Sunday 2 June 2013

အတုမရှိတခုတည်းသာရှိတဲ့အမေစု




မစင်ကို ယိုသူမရှက်
မြင်သူရှက်ပါပေတယ်…။

န၀တ နအဖ ခေတ်အဆက်ဆက်
ယိုခဲ့တဲ့မစင်ပုံအတွက်
ယုံရက်စရာမရှိ
ပုံလျက်သာဖိချင်တဲ့အကြံနဲ့
ဒေါ်စုထံပုံပေး ယုံနိုင်သေးရဲ့လား…။

ကိုယ့်ထက်သာ မနာလိုစိတ်
ယိုဖိတ်နေတဲ့ ယူနီဖေါင်းချွတ်သွား
မြွေအရည်ခွံလဲသမားတွေ
တိုင်းပြည်ကိုခွစားနေတာမက
ကိုယ်ကဖွခဲ့တဲ့ အပုပ်အသိုး
အရုပ်ဆိုးတွေကို တိုးတိုးပွားပြီး
ကြိုးကြိုးစားစားအလုပ်လုပ်သွားနေတဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး
တိုင်ပြည်ရဲ့မိခင်ကြီးလို့
တရင်းတနှီးတင်စားခံရတဲ့ဒေါ်စုကို
မတော်မလျှော်အမှုတွေနဲ့
တခုပြီးတခု မီးတွင်းထဲ
ဆွဲသွင်းနေကြတာ
ပက်စက်လွန်းလှတဲ့အကြံတွေပါ။

ညွှတ်ကွင်းထဲ သွပ်သွင်းနေတာကို
ဇွတ်မငြင်းဘဲ တိုင်းပြည်ရဲ့မျက်နှာ
လူမျိုးရဲ့မျက်နှာ တသက်တာအရေး
အနာဂတ်မအေးမှာကိုကြောက်လို့
ရင်မောက်ပြီး လက်ခံလိုက်တာပါ…။

ဒါကိုအကွက်ထဲဝင်
ဆင်တဲ့ထောင်ချောက်ထဲဝင်ပြီလို့
မထင်လိုက်ပါနဲ့…။

၂၀၁၅အတွက် ရင်ခုန်သံတွေတက်နေလို့
အကွက်ဆင်ပြီးကုလာဖန်ထိုး
အကျင့်ဆိုးတွေ မဖျောက်
ခွေးမြီးကောက် ကျည်တောက်စွပ်သလို
ကျည်တောက်ချွတ်တာနဲ့
ကောက်မြဲတိုင်း ပြန်ကောက်လာပါတယ်။

ဤဇမ္ဗူ ဒေါ်စုလိုလူ
လူမတူ ပြိုင်စံရှား
နိုင်ငံခြားသားများပင် ခုံခုံမင်မင်
လိုလိုချင်ချင် စုံလင်အောင်ကြိုဆိုကြ
ထောပနာပြုကြတဲ့ဒေါ်စုကို
အံတုပြီး ဖားတုလို့ခရုပွက်
အိုင်ပျက်ရုံသာရှိတော့မပေါ့…။

ဥပဒေစိုးမိုးရေးနှင့်လူအခွင့်ရေး
တာဝန်ပေးထားသည်ကို
နေ့မအား ညမနား အားကြိုးမာန်တက်
ဆောင်ရွက်နေသည်ကို
အချောက်နှက်ချင်နေတဲ့အစေအပါးတွေက
ဆန္ဒပြသတဲ့လား…။

သူတပါးမစွန့်နိုင်တဲ့စွန့်ခြင်းမျိုးကို
နောက်မတွန့်ကြောက်မရွံ့ဘဲ
ရဲရဲကြီး မယိမ်းမယိုင်
ယုံကြည်ချက်ခိုင်ခိုင်နဲ့
နိုင်ငံအတွက်လုပ်နေတာကို
မမြင်ပါဘူးတဲ့လား…။

အကောင်းကို အဆိုးမြင်
တိုးဝင်လို့မရတဲ့ အတ္တအမြင်နဲ့
ဒေါ်စုကို မမြင်ပါနဲ့ သူ့အပြင်
မြင်ထားတဲ့သူများ ရှိထားလို့လား…။

သူမြင်တဲ့အမြင် သူဝင်လျှောက်နေတဲ့လမ်း
ဘယ်ကလောက်ပင်ကြမ်းကြမ်း
နောက်ပြန်လှမ်းမယ့်သူ မဟုတ်
လှိုင်းတွေ ဘယ်လိုပုတ်ပုတ်
သူစီးသွားနေတဲ့လှေငယ် ဘယ်လိုပင်လှုပ်လှုပ်
သူကနောက်ပြန်ဆုတ်မည် မဟုတ်
အားထုတ်လို့မာန်တက် ဇွဲနဲ့ပင်လှော်ရက်
လှေခွက်ချည်းကျန် အလံမလဲ..။

သူ့လိုပဲ ခင်ဗျားတို့ မငြင်းမဆန်
တင်းခံပြီး လုပ်နိုင်သလား
သူ့လိုပဲ အရာရာကိုစွန့်
နောက်မတွန့်ပဲ လုပ်နိုင်သလား…။

ကိုယ့်ကိုယ်ကိုကိုယ်ပြန်မေးပြီး
ကိုယ့်ဖာသာ ကိုယ်အဖြေပေးပါ…။

မလုပ်နိုင်ဖူးမဟုတ်လား
ဒါဆိုပါးစပ်ကိုပိတ်ထား
သူနဲ့လက်တွဲမသွားနိုင်တောင်
ခြံဝမှာ လာမဟောင်ပါနဲ့…။

သူ့အသက်သူ့အရွယ် မငယ်တော့ပါ
အရွယ်ကိုမထောက် ပြည်သူ့မျက်နှာကြောင့်
ရှေ့လျှောက်ရမယ့် ခရီးလမ်းပေါ်မှာ
ကိုယ်ကိုယ်တိုင်အလောင်ကျွမ်းခံပြီး
လမ်းကိုအလင်းပေးနေသူဟာ
ကျုပ်တို့အရေးထား လေးစားနေရတဲ့
အတုမရှိ တခုသာရှိတဲ့အမေစုပါခင်ဗျာ
အမေစုသက်တော်ရာကျော်ရှည်ပါစေ…။

တက္ကသိုလ်ဘုန်းကြွယ်(ဇွန် ၁ ၁၃)

1 comment:

  1. အတုမရှိတဲ့ အ မေစု စစ်စစ် .....
    ဒါပေမယ့် အ ဖေကိုတော့ တုလို့ မရဘူး .....
    ကုလယ်စုမ ကုလယ်စု .....

    ReplyDelete