Friday 5 July 2013

စာပေဆိုင်ရာနိုဘယ်ဆု





နိုဘယ်ဆုသမိုင်းတလျှောက်လုံးတွင် ပြဿနာအပေါ်ဆုံးဆုမှာ စာပေဆိုင်ရာနိုဘယ်ဆုပင်ဖြစ်သည်။ စာပေဆိုင်ရာနိုဘယ်ဆုများကို ၁၉၁၄၊ ၁၉၁၈၊ ၁၉၃၅၊ ၁၉၄ဝ မှ ၁၉၄၃ အထိ ဆုများ မချီးမြှင့်နိုင်ခဲ့ချေ။

ထို့အပြင် စာပေဆိုင်ရာဆုကို ငြင်းဆန်သူများလည်း ရှိကြသည်။ ၁၉၅၈ ခုနှစ်က ရုရှားစာရေးဆရာကြီး ဘောရစ်ပါစတာနက် (Boris Pasternak – ၁၈၉ဝ-၁၉၆ဝ) သည် နိုင်ငံရေးကိစ္စကြောင့် ငြင်းပယ်ခဲ့သည်။ သူသည် ဒေါက်ဇီးဗားဂိုး (Doctor Zhivago) ၀တ္ထုရေးသည့် ထင်ရှားသော စာရေးဆရာဖြစ်သည်။ ၁၉၅၃တွင် စတာလင် ကွယ်လွန်ပြီးနောက် ကရူးရှက်တက်လာသည့်အခါ ဆင်ဆာဖြတ်တောက်မှုများ ကို လျှော့ပေါ့ပေးခဲ့သည်။ ပါစတာနက်သည် ထိုကာလအတွင်း ဒေါက်တာဇီဗားဂိုးဝတ္ထုကို ရေးသားပြီး နိုင်ငံတော် ထုတ်ဝေရေးတိုက်သို့ ပို့လိုက်သည်။ ၄င်းက လက်ခံကြောင်း သိရသည့်အခါ ပြည်ပတွင် ထုတ်ဝေနိုင်ရန်အတွက် အီတလီပြည်ရှိ စာအုပ်တိုက် တစ်တိုက်သို့ စာမူကော်ပီတစ်ခုပေးပို့လိုက်သည်။ သို့သော် ထိုကာလအတွင်း အစိုးရတိုက်က သဘောထားပြောင်းသွားပြီးနောက် ယင်းဝတ္ထုသည် ဘော်လရှီိဗစ်တော်လှန်ရေးကို အလွန်ကြီးကျယ်သော
ရာဇဝတ်မှုတစ်ရပ်သဖွယ်ထင်မြင်လာအောင် ရေးသားထားခြင်း ဖြစ်သည်ဟု ပြင်းပြင်းထန်ထန်ဝေဖန်လာသည် ပါစတာနတ်အားလည်း ၀တ္ထုတွင် ပြင်ဆင်စရာများရှိသဖြင့် စာမူကို ပြန်ပို့ပေးပါဟု အီတလီထုတ်ဝေသူထံ တောင်းခံစေသည်။ သို့သော် အီတလီထုတ်ဝေသူက ငြင်းပယ်သဖြင့် ၁၉၅၇ ခုနှစ်တွင် ရုရှားဘာသာဖြင့် စတင်ထွက်ရှိလာပြီး နောက်နှစ်မှာပင် အင်္ဂလိပ်အပါအဝင် ဘာသာ ၁၈ မျိုးတို့ဖြင့် ပြန်ဆိုခဲ့ကြသည်။ ၁၉၅၈ ခုနှစ်တွင် သည်ဝတ္ထုကို အဓိကအကြောင်းပြုကာ ပါစတာနတ်အား စာပေဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ခဲ့သည်။ ဆုကြေညာသောအခါ ပါစတာနတ်က ဝမ်းမြောက်ဝမ်းသာလက်ခံယူမည်ဟု ပြောဆိုခဲ့သည်။ သို့သော် ရုရှားကွန်မြူနစ်ပါတီ၏ အာဘော်ပရာပဒါသတင်းစာကနိုဘယ်ဆုကို ဖောက်ပြန်သော ဘူဇွာစာပေဆုကြီး ၀တ္ထုရေးဆရာအား ပေးအပ်ခြင်းမဟုတ်၊ ဆိုရှယ်လစ်တော်လှန်ရေးကြီး ညစ်ထေးအောင် လှောင်ပြောင်သူအား ချီးမြှင့်ခြင်းသာဖြစ်သည်ဟု ဆိုကာ ရှုတ်ချခဲ့သည်။


ဆိုဗီယက်ယူနီယံနိုင်ငံက ထိုဆုကိုလည်းကောင်း၊ ဆုရွေးချယ်သည့်ဆွီဒင်အကဲဖြတ်အဖွဲ့ကိုလည်းကောင်း၊ ဝေဖန်ရှုတ်ချလိုက်ပြီး ပါစတာနတ်အားလည်း လက်မခံရန် ဖိအားပေးသဖြင့် ဆုကို ငြင်းပယ်ခဲ့ရသည်။ ထို့အပြင် ပါစတာနတ်သည် ဆိုဗီယက်စာရေးဆရာများသမဂ္ဂ မှ ထုတ်ပယ်ခံရပြီး ဆိုဗီယက်စာရေးဆရာ ဟူသော ဝိသေသကိုပါ သူ့နာမည်ရှေ့က မထည့်ရန် ပိတ်ပင်ခြင်းခံခဲ့ရသည်။

၁၉၆၄ ခုနှစ်က ပြင်သစ်စာရေးဆရာ `ယန်းပေါလ်ဆာ့တ် (Jean- Paul Sartre) ဆိုသူကလည်း ငြင်းပယ်ခဲ့ပြန်သည်။ ငြင်းပယ်သည့်အကြောင်းမှာ မည်သူကမှ ဖိအားပေးမှုကြောင့်မဟုတ်ဘဲ သူ့သဘောသူ့အယူအဆအလျောက် ဖြစ်သည်။ ဆုကို ငြင်းပယ်ရခြင်းနှင့် စပ်လျဉ်း၍ ဆာ့တ်က `ယန်းပေါလ်ဆာ့တ်လို့ လက်မှတ်ထိုးတာနဲ့ နိုဘယ်ဆုရ ယန်းပေါလ်ဆာ့တ်လို့ လက်မှတ်ထိုးတာ မတူဘူးဗျ။ စာရေးဆရာဟာ သူ့ကိုယ်သူ ဘာပဲ ဘယ်အထဲကပဲ စသည်ဖြင့် မူသေသတ်မှတ်ခြင်း ခံရတဲ့ အနေအထား ရောက်ရှိမသွားအောင် ထိန်းသိမ်းရမယ်။ အဲဒီကိစ္စဟာ ဂုဏ်ထူးဝိသေသအမြင့်မားဆုံး အသွင်သဏ္ဌာန်မျိုးနဲ့ လာတာဖြစ်စေ ဒါကို ငြင်းဆန်ရမယ်´ဟူ၍ ဆိုကာ ဆုသွားမယူခဲ့ပေ။

တဖန် ၁၉၇၀ ပြည့်နှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ရုရှစာရေးဆရ `အလက်ဇန်းဒါး ဆိုဇင်နစ်ဆင်´ (Aleksandar Solzhenikgyn- ၁၉၁၈-၂၀၀၈) က ရရှိသော်လည်း ဆုသွားယူလျှင် တိုင်းပြည်သို့ ပြန်ဝင်ခွင့်ကို ရုရှားအာဏာရှင်အစိုးရက တားမြစ်မည်ကို စိုးရိမ်သဖြင့် သွားမယူခဲ့ရပေ။ ထို့နောက် ဆိုဇင်နစ်ဆင်၏ The Gulag Archipelago မှတ်တမ်းစာအုပ်သုံးတွဲတွင် ယခင်ဆိုဗီယက်ယူနီယံခေတ်က မတရားသော တရားစီရင်ရေးစနစ်နှင့် ပြစ်ဒဏ်စီရင်ပုံများအကြောင်းကိုလည်းကောင်း၊ စနစ်၏သားကောင် ဖြစ်ရသည့် သန်းပေါင်းများစွာသော ဆိုဗီယက်ပြည်သူတို့ ခံကြရသည့် ကြီးစွာသော ဒုက္ခဆင်းရဲများအကြောင်းကို ဇာဘုရင်ခေတ် ရုရှားပြည်၊ နာဇီခေတ် ဂျာမနီပြည်တို့နှင့် နှိုင်းယှဉ်၍လည်းကောင်း၊ ရေးသားဖော်ပြခဲ့သည်။ အကျဉ်းစခန်းတွင် ၈ နှစ်တာ နေထိုင်ခဲ့ရသည့် သူ၏ အတွေ့အကြုံနှင့် အခြားပုဂ္ဂိုလ် ၂ဝဝ ကျော်တို့၏ မှတ်တမ်းများ၊ ပေးစာများကို အခြေခံ၍ ရေးသားသည့် ၄င်းစာအုပ်ကို ၁၉၇၃-၇၄တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ရုရှားဘာသာဖြင့်လည်းကောင်း၊ ၁၉၇၄-၇၈ အတွင်း အမေရိကန်ပြည်ထောင်စုတွင် အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ထုတ်ဝေခဲ့သည်။
၁၉၇၄ ခုနှစ်တွင် ဆိုဇင်နစ်ဆင်အား ဆိုဗီယက်အစိုးရက ဖမ်းဆီးအရေးယူသည်။ ထို့နောက် သူ့အား နိုင်ငံသားအဖြစ်မှ ရုတ်သိမ်းပြီး ပြည်ပသို့ နယ်နှင်ဒဏ်ပေးခဲ့သည်။ ဆိုဇင်နစ်ဆင်သည် ပြည်နှင်ဒဏ်ခံရပြီးနောက် နိုဘယ်ကော်မတီသို့ ပြန်လည်လျှောက်ထားကာ ဆုကို ပြန်လည်လက်ခံယူခဲ့သည်။ သို့သော် ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသော်လည်း ဆုငွေကိုကား ရန်ပုံငွေထဲ ပြန်အပ်ခဲ့ပြီးဖြစ်၍ ပြန်ထုတ်မပေးတော့သဖြင့် မရရှိတော့ချေ။

ထို့နောက် ဆိုဇင်နစ်ဆင်သည် ပြည်ပ၌ ၁၆ နှစ်ခန့် နေထိုင်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ်တွင် သမ္မတသစ် ဂေါ်ဘာချော့ဗ်၏ ခွင့်ပြုချက်ဖြင့် Gulag မူရင်းထဲမှ ကောက်နုတ်ချက်များ စာအုပ်ကို ဆိုဗီယက်၌ ပုံနှိပ်ထုတ်ဝေခွင့်ရရှိခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ဆိုဇင်နစ်ဆင် အပါအဝင် ပြည်ပရောက်အနုပညာသည်များနှင့် ပညာရှင် ၂၂ ဦးတို့အား နိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြုသည့် အမိန့်စာကို သမ္မတဂေါ်ဘာချော့ဗ်က ထုတ်ပေးသဖြင့် ၁၉၉၄ ခုနှစ် ရုရှားပြည်သို့ ဆိုဇင်နစ်ဆင်သည် ပြန်လာနိုင်ခဲ့သည်။ ယင်းနောက်စာပေ များပြုစုရင်း ၂ဝဝ၈ ခုနှစ်တွင် ကွယ်လွန်သွားခဲ့လေသည်။

စာပေဆိုင်ရာ နိုဘယ်ဆုကို နိုင်ငံတကာမှ စာပေပညာရှင် ထိပ်ထိပ်ကြဲတို့အား ချီးမြှင့်ခြင်းဖြစ်သည်။ စာအုပ်တစ်အုပ်ကောင်း၊ နှစ်အုပ်ကောင်း ချီးမြှင့်ခြင်းမပြုဘဲ စာရေးဆရာ၏ ဘဝသက်တမ်းတလျှောက် လူထုအကျိုးပြုရေးသားပြုစုခဲ့မှုအားလုံးကို ခြုံငုံသုံးသပ်ပြီးမှ ချီးမြှင့်ခြင်းဖြစ်သည်။ ထို့အပြင် မည်သည့်နိုင်ငံ၊ မည်သည့်မူဝါဒကိုမျှ အခြေမခံဘဲ စာပေ၏ အနှစ်သာရနှင့် တန်ဖိုးအနဂ္ဃကိုသာ စိစစ်ရွေးချယ်၍ ချီးမြှင့်ခြင်းဖြစ်သည်။

စာပေဆိုင်ရာ နိုဘယ်ဆုရွေးချယ်ရေးမူသည် အလွန်စနစ်ကျ၏။ ပြိုင်ပွဲဝင်သည့် သဘောမျိုးလည်း မဟုတ်ပေ။ လျှောက်လွှာတင်သွင်း၍လည်း ရသည်မဟုတ်ပေ။ အာဏာပိုင်အစိုးရအဖွဲ့အစည်းမဟုတ်သော တသီးပုဂ္ဂလအဖွဲ့အစည်းများနှင့် NGO အဖွဲ့များက အကြံပေးတင်ပြခွင့် ရှိသည်။

စာပေဆိုင်ရာ ဆွီဒင်အကယ်ဒမီသည် စာပေဆုအတွက် အမည်စာရင်းတင်သွင်းပေးရန်တောင်းခံသော စာများကို အကယ်ဒမီအဖွဲ့ဝင်များ၊ စာပေပါမောက္ခနှင့် ဘာသာစကားဆိုင်ရာ ပါမောက္ခများ၊ ယခင်နိုဘယ်ဆုရရှိခဲ့သော ပုဂ္ဂိုလ်များ၊ စာပေအဖွဲ့အစည်း များမှ ဥက္ကဋ္ဌများ နှင့် အခြားစာပေပညာရှင်များထဲသို့ နှစ်စဉ်ပေးပို့သည်။ တောင်းခံလွှာစောင်ရေ စုစုပေါင်း (၃ဝဝဝ) ခန့် ရှိသည်ဟု ဆိုသည်။ အမည်စာရင်းတင်သွင်းလွှာများကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထား၍ အရောက်ပေးပို့ရန်နှင့် မိမိကိုယ်မိမိ အမည်စာရင်းတင်သွင်းပါက အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ကြောင်းလည်း အကယ်ဒမီက အသိပေးကြေညာထားသည်။ နိုဘယ်ဆုရွေးချယ်ကော်မတီသို့ ရောက်ရှိလာသည့်အမည်များကို စိစစ်ပြီး ပထမအဆင့်အဖြစ် ဦးရေ ၂ဝ ခန့် ကို ရွေးချယ်သည်။ ထို့နောက် ၄င်း ပုဂ္ဂိုလ် ၂ဝ ကို လအတန်ကြာအောင် ဝေဖန်စစ်ကြောကြပြီးနောက် ဆန်ကာတင် ၅ ဦးကို ရွေးချယ်သည်။ ယင်း ၅ ဦးထဲမှ တစ်ဦးစီနှင့် ပတ်သက်၍ အဘယ့်ကြောင့် ဆုချီးမြှင့်သင့်ကြောင်း၊ အဘယ့်ကြောင့် ဆုမချီးမြှင့်သင့်ကြောင်းတို့ကို အပြန်ပြန်အလှန်လှန်ထောက်ခံ ကန့်ကွက်ကြပြီးနောက် အောက်တိုဘာလထဲတွင် ကော်မတီက အပြီးသတ်အစည်းအဝေးထိုင်ကာ မဲခွဲဆုံးဖြတ်ကြသည်။ ကော်မတီဝင်များ၏ ထက်ဝက်ကျော်ဆန္ဒမဲရရှိသူသည် ထိုနှစ်အတွက် စာပေနိုဘယ်ဆုရှင်အဖြစ် ကြေညာခြင်းခံရပေသည်။ ဆုရွေးချယ်ခံရသော ကာယကံရှင်ပုဂ္ဂိုလ်ထံသို့ ဆုပေးပွဲမတိုင်မီ ၂ လအလိုတွင် တိုတိုနှင့်လိုရင်းအချက်များကိုသာ သတင်းပိုအကြောင်းကြားသည်။ စာပေနိုဘယ်ဆု ချီးမြှင့်သော အခမ်းအနားကို နှစ်စဉ် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ကျင်းပလေ့ရှိသည်။ ဆုကို ဆွီဒင်ဘုရင်မင်းမြတ်ကိုယ်တိုင် တက်ရောက်ချီးမြှင့်လေ့ရှိပြီး ဆုရရှိသူသည် ဆုဂုဏ်ပြုလက်မှတ်၊ ဆုတံဆိပ်နှင့် ဆုငွေ (၂၀၁၂ ခုနှစ် အတွက် ဆုငွေတန်ဖိုးမှာ ဒေါ်လာ ၁ ဒဿမ ၂ သန်း ဖြစ်သည်) တို့ကို လက်ခံရယူသည်။ ထို့အပြင် နိုဘယ်ရက်သတ္တပတ်အတွင်း စတော့ဟုမ်း၌ ဆုရမိန့်ခွန်းကိုလည်း ဟောပြောခွင့်ရ၍ ကော်မတီမှ ဧည့်ခံသော ညစာစားပွဲသို့လည်း တက်ရောက်ခွင့်ရသည်။

ဆုရှင်များရွေးချယ်လိုက်သောအခါ အားရကျေနပ်သူများရှိသလို၊ မကျေနပ်သူများ၊ ငြင်းပယ်သူများလည်း ရှိကြသည်။ စာပေနိုဘယ်ဆုရှင်များတွင် ၁၉၂၃ ခုနှစ်က ဆွတ်ခူးသွားသော ၀ီလျံဘတ္တလာယိစ်၊ ၁၉၂၉ ခုနှစ်က ဆွတ်ခူးသွားသော သောမတ်မန်း၊ ၁၉၃၆ ခုနှစ်က ဆွတ်ခူးသွားသော ယူဂျင်းအိုနေးလ်၊ ၁၉၄၆ ခုနှစ်က ဆွတ်ခူးသွားသော ဟာမင်းဟက်ဆေး၊ ၁၉၄၉ ခုနှစ်က ဆွတ်ခူးသွားခဲ့သော ၀ီလျံဖော့ကနား၊ ၁၉၅၄ က ဆွတ်ခူးသွားသော အားဟင်းမင်းဝေး၊ ၁၉၆၉ ခုနှစ်က ဆွတ်ခူးသွားသော ဆင်မြူရယ်ဗတ်စကက်ကဲ့သို့ စာပေသြဇာတိက္ကမကြီးမားသူများလည်း ပါဝင်ကြသည်။

သို့သော် စာပေသြဇာကြီးမားသော လီယိုတော်စတွိုင်း (၁၈၂၈-၁၉၁၀)၊ ဖရန်ကတ်ဖကား (၁၈၈၃ -၁၉၂၄)၊ မာဆဲပရူး (၁၈၇၁-၁၉၂၂)၊ ဂျိုးဇက်ကွန်ရက် (၁၈၅၇-၁၉၂၄)၊ ဂျိန်းဂျွိုက်စ်(၁၈၈၂-၁၉၄၁)၊ ဂျော့ခ်ျအော်ဝဲလ် (၁၉၀၃-၁၉၅၀)၊ အပ်တန်ဆင်ကလဲယား (၁၈၇၈-၁၉၆၈)၊ အဲရစ်ခ်မာရီယာရမာ့ခ် (Erich Maria Remarque) (၁၈၉၈-၁၉၇ဝ) နှင့် ဂရမ်ဟမ်ဂရင်းတို့ကို ခြွင်းချန်ထားခဲ့သည်လည်း ရှိသည်။ နိုဘယ်ကော်မတီက ပထမဆုံးပေးသည် ၁၉ဝ၁ ခုနှစ် လီယိုတော်စတွိုင်းကို စဉ်းစားခဲ့သေးသည်။ သို့သော် သူ၏ လူတကာနှင့် ကွဲပြားလွန်း သော ဘာသာရေးအမြင်နှင့် မင်းမဲ့ဆန်သောအယူအဆတို့ကြောင့် သူ့အားဆုမပေးရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

` ထို့နည်းတူစွာ ဂရေဟမ်ဂရင်းအား အဘယ်ကြောင့် မချီးမြှင့်ခဲ့သနည်းဟူသော မေးခွန်းကို စာပေဆိုင်ရာ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက `လူသိမများလှပေမယ့် အရေးပါတဲ့ စာပေတွေရေးသားနေတဲ့ လူတစ်ယောက်က ဆုရရင် ကောင်းတာပေါ့ဗျာ။ ဒါမှ ဖြစ်သင့်ဖြစ် ထိုက်တဲ့ အကျိုးကျေးဇူးဖြစ်ထွန်းလာပေမပေါ့´ ဟု ဖြေကြားသွားသည်။

အကျိုးကျေးဇူးကား အခြားမဟုတ်။ ငွေလိုနေသူကို ဆုကြေးငွေဒေါ်လာ တစ်သန်းကျော်ခန့် ဖြည့်ဆည်းပေးနိုင်သည့် နည်းတူ စာဖတ်ပရိသတ်အသစ်များလည်း တိုးပါားစေနိုင်ခြင်းပင် ဖြစ်သည်။ အကြင်ဆုရ စာရေးဆရာသည် စာပေအပေါ် သစ္စာစောင့်သိငြားအံ့။ ကမ္ဘာလုံးသိသော ရောင်းအားအကောင်းဆုံး စာရေးဆရာဘ၀သို့ ညတွင်းချင်း ရောက်သွားစေရန် နိုဘယ်ဆုက ဖန်တီးပေးနိုင်စွမ်း ရှိလေသည်။ ဖြေကြားသွားသည်။စာပေနိုဘယ်ဆုကိုပထမဆုံးငြင်းပယ်သူမှာဆွီဒင်နိုင်ငံမှ Eric Axel Carfldt ဖြစ်သည်။

သို့သော် ဆုရွေးချယ်ခွင့် ရရှိရန် စာရေးဆရာ၏ စာအုပ်များကို အင်္ဂလိပ်၊ ပြင်သစ်၊ ဆွီဒင်ဘာသာ တစ်ခုခုဖြင့် ပြန်ဆိုရေးသားထားရ ပေမည်။ ဆုရွေးချယ်ရေးအဖွဲ့သည် ထိုဘာသာရပ်များကိုသာ တတ်ကျွမ်းကြသူများ ဖြစ်လေသည်။ ထို့ကြောင့် အာရှနိုင်ငံသား စာရေးဆရာများဖြစ်ကြသော ရာဘင်ဒြာနတ်တဂိုး (အိန္ဒိယ)၊ ဂျိုးဇက်အဂ္ဂနွန် (အစ္စရေးလ်)၊ က၀ါဘာတာ (ဂျပန်)၊ မိုယန် (တရုတ်) တို့၏ စာအုပ်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြဲ့ခင်းကြောင့်သာ စာပေဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ၁၉၈၇ ခုနှစ်က စာပေဆိုင်ရာ နိုဘယ်ဆုရသော တရုတ်အမျိုးသား ဂေါင်ဇင်ကျန်းသည် ပြင်သစ်နိုင်ငံသား ခံယူထားသူဖြစ်သည်။ ယနေ့အထိ စာပေဆိုင်ရာနိုဘယ်ဆုကို အများဆုံးရရှိသော နိုင်ငံမှာ ပြင်သစ်နိုင်ငံဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က ဒုတိယနှင့်တတိယ လိုက်လျက်ရှိသည်။ ၁၉ဝ၁ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ နိုဘယ်ဆုများရရှိခဲ့သည့် အမျိုးသမီးအရေအတွက်မှာ ၄၄ ဦးရှိသည့်အနက် စာပေဆိုင်ရာနိုဘယ်ဆုကို ရရှိထားသူပေါင်းမှာ ၁၂ ဦး ရှိသည်။ ယင်းတို့မှာ ၁၉ဝ၉ တွင် Selma Lagerlof (ဆွီဒင်)၊ ၁၉၂၆ တွင် Grazia Deledda (အီတလီ)၊ ၁၉၂၈ တွင် Sigrid Undset (နော်ဝေ)၊ ၁၉၃၈ တွင် Pearl S. Buck (အမေရိကန်)၊ ၁၉၄၅ တွက် Gabriela Mistral (ချီလီ)၊၁၉၆၆ တွင် Nelly Sachs (ဂျာမနီ)၊ ၁၉၉၁ တွင် Nadine Gordimer (တောင်အမေရိက)၊ ၁၉၉၃ တွင် Toni Marrison (အမေရိကန်)၊ ၁၉၉၆ တွက် Wislawa Szymborska (ပိုလန်)၊ ၂၀၀၄ တွင် Elfriede Jelinek (သြစကြီးယား)၊ ၂၀၀၇ တွင် Doris Lessing (ဗြိတိန်) နှင့် ၂ဝဝ၉ တွင် Herta Muller (ရိုမေးနီးယား) တို့ ဖြစ်ကြသည်။

စာပေဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့သော နိုင်ငံများမှာ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြည်ထောင်စုသမ္မတဂျာမနီ၊ ဆွီဒင်၊ နော်ဝေ၊ စပိန်၊ ပိုလန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ အိုင်ယာလန်၊ အိုက်စလန်၊ ဖင်လန်၊ ချီလီ၊ ယူဂိုဆလားဗီးယား၊ ဂရိ၊ အစ္စရေး၊ ဂွာတီမာလာ၊ သြစတြေးလျ၊ တောင်အာဖရိက၊ ရုရှ၊ ရူမေးနီးယား၊ သြစတြီးယား၊ တရုတ်၊ အိန္ဒိယ၊ ကိုလံဘီယာ၊ ဂျပန်၊ ချက်ကိုဆလိုဗက်ကီးယား၊ ပီရူးနိုင်ငံ တို့ ဖြစ်ကြသည်။

စာပေဆိုင်ရာ နိုဘယ်ဆုကို ၁၉ဝ၁ ခုနှစ်တွင် ပထမဆုံး ဆွတ်ခူးရရှိသူမှာ ပြင်သစ်နိုင်ငံမှ ကဗျာဆရာနှင့် စာမွန်ရေးသားသူ `ရေနဲအက်ဖ်အေဆာလီပရုဟုမ်း´ ဖြစ်သည်။ ယခုနောက်ဆုံး ၂၀၁၂ ခုနှစ်အတွက် စာပေဆိုင်ရာနိုဘယ်ဆုကို တရုတ်နိုင်ငံသားထဲမှ ပထမဆုံးရရှိခဲ့သော မိုယန်ဖြစ်သည်။ တရုတ်နိုင်ငံသားထဲမှဆိုလျှင် သူသည် စာပေဆုကို ဒုတိယမြောက် ရရှိသူဖြစ်သည်။ အကြောင်းမူ ၁၉၈၇ ခုနှစ် စာပေဆုရရှိခဲ့သော ဂေါင်ဇင်ကျန်းသည် တရုတ်ပြည်ဖွားဖြစ်သော်လည်း ပြင်သစ်နိုင်ငံသားခံယူထားသူ ဖြစ်သောကြောင့် ဖြစ်သည်။


အသက် ၅၇ နှစ်အရွယ်ရှိ မိုယန်ကို ပြည်ပတွင် လူသိများလာစေသော စာအုပ်မှာ ၁၉၈၇ ခုနှစ်က ထုတ်ဝေခဲ့သည့် Red Sorghum ၀တ္ထုဖြစ်သည်။ ထိုဝတ္ထုသည် ၁၉၂၀ နှင့် ၁၉၃၀ ပြည့်လွန်နှစ်များတွင် တရုတ်ပြည်အရှေ့ပိုင်း ကျေးလက်ဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ရက်စက်မှုများအကြောင်းကို သရုပ်ဖော်ရေးသားထားသော ၀တ္ထုဖြစ်သည်။ အဆိုပါဝတ္ထုကို နာမည်ကျော် တရုတ်ဒါရိုက်တာ ကျန်ယိမူးက ရုပ်ရှင်ရိုက်ကူးခဲ့ရာ အလွန်အောင်မြင်ခဲ့ပြီး ၁၉၈၈ ခုနှစ် ဘာလင်ရုပ်ရှင်ပွဲတော်တွင် `ရွှေဝက်ဝံဆု´ (Golden Bear) ဆုကို ရရှိခဲ့သည်။

နိုဘယ်စာပေဆု ရွေးချယ်ရေးအဖွဲ့က မိုယန်သည် လွန်ခဲ့သော ရာစုနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ ထိပ်တန်းစာရေးဆရာများတွင် တစ်ဦးဖြစ်ပြီး ၄င်း၏ စာများတွင် တရုတ်ရိုးရာပုံပြင်များနှင့် တရုတ်သမိုင်းကို နိမိတ်ပုံ ဒိဋ္ဌဓမ္မနှင့် စိတ်ကူးယဉ်၊ သမိုင်းနှင့်လူမှုရေး အမြင်တို့ကို ရောသမမွှေထားသည်။ တချိန်တည်းမှာပင် ရှေးဟောင်းတရုတ်စာပေနှင့် နှုတ်ပြောအစဉ်အလာတို့မှ စွန့်ခွာမှုတို့ကိုလည်း တွေ့ရသည်။

နိုဘယ်ဆုရကြောင်း ကြေညာအပြီးတွင် မိုယန်က-

`စာရေးဆရာဟာ လူ့အဖွဲ့အစည်းထဲမှာနေတဲ့ လူဖြစ်လေတော့ သူ့စာတွေမှာ လူမှုပြဿနာမျိုးစုံတွေ၊ နိုင်ငံရေးတွေဟာ မဖြစ်မနေ ပါနေမှာပဲ။ လူ့အဖွဲ့အစည်းရဲ့ ခံစားမှုတွေကို အလေးထားတဲ့ စာရေးဆရာဟာ ဝေဖန်မှုတွေပါလာမှာ အမှန်ပဲပေါ့။ စာပေမှာ လွတ်လပ်စွာဝေဖန်ရေးဟာ အရေးပါတယ်လို့ ထင်ပါတယ်။ အမှန်တရားရဲ့ နှစ်လိုဖွယ်ရှိမှုနဲ့ အလှတရားရဲ့ သစ္စာရှိမှုတွေဟာလည်း ချီးမွမ်းထိုက်တဲ့ အရာတွေပဲဖြစ်ပါတယ်။´ ဟူ၍ သတင်းထောက်များအား ရှင်းပြခဲ့သည်။

မိုယန်သည် ၀တ္ထုရှည်၊ ၀တ္ထုတိုနှင့် အကြောင်းအရာမျိုးစုံ၊ အက်ဆေးများ ရေးသားခဲ့ရာထင်ရှားသော စာပေလက်ရာအချို့မှာ Big Breasts and Wide Hips, Republic of Wine နှင့် Life and Death are Wearing Me Out တို့ ဖြစ်သည်။

မိုယန်း၏ ၀တ္ထုများတွင် တရုတ်နောက်ဆုံးမင်းဆက်ကိုဖြုတ်ချခဲ့သော ၁၉၁၁ တော်လှန်ရေးစစ်အတွင်း ဂျပန်တို့၏ ရက်စက်ကျူးကျော်မှု၊ ကွန်မြူနစ်နိုင်ငံသစ်၏ မအောင်မြင်သောမြေယာပြုပြင်ရေးပေါ်လ စီလုပ်ဆောင်နေသော ၁၉၅၀ ပြည့်လွန်နှစ်ကာလများ နှင့် မော်စီတုံး၏ ၁၉၆၆-၆၇ ယဉ်ကျေးမှုတော်လှန်ရေးကာလ ရူးသွပ်သောလှုပ်ရှားမှုများကို နောက်ခံထား၍ ရေးသားခဲ့သည်။

ကျေးလက်ရိုးရာပုံပြင်များ၊ သမိုင်းနှင့် ခေတ်ပြိုင် အကြောင်းများကို ရေးသားနေသော မိုယန်ကို တရုတ်ပြည်အရှေ့မြောက်ပိုင်း ရှန်တောင်ပြည်နယ် ကောက်မီတွင် လယ်သမားမိဘနှစ်ပါးမှ ဖွားမြင်ခဲ့သည်။ ယဉ်ကျေးမှုတော်လှန်ရေးကာလတွင် အသက် ၁၂ အရွယ်ရှိပြီဖြစ်ရာ မိုယန်သည် ကျောင်းမှထွက်၍ အလုပ်ဝင်လုပ်ရသည်။ ပထမ စိုက်ပျိုးရေးတွင် ၀င်ရောက်လုပ်ကိုင်ရပြီးနောက် စက်ရုံတစ်ရုံ တွင် အလုပ်လုပ်ရသည်။ ၁၉၇၆ ခုနှစ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တွင် ၀င်ရောက်ခဲ့ပြီးနောက် စာပေများလေ့လာပြီး စတင် ရေးသားခဲ့သည်။ သူ၏ ပထမဆုံးဝတ္ထုတိုကို ၁၉၈၁ ခုနှစ်က ထုတ်ဝေသော `စာပေဂျာနယ်´ တွင် ပထမဆုံး ပုံနှိပ်ဖော်ပြခြင်း ခံရသည်။

မည်သို့ဆိုစေ…. စာပေဆိုင်ရာနိုဘယ်ဆုသည် နိုဘယ်ဆုသမိုင်းတလျှောက်တွင် ပြဿနာများ၊ အငြင်းပွားမှုများ ရှိခဲ့သော်လည်း ကမ္ဘာက လေးစားအသိမှတ်ပြုပြီးသည့် စာရေးဆရာကြီးများ၊ စာပေသြဇာတိက္ကမကြီးများသူများ၊ စာပေဖြင့် လူသားတရပ်လုံးကို အကျိုးပြု ဆောင်ရွက်နေသော စာရေးဆရာများကို ရွေးချယ်ချီးမြှင့်နေရာ စာပေနိုဘယ်ဆုဖြင့် ယင်းစာရေးဆရာများအား ထပ်ဆင့်ထင်ရှားစေခြင်း၊ ကမ္ဘာမကျော်သေးသော်လည်း မိမိတို့တိုင်းပြည် သို့မဟုတ် မိမိတို့ဘာသာစကား ပျံ့နှံ့ရာ နယ်ပယ်ဒေသများတွင် ထင်ရှားလျက်ရှိပြီး၊ စာပေအရည်အသွေးအရလည်းကောင်း ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသော ပုဂ္ဂိုလ်များကို နိုင်ငံတကာက သိရှိဖတ်ရှုမိအောင် ဆုချီးမြှင့်သောနည်းဖြင့် ဂုဏ်ရည်တင် ရွေးချယ်ဖော်ထုတ်ပေးနေသာ စာပေနိုဘယ်ဆုသည် ကမ္ဘာပေါ်တွင် အထင်ရှားဆုံးနှင့် အများလေးစား တန်ဖိုးထားခြင်း အခံရဆုံးသောဆု ဖြစ်သေလို နိုဘယ်ဆုရရှိသော စာရေးဆရာ၏ ဂုဏ်ဒြပ်သည်လည်း အစဉ်ထာဝရ ထွန်းလင်းတောက်ပ နေမည်မှာ မလွဲဧကန်ပင်တည်း။
စာကိုး
 
သန်းဝင်းလှိုင်
ဇူလိုင် ၄၊ ၂၀၁၃
  မိုးမခ မှကူယူဖော်ပြပါတယ်။

No comments:

Post a Comment