ်တည်ခဲ့ကြသူများ ဖြစ်သည်။ ဦးသာဓုမှသည် မောင်ဝဏ္ဏ၊ သုမောင်၊ ရူပ၊ မင်းလူမှသည် ဖိုးသောကြာ၊ သူမ၊ ယုယ စသည့် မျိုးဆက်သစ်များအထိ ရုပ်ရှင်၊ ဂီတနှင့် စာပေလောကသားများအဖြစ် ရှင်သန်ကြသူများဖြစ်သည်။

“ဆရာမင်းလူကို ဆုံးရှုံးတာ စာပေလောကအတွက် ဒေါက်တိုင်တစ်တိုင် ကျိုးသွားသလိုပါပဲ။ ဆရာ့စာတွေက လူငယ်တွေအတွက် အတိတ်ကို လှည့်ကြည့်လို့ ရစေသလို အနာဂတ်ကိုလည်း မျှော်ကြည့်လို့ရတဲ့စာတွေပါ”ဟု အသက်(၂၇)နှစ်အရွယ် သတင်းအယ်ဒီတာ ကိုထက်နေကဆိုသည်။

“ဘ၀မှာ တော်တော်များများကို ကျွန်တော် သိပ်မလေးစားတတ်ဘူးဗျ။ သူကတော့တကယ့်ကို ရှားရှားပါးပါး ကျွန်တော်လေးစားတဲ့ အထင်လည်းကြီးတဲ့ လူတစ်ယောက်ပါ။ ထုတ်ဝေသူတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် သူ့နေပုံထိုင်ပုံက အင်မတန်ရှင်းတယ်။ ဘယ်တော့မှ ထုတ်ဝေသူတွေမျက်နှာကို မကြည့်ဘူး။ စာဖတ်ပရိသတ်မျက်နှာပဲ သူကြည့်တယ်။ သူ့သမိုင်းတစ်လျှောက်မှာ ရိုက်စားလုပ်ခဲ့တယ်ဆိုတာ ဘယ်တော့မှ မရှိခဲ့ဘူး”ဟု ငါတို့စာပေမှ ထုတ်ဝေသူတစ်ဦးဖြစ်ပြီး စာရေးဆရာလည်းဖြစ်သော မြေမှုန်လွင်က ဆရာမင်းလူနှင့်ပတ်သက်၍ ပြောပြသည်။

၂၀၁၃ သြဂုတ်လသည် သတင်းစာဆရာ၊ စာရေးဆရာမောင်ဝံသကို တမလွန်သို့ ခေါ်ငင်သွားခဲ့ပြီး ၀ိတိုရိယဆေးရုံကြီးတွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည့် ဆရာမောင်ဝံသ၏ ဈာပနမြေချမည့်ရက်မတိုင်မီညတွင် အဆိုပါဆေးရုံ၌ ကင်ဆာရောဂါဖြင့်ပင် အခန်းချင်းနီးလျက်တက်ရောက်နေသည့် ဆရာမင်းလူကိုပါ ထပ်မံခေါ်ဆောင်သွားခဲ့ပြန်ပါသည်။

သြဂုတ်လသည် လွန်ခဲ့သည့် ခြောက်နှစ်၊ သြဂုတ် ၅ ရက်ကလည်း နိုင်ငံကျော်စာရေးဆရာ၊ ကဗျာဆရာ တာရာမင်းဝေကို ခေါ်ဆောင်သွားခဲ့ဖူးသည်။ ယခုတော့ ဆရာမင်းလူသည် သူချစ်သောပရိသတ်ကို နှုတ်ဆက်သွားလေပြီ။ သြဂုတ် ၁၄ ရက် ည ၁၁ နာရီခွဲအချိန်တွင် ကိုယ်ထည်သေးသေး၊ နဖူးပြောင်ပြောင်နှင့် ပြည်သူချစ်သော စာပေသမားကြီးသည် ကမ္ဘာမြေပေါ်မှ ပျောက်ဆုံးသွားပြီဖြစ်သော်လည်း မင်းလူဟူသည့် ကလောင်တစ်ချောင်းသည် စာမွေ့သူတို့ နှလုံးသားတွင် ခေတ်အဆက်ဆက် ကမ္ပည်းတင်ကျန်နေဦးမည်သာဖြစ်သည်။ ။
 
 
17 August 2013 
 

No comments:

Post a Comment