Saturday 6 July 2013

ဒီစကား (Volume 1 No.11)



အရင်အပတ်ကအဆက်အနေနဲ့ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေက ပြည်သူတွေရေးပြောလိုက်တဲ့ ပြည်ထောင်စုမျှော်လင့်ခြင်းစကားတွေကို ကျွန်မတို့ နိုင်ငံသူနိုင်ငံသားများ သိဖို့အတွက် တင်ပြချင်ပါတယ်။ “စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ချီတက်ရင်း ကချင်ပြည်နယ် မနောမြေရဲ့ ငြိမ်းချမ်းရေးသံလွင်ခက်နဲ့ ချိုးကူသံကို… အမေစုနဲ့ NLD ယူဆောင်လာနိုင်ပါစေလို့ ဆန္ဒပြုရင်း…” ကမ္ဘောဇဆိုတဲ့ကဗျာဆန်တဲ့အမည်နဲ့ ကိုက်ညီစွာပဲ ရှမ်းပြည်နယ် တောင်ပိုင်းကော မြောက်ပိုင်းပါ စကားနု၊ စကားယဉ်လေးတွေနဲ့”


“ ဥယျာဉ်မှူးနဲ့ဝေးတဲ့ရှမ်း၊
အမေစုလာတော့လန်း”

“မောင်တို့ချယ်ရီမြေမှ အမေစုကို ရာသက်ပန်ထောက်ခံ” “အနာဂတ်၏မီးအိမ်ရှင်…” ”အိုဘဲ့ မီးအိမ်ရှင်…” ဒါလေးတွေက အမြည်းလောက်ပါပဲ။ ပြည်သူရဲ့မှတ်သားဖွယ်ရာ စကားလေးတွေ၊ ကဗျာလေးတွေက များလွန်းလို့ စပြီးစာအုပ်ထုတ်ရလိမ့်မယ်လို့ ကျွန်မတွေးမိပါတယ်။ ဒီအပတ်တော့ နယ်စုံက စကားတွေပါအောင် ရိုးရိုးလေးနဲ့ထိမိတဲ့ ပြည်သူတွေရဲ့ အရေးအသားနည်းနည်းပဲ ဖော်ပြပါရစေ။

“မယ်ဝယ်သား ဂူလောင်းအမေစုကို ရှစ်တယ်” (ထားဝယ်)
“တရားဥပဒေရဲ့ အလင်းရောင်” (အောင်ပန်း)
“အမေစုကို ‘၀’ များက အရမ်းချစ်ပါတယ်၊ ‘၀’ တွေကို မမေ့ပါနဲ့ အမေရယ်” (လားရှိုး)
“တစ်အိမ်တစ်ယောက် ဆင့်စရာမလို၊ တို့အမေကို တို့ကြိုဆို” (မန္တလေး)
“You’ll never walk alone” (သင်ဘယ်တော့မှ တစ်ယောက်တည်းလျှောက်ရမည်မဟုတ်ပါ) (မော်လမြိုင်)
“အမြဲတမ်းယုံကြည်ပါတယ်” (စစ်ကိုင်း)
“NLD ပဲဦးမှာထိုင်၊ ဒို့ပြည်သူက ပဲ့ကိုကိုင်လို့၊ တက်ညီလက်ညီ လှော်ကြမည်” (တောင်ငူ)

မကြာခဏတွေ့ရတဲ့စာတန်းကတော့ “ပြည်သူ့ပါတီ NLD” ပါပဲ။ ကျွန်မကတော့ “လူငယ်ပါတီ NLD”၊ ”ကလေးပါတီ NLD” လို့သာ ပြောလိုက်ချင်ပါတယ်။ များလိုက်တဲ့လူငယ်တွေ၊ ပုံစံအမျိုးမျိုး လည်ကတုံးရှပ်နဲ့ပုဆိုးနဲ့ သပ်သပ်ရပ်ရပ်ကလေးတွေရှိသလို ကေဆန်းဆန်းတွေ ခေတ်မှီဘောင်းဘီ အင်္ကျီတွေနဲ့ မိုက်မိုက်စတိုင်လေးတွေလည်း ပါပါတယ်။ ဘယ်လိုပဲ ၀တ်ဆင် ၀တ်ဆင်၊ လူငယ်တွေရဲ့တက်ကြွတဲ့စိတ်ဓါတ်ကြောင့် အားလုံးက ချစ်စရာပါ။ သူတို့အပြုံးတွေ၊ အားမာန်ပြည့်တဲ့မျက်နှာထားတွေ မြင်ရတာနဲ့ လန်းဆန်းပျော်ရွှ့င်သွားတာပဲ။ သူတို့တွေ “အမေ” လို့ အော်ခေါ်လိုက်ရင် တစ်ခါတည်းအင်အားတွေ ပြည့်သွားတာပဲ။ ဒီလိုလူငယ်တွေ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်နေတာ ကျွန်မတို့နိုင်ငံအတွက် မျှော်လင့်ချက်တွေပါ။

လူငယ်တွေတင်မက ကလေးတွေကလည်း တက်တက်ကြွကြွနဲ့ လမ်းလျှောက်နိုင်လိမ့်ဦးမယ်မထင်ရတဲ့ သေးသေးကွေးကွေးလေးတွေက ခုန်ဆွခုန်ဆွနဲ့ NLD အလံလေးတွေဝှေ့ယမ်းပြီး “အမေစု၊ အဖွားစု” စသည်ဖြင့် အသံစူးစူးလေးတွေနဲ့ ကြွေးကြော်လိုက်ရင် မရယ်မောပဲ မနေနိုင်ပါဘူး။ တစ်ခါတလေ ကလေးအုပ်စုလေးတွေမှာ ဘယ်လူကြီးမှ မပါဘူး။ NLD တီရှပ်တွေ ဖို့ယို့ဖားလားဝတ်ပြီး ပျော်ရွှင်နေလိုက်ကြတာ မြင်သူတိုင်း အသဲထဲအူထဲမြူးတာပါပဲ။ မတ်တက်ထနိုင်ရုံကလေးတွေမက၊ လသားပေါက်စလေးတွေကလည်း သူတို့မိဘတွေရင်ခွင်ကနေ ကြိုဆိုနေကြပါတယ်။ ပါးဖောင်းဖောင်းလေးတွေမှာ NLD စတစ်ကာနီနီရဲရဲလေးတွေကပ်လို့၊ NLD နဖူးစီးရဲရဲတောက်နဲ့ အရုပ်ကလေးတွေအတိုင်း ကျွန်မတွေ့ခဲ့ရတဲ့ ကလေးတွေဟာ မယုံနိုင်လောက်အောင် အေးဆေးပါတယ်။ လူအုပ်တွေ တိုးလိုက် တွန်းလိုက်နဲ့ အော်လိုက်ဟစ်လိုက်နဲ့ကြားထဲက နှစ်နှစ်ချိုက်ချိုက်အိပ်နေတဲ့ကလေးတွေလဲအများ။ မြန်မာပြည်အနှံ့ ယခုထိသွားခဲ့တဲ့ခရီးတွေ ဒီလိုလသားလေးငိုတာ တစ်ခါတောင်မတွေ့ခဲ့ရဘူး။ နည်းနည်းမဲ့တဲ့တဲ့ တစ်ယောက်နှစ်ယောက်လောက်ပဲ။ ထူးဆန်းလိုက်တာ။ ကျွန်မတို့ပြည်သူတွေရဲ့ အေးအေးရောင့်ရဲတဲ့ အတွင်းသဏ္ဍာန်ကို ဖော်ပြနေကြတာလား။ မိခင်တွေ ဖခင်တွေ ရွှင်လန်းတက်ကြွနေတဲ့ ဓါတ်တွေကူးပြီး ကျေနပ်အေးချမ်းနေကြတာလား။

ဒီတစ်ပတ်တော့ ဒီမျှသာ….။ ။

အောင်ဆန်းစုကြည်

မေတ္တာရိပ်မှ မျှဝေပေးပါတယ်။
6.7.2013

No comments:

Post a Comment