Thursday 6 June 2013

ကမ္ဘာ့ စီးပွားရေး ဖိုရမ်( World Economic Forum )


Thursday, June 06, 2013

ကမ္ဘာ့ စီးပွားရေး ဖိုရမ်သည် လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ရပ် ဖြစ်ပါသည်။ ကမ္ဘာသူ ကမ္ဘာသားများ၏ အခြေအနေအရပ်ရပ် ကောင်းမွန် တိုးတက်လာစေရန် ရည်ရွယ်၍ စီးပွားရေး လုပ်ငန်းဆိုင်ရာ ခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာရေးဆိုင်ရာ ခေါင်းဆောင်များ နှင့် လူမှုအသိုင်းအဝိုင်း ဆိုင်ရာခေါင်းဆောင်များအား စုစည်းလျက် ကမ္ဘာလုံးဆိုင် ရာ၊ ဒေသဆိုင်ရာ နှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ အကြောင်းခြင်းရာများအား အကောင်းဆုံးအနေအထား သို့ရောက်ရှိလာစေရန် ပုံဖော်ပေးနေ သော အဖွဲ့အစည်း ဖြစ်ပါသည်။

၁၉၇၁-ခုနှစ်တွင် ငွေရေး ကြေးရေး အကျိုးအမြတ် ကို အဓိကမထားသော အဖွဲ့အစည်း တစ်ရပ်အဖြစ် တည် ထောင်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဌာနချုပ် ရုံးစိုက်ပါသည်။ ဤအဖွဲ့သည် မည်သည့် နိုင်ငံရေးအယူဝါဒ၊ မည်သည့်အုပ်စု နှင့် မည်သည့် လူမျိုးကိုမျှ ဘက်လိုက်ခြင်း မရှိပါ။ ထို့ကြောင့် ဤအဖွဲ့သည် ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ငန်းများ၊ လူမှု အဖွဲ့အစည်းများ နှင့် နိုင်ငံအစိုးရများ၏ ထိပ်တန်း ခေါင်းဆောင်များ ပါဝင်သည့် ဘက်စုံ အကျိုးတူပူးပေါင်းလုပ်ဖော်ကိုင်ဖက် အများဆုံးပါဝင်သည့် ကမ္ဘာ့လူုထု အကျိုးအတွက် ဆောင်ရွက်နေသော ထူးခြားထင်ရှားသည် အဖွဲ့အစည်းအဖြစ် ရပ်တည် နေခြင်း ဖြစ်ပေသည်။

ကမ္ဘာ့ရေးရာများကို လက်တင် အမေရိက၊ အာဖရိက၊ အရှေ့အာရှ၊ အိန္ဒိယ၊ ဥရောပ နှင့် အရှေ့အလယ်ပိုင်း ဟူ၍ ဒေသကြီး ၆- ရပ်ခွဲခြားကာ အစည်းအဝေးများ ကျင်းပလေ့ရှိပါသည်။ မြန်မာနိုင်ငံမှ သာမန်ပြည်သူများအနေဖြင့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်အား ယခင်က အမှတ်တမဲ့သာ ထားခဲ့ကြပါသည်။ ယမန်နှစ် ကမ္ဘာ့ စီးပွားရေး ဖိုရမ် အရှေ့အာရှ ၂၀၁၂ အား ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ပြီး အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ် အဖြစ်သွားရောက်ပြီး မိန့်ခွန်းပြော ကြားခဲ့စဉ်က စ၍ ဤအဖွဲ့အား လူသိများလာခြင်း ဖြစ်ပါသည်။ ယခနှစ် ကမ္ဘာ့ စီးပွားရေး ဖိုရမ် အရှေ့အာရှ ၂၀၁၃ အား မြန်မာပြည်မှ အိမ်ရှင်အဖြစ် လက်ခံကာ ယခု နေပြည်တော်တွင် ကျင်းပနေသဖြင့် ပို၍ စိတ်ဝင်စား ဖွယ်ဖြစ်လာပါသည်။

ဤအဖွဲ့၏ ဘက်လိုက်ခြင်းကင်းမှု၊ ထိရောက်သော ဦးဆောင်မှု နှင့် အောင်မြင်သော စွမ်းဆောင်မှု များကို ကမ္ဘာ့နိုင်ငံအများအပြားမှ ယုံကြည်လက်ခံကြပြီး၊ သမ္မတရုံး ဝန်ကြီး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက “ ဒီအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ လိုလိုလားလား လက်ခံခဲ့တာဖြစ်ပြီး၊ ယခုကျင်းပတဲ့အခါ မှာလည်း အစိုးရအနေဖြင့် မည်သို့မျှ ချုပ်ချယ်ကန့်သတ်ခြင်း ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ အဖွဲ့၏ အစီအစဉ်အတိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် အဖွဲ့အစည်းများက ပါဝင် ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်၊ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး နိုင်ကြပါတယ် ” ဟု ဖိုရမ် အတွက် အကြို မီဒီယာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါသည်။

စီမံ အုပ်ချုပ်မှု နှင့် ခေါင်းဆောင်မှု ( Governance and Leadership )

ဖောင်ဒေးရှင်း ဘုတ်အဖွဲ့၏ ဥက္ကဌ ( ချယ်ယာမင် ) သည် မစ္စတာ ကလော့စ် ရှဝပ်ဘ် ( Klaus Schwab ) ဖြစ်ပြီး အဖွဲ့ဝင် ၂၄-ဦးပါဝင်ပါသည်။ ( ၂၀၁၂-ခုနှစ် ဇွန်လ ၁-ရက်နေ့စာရင်းအရ ) မန်းနေးဂျင်း ဒါရိုက်တာ ၃-ဦး၊ စီနီယာ ဒါရိုက်တာ ၂၀-ဦး နှင့် ဒါရိုက်တာ ၃၇-ဦး ပါဝင်ဖွဲ့စည်းထားပါသည်။

အဖွဲ့ဝင်များ ( Foundation Members )

အဖွဲ့ဝင် ( ၁၀၀၀ ) ရှိပါသည်။ အဖွဲ့ဝင်များသည် ကမ္ဘာ့အဆင့် ထင်ရှားကျော်ကြားသော ကုမ္ပဏီများဖြစ်ကြ ပါသည်။ ၎င်းတို့အနက် မဟာဗျူဟာမြောက် ( အဓိက ) ပါတနာ ၁၀၀ ရှီပြီး ကမ္ဘာကအဆင့်၊ ဒေသအဆင့် နှင့် လုပ်ငန်းကဏ္ဍအဆင့် အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ လုပ်ဆောင်မှုများတွင် နီးနီးကပ်ကပ် ပါဝင်ဆောင်ရွ့က် ကြပါသည်။ လုပ်ငန်းကဏ္ဍဆိုင်ရာ ပါတနာ ၄၀၀- တို့သည် လုပ်ငန်း ကဏ္ဍအလိုက် နှင့် လုပ်ငန်းကဏ္ဍများ အချင်းချင်း ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြပါသည်။ အဖွဲ့ဝင် ကုမ္ပဏီများအားလုံးတို့သည် အဖွဲ့၏ လုပ်ဆောင်မှု အားလုံးတွင် ပါဝင်ဆောင်ရွက်ကြပါသည်။

လူမှု အဝန်းအဝိုင်းများ ( Communities )

ကမ္ဘာ့စီးပွားရေး ဖိုရမ်သည် ကမ္ဘာအနှံ့အပြားမှ လူမှု အဝန်းအဝိုင်း ၃၈-ခုပါဝင်သော လူမှု အဝန်းအဝိုင်း ကြီးတစ်ခုဖြစ်ပါသည်။ ဖိုရမ်သည် လူမှု အဝန်းအဝိုင်းများကို စေ့မြေ့သိပ်သည်းခြင်း ( Bonding )၊ ပေါင်းစည်းခြင်း ( Binding ) နှင့် တည် ဆောက်ခြင်း ( Building )အားဖြင့် တွန်းအားပေးကာ အကျိုးအမြတ် ခွဲဝေခံစားသည့် အစုအဖွဲ့များ ( Commuities of Shared Interests ) အဖြစ်မှ ရည်ရွယ်ချက်ဦးတည် အစုအဖွဲ့ များ ( Communities of Purpose ) ထိုမှတဆင့် အောင်မြင်သော အစုအဖွဲ့များ ( Communities of Achievement )ဖြစ်လာကာ ကမ္ဘာကြီး၏ အခြေအနေကို တိုက်ရိုက် အကျိုးဖြစ်ထွန်းစေပါသည်။

ဝန်ထမ်း အရေအတွက် ( င်္Forum Employees )

အဖွဲ့ရုံးများကို ဂျီနီဗာ၊ နယူးရောက်၊ ဘေဂျင်း နှင့် တိုကျို မြို့များတွင် ဖွင့်လှစ်ထားပြိး ဝန်ထမ်းစုစုပေါင်း ၅၅၀-ခန့် ရှိပါသည်။ ၁၀-ဦးတွင် ၆-ဦးခန့်မှာ အမျိုးသမီးများဖြစ်ပြိး ဝန်ထမ်းအားလုံး၏ ၃-ပုံ ၂-ပုံခန့်မှာ မဟာဘွဲ့ ( မာစတာ ) ရရှိပြီးသူများဖြစ်ကြပါသည်။

အကြောင်းကိစ္စ အလိုက် ပညာရှင်များ ကွန်ယက် ( Experts in the Network of Global Agenda Councils )

ကမ္ဘာလုံးဆိုင်ရာ အကြောင်းကိစ္စရပ်များဆိုင်ရာ ကောင်စီ ၈၈-ခုအား ပူးပေါင်းလျက် ပညာရှင် ကွန်ယက် ဖွဲ့စည်းထားပါသည်။ ကောင်စီတစ်ရပ်တွင် သက်ဆိုင်ရာအကြောင်းအရာ နှင့် ပတ်သက်သော ကမ္ဘာကျော် ကျွမ်းကျင်ပညာရှင် ၁၅-ဦးမှ ၂၀-ဦးအထိပါဝင် ဖွဲ့စည်းထားပါသည်။ ကမ္ဘာအရေးအရာဆိုင်ရာ အကြောင်းကိစ္စ ရပ်များအား စဉ်ဆက်မပြတ် အကောင်းဆုံးအဖြေများ ရှာဖွေဖော်ုထုတ်နေရန်အတွက် ကျွမ်းကျင်ပညာရှင် ၁၅၀၀-ဦးခန့်အား ဖွဲ့စည်းတာဝန်ပေးထားလျက်ရှိပါသည်။

စီးပွားရေး လုပ်ငန်း ကဏ္ဍများ ( Industry Groups )

အခက်အခဲကြုံတွေ့နေရသော စီးပွားရေး ကဏ္ဍများမှ ပြဿနာများအား ဖြေရှင်းနိုင်မည့် စီမံကိန်း နှင့် ရှေ့ပြေးပုံစံများအား စီးပွားရေး ကဏ္ဍအလိုက်ပါတနာများက ကိုင်တွယ်ဖြေရှင်းပေးနေပါသည်။ စီးပွာရေး လုပ်ငန်းတစ်ခုချင်းအလိုက် သီးခြားစိဖြေရှင်း၍ မရနိုင်သော ပြဿနာများကို အဖွဲ့မှ တာဝန်ပေးထားသော စီးပွားရေး ကဏ္ဍအလိုက် ဆိုင်ရာ အစုအဖွဲ့များက စုပေါင်းအဖြေရှာ ပေးလျက်ရှိပါသည်။

စီးပွားရေးကဏ္ဍအလိုက် ပါတနာများသည် ကဏ္ဍတူ စီးပွားရေး အုပ်စု အဝိုင်းအဝန်း ၂၀- အုပ်စု ရှိပါသည်။ ၎င်းတို့မှာ -
• စိုက်ပျိုးရေး၊ အစားအစာ နှင့် အဖျော်ရည် လုပ်ငန်း ( Agriculture, Food & Beverage )
• မော်တော်ယာဉ် လုပ်ငန်း ( Automotive )
• လေကြောင်း နှင့် ခရီးသွားလာရေး လုပ်ငန်း ( Aviation & Travel )
• ဘဏ် နှင့် ငွေကြေး ရင်းနှီးမြုပ်နှံမှု လုပ်ငန်း ( Banking & Capital Markets )
• ဓါတု ဆေးဝါးလုပ်ငန်း ( Chemicals )
• စွမ်းအင် ဆိုင်ရာ ပစ္စည်းများ နှင့် နည်းပညာလုပ်ငန်း ( Energy Utilities & Technology )
• ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး နှင့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု လုပ်ငန်း ( Global Health & Healthcare )
• သတင်း အချက်အလက် နည်းပညာလုပ်ငန်း ( Information Technology )
• အခြေခံ အဆောက်အဦ နှင့် မြို့ပြ အိမ်ရာ ဖွံ့ဖြိုးရေး လုပ်ငန်း ( Infrastructure & Urban Development )
• ဦးတည် ရည်ရွယ်ချက်သတ်မှတ် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများ၊ ရံပုံငွေများ နှင့် မိသားစုရုံးများ ( Institunal Investors, Sovereign Fund & Family Offices )
• အာမခံ နှင့် ပိုင်ဆိုင်မှု ပစ္စည်း စီမံခန့်ခွဲမှု လုပ်ငန်း ( Insurance & Asset management )
• မီဒီယာ၊ ဖျော်ဖြေရေး နှင့် ပြန်ကြားရေး လုပ်ငန်း ( Media, Entertainment & Information )
• သတ္ထုတူးဖော်ရေး နှင့် သတ္ထုလုပ်ငန်း ( Mining & metals )
• ရေနံ နှင့် ဓါတ်ငွေ့လုပ်ငန်း ( Oil & Gas )
• ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူများ ( Private Investors )
• ကျွမ်းကျင် ပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ( Professional Services )
• မကုန်ခမ်းနိုင်သော စွမ်းအင် ( Renewable Energy Shapers Gas & Oil )
• လက်လီဖြန့်ချီရေး နှင့် လူသုံးကုန်လုပ်ငန်း ( Retail & Consumer Goods )
• ကုန်စည်ဖြန့်ဖြူးမှု နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ( Supply Chain & Transportation )
• တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း ( Telecommunications )
တို့ဖြစ်ကြပါသည်။






No comments:

Post a Comment