Sunday 5 May 2013

စစ်မှန်သော လုံခြုံရာသို့

စစ်မှန်သော လုံခြုံရာသို့ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ
******************************************


အဌမမြောက် ‘ဂျွိုက်စ် ပီအာစ်’ အထိမ်းအမှတ်ဟောပြောပွဲတွင် အောင်ဆန်းစုကြည် ကိုယ်စား ဒေါက်တာမိုက်ကယ်အဲရစ်က ၁၉၉၃ ခုနှစ် မေ ၁၉ ရက်နေ့ အောက်စဖို့ဒ်တက္ကသိုလ်၌ ဖတ်ကြားသောစာတမ်း။


၁၉၉၃ ခုနှစ် ‘ဂျွိုက်စ် ပီအားစ်’ အထိမ်းအမှတ်ဟောပြောပွဲ၌ ဟောပြောရန် အကြောင်းကြားလာသောအခါ ကျမ များစွာဂုဏ်ယူမိပါသည်။ ‘ဂျွိုက်စ်ပီအာစ်’ ၏ လူမှုရေးလုပ်ငန်းများအကြောင်းကို ကြားသိခဲ့ရသည့် အတိတ်ကာလများ၊ အထူးသဖြင့် ကျမအား ကြင်နာမှု၊ ကူညီစောင့်ရှောက်မှု စသည်တို့ကို သွန်သင်ပြသပေးခဲ့သည့် ချစ်ခင်ရင်းနှီးရသော ‘လေဒီပက်ထရစ်ရှာ ဂိုးဘွတ်သ်’ နှင့် ၎င်း၏ခင်ပွန်း ကွယ်လွန်သူ ‘ပေါလ်’ တို့ထံမှ ကြားသိရသည့် အတိတ်ကာလများကို ပြန်လည်သတိရမိသဖြင့် နွေးထွေးသော မေတ္တာဓာတ်ကို ခံစားမိပါသည်။ ဤဟောပြောပွဲကို ‘အဲလီဇဘက် ဘုရင်မဆောင်’ က ကမကထ ပြုလုပ်၍ ကျင်းပမည်ဟု သိရသဖြင့်လည်း ကျမအနေနှင့် အထူးနှစ်သက် ကြည်နူးမိပါသည်။ ဤနေရာ၌ပင် ကျမသည် နှီးနှောဖလှယ်ပွဲများ၊ ဟောပြောပွဲများကို တက်ရောက်၍ အကျိုးဖြစ်ထွန်းသော အချိန်ကာလများကို ဖြတ်သန်းခဲ့ရပြီး၊ ကမ္ဘာအရပ်ရပ်မှ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံခဲ့ရပါသည်။ အောက်စဖို့ဒ်တက္ကသိုလ်၏ ပေါင်းသင်းဆက်ဆံမှု၊ တည်ငြိမ်အေးမြမှုနှင့် တွေးခေါ်မြော်မြင်မှုတို့ကို တွေ့ကြုံခဲ့ရသည့် ယင်းအချိန်ကာလများကို ကျမ ပြန်လည်သတိရမိပါသည်။ ထို့ကြောင့် ‘ဒုက္ခသည်လေ့လာရေးအစီအစဉ်’ နှင့် ‘ဂျွိုက်စ်ပီအာစ် အထိမ်းအမှတ် နှစ်လည်ဟောပြောပွဲကော်မတီ’ တို့အား ကျမကို ဖိတ်ခေါ်သည့်အတွက်တင်သာမကဘဲ၊ ၎င်းတို့၏ ဖိတ်ကြားမှုကြောင့် နှစ်သက်ဖွယ်ရာ အတိတ်ကာလများကို ပြန်လည်သတိရမိသည့်အတွက်ပါ ကျေးဇူးတင်မိပါသည်။

‘ဂျွိုက်စ်ပီအာစ်’ သည် အချိန်ရှိသမျှ၊ စွမ်းရည်ရှိသမျှ ဒုက္ခသည်များအတွက် ဆောင်ရွက်ခဲ့သဖြင့် ဤဟောပြောပွဲ၌၊ ဒုက္ခသည်များနှင့်သက်ဆိုင်သော အကြောင်းအရာများကို ပြောရန် မလိုတော့ဟု ကျမ တွေးမိပါသည်။ ဒုက္ခသည်များနှင့်ပတ်သက်၍ ပရိသတ်များအနေနှင့် ကောင်းစွာသိရှိပြီး ဖြစ်နေမည်ဟု ထင်ပါသည်။ ကျမအနေနှင့် ဤအကြောင်းအရာနှင့်သက်ဆိုင်သော နောက်ဆုံးတိုးတက်ဖြစ်ထွန်းမှုများကို အနည်းငယ်မျှထက် ပို၍ သိရှိနိုင်သော အခြေအနေတွင် မရှိသဖြင့် ဤအကြောင်းအရာကို ကိုင်တွယ်ရန် တွန့်ဆုတ်မိပါသည်။

သို့သော်လည်း ကျမ ဆက်၍ စဉ်းစားမိသည်မှာ refugee ဟူသော အသုံးအနှုန်းကို မြန်မာပြန်လိုက်သော အခါ ‘ဒုက္ခသည်’ တနည်းအားဖြင့် ‘ဒုက္ခခံစားနေရသူ’ ဟု အဓိပ္ပာယ်ပေါက်ပါသည်။ ဤသဘောအတိုင်းသာ ဆိုပါက ဒုက္ခသည်ဘဝကို ကျမတို့အားလုံး မလွဲမသွေ သိရှိရမည်ဖြစ်ပါသည်။ ဘဝရပ်တည်မှု၏ အနှစ်သာရတန်ဖိုးကို ပေးသော၊ လုံခြုံမှုနှင့် ကိုယ်စိတ်နှစ်ဖြာချမ်းသာမှုတို့ကို ချိုးဖဲ့ဖျက်ဆီးသည့် အင်အားစုများ၏ ဘေးရန်မှ ကင်းဝေးလုံခြုံရေးကို ရှာဖွေနေကြသော ဒုက္ခသည်များပင် ဖြစ်ကြပါသည်။

ဖျက်ဆီးမည့်အင်အားစုများကို သိရှိမှသာလျှင် မည်သို့မည်ပုံ အကာအကွယ်ယူရမည်ဟူသော အဖြေကို တွေ့နိုင်မည်ဖြစ်ပါသည်။ ကမ္ဘာတခွင်လုံးကို တုန်လှုပ်ခြောက်ခြား စိတ်ထိခိုက်သွားစေသည့် လူသိများလှသော အတိဒုက္ခဆိုးကြီးများသည် အသေးအမွှားကိစ္စကလေးများကပင် စတင်လေ့ရှိကြပါသည်။ ထိုကိစ္စကလေးများသည် နေ့စဉ်နှင့်အမျှ ကြုံတွေ့ရသည့် လောကီဒုက္ခများထဲတွင် အကျုံးဝင်သော၊ ချုပ်ထိန်းထားနိုင်သည့် ကိုယ်ရေးကိုယ်တာ စိတ်ဆင်းရဲမှုကလေးများနှင့် မခြားနားလှပါ။ လူသား၏ ဖန်တီးမှုကြောင့် ဖြစ်ပေါ်ရသော ဘေးဒုက္ခဆိုးကြီးများသည် (ခေါမဒဏ္ဋာရီပုံပြင်ပါ) နဂါးမင်း၏ အစွယ်များမှ ပေါက်ဖွားလာသော စစ်သည်များကဲ့သို့ တမဟုတ်ခြင်း အင်တိုက်အားတိုက် ထွက်ပေါ်လာခဲ့ခြင်း မဟုတ်ပါ။ ပုံပြင်ထဲ၌ပင်လျှင် နဂါးစွယ်များကို လူသားတဦးက ရအောင်ယူ၍ ပကတိရိုးသားအပြစ်မဲ့သည်ဟု မဆိုနိုင်သော ရည်ရွယ်ချက်နှင့် ပထဝီမြေကြီးပေါ်တွင် စိုက်ပျိုးထားခဲ့ခြင်းဖြစ်ပါသည်။ သဘာဝအကြောင်းသက်သက်ကြောင့် ပေါ်ပေါက်လာရခြင်း မဟုတ်သော ဒုက္ခဆိုးကြီးများသည် ဖြစ်ရိုးဖြစ်စဉ်ဟု အများးက သတ်မှတ်ထားကြသော လူသားတို့၏ ချို့ယွင်းချက်တို့၌ မြစ်ဖျားခံပါသည်။

ဤချို့ယွင်းချက်တို့သည် နေရာတကာတွင် ရှိရန်လိုအပ်ပါသလော၊ နေရာတိုင်းတွင်ရှိသည်ဟု ဆို၍ ရောဂါပိုးမွှားများကို မတားဆီးဘဲ ထားပါက အကာအကွယ်မရှိသူနှင့် အားနည်းသူတို့သာ ဒုက္ခရောက်ကြရမည်ကို နားလည်သဘောပေါက်ကြပြီး ဖြစ်ပါသည်။ ထို့ကြောင့် လူ့လောကတရပ်လုံးအား ပို၍ အန္တရာယ်ပေးနေသော ဖြစ်ရိုးဖြစ်စဉ်ဟု သတ်မှတ်ထားသည့် သဘေားထားမှုများအား မှန်ကန်အောင် ပြုပြင်သည့်ကိစ္စကို ပိုမို၍ အာရုံမစိုက်သင့်ပါသလားဟု မေးပါက မဆီလျော်သောအရာမဟုတ်ဟု ဆိုရမည်ဖြစ်ပါသည်။ ရုပ်ဝတ္ထုပစ္စည်းကို ဆထက်ထမ်းပိုး အဓိကထားလာသော လောကကြီးတွင် ပို၍သာ အားကြီးလာပုံရသော သဘောထားများနှင့် တန်ဖိုးထားမှုအချို့နှင့် စပ်လျဉ်းသော ကျမ၏ အတွေးအခေါ်အယူအဆကို ဤဟောပြောပွဲ၌ တင်ပြလိုပါသည်။



စစ်အေးခေတ်ကုန်ဆုံးသွားခြင်းသည် အမျိုးသားရေးနှင့် နိုင်ငံတကာအရေးတို့တွင် သဘောတရားရေး၊ နိုင်ငံရေး စသည်တို့ထက် စီးပွားရေးနှင့် ကုန်သွယ်ရေးတို့ကို ဦးစားပေးသင့်သည်ကို အချက်ပြလိုက်ခြင်း ဖြစ်သည်ဟုလည်း ယူဆကြပါသည်။ သို့သော်လည်း ပဋိပက္ခနှင့် အတိဒုက္ခများကြောင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော ပြည်သူများနှင့် တိုင်းနိုင်ငံတို့က လိုလားတောင့်တနေကြသည့် လူသိများလှသော ‘ကမ္ဘာ့စနစ်သစ်’ အား ငြိမ်းချမ်းသာယာတိုးတက်သော ခေတ်တခေတ်အဖြစ်သို့ ပြောင်းလဲလာစေရန် ဦးစားပေးလမ်းစဉ်များက စွမ်းဆောင်နိုင်မည်လောဟု စောဒကတက်နိုင်ပါသည်။

နှစ်ဆယ်ရာစုကုန်ဆုံးရန် နီးကပ်လာသည်နှင့်အမျှ လူသား၏ သာယာဝပြောမှုကို တိုင်းတာရာတွင် ရုပ်သတ္ထုကိုက်တံများဖြင့်သာ တိုင်းတာ၍မရနိုင်ဟူသည်မှာ သိသာထင်ရှားလာပါသည်။ အလွန်အခြေခံကျလှသော ဆင်းရဲမှုပြဿနာကို သုံးသပ်လေ့လာရာ၌ပင် ဆင်းရဲရပါသည်ဟူသော ခံစားမှုကို ဖြစ်ပေါ်စေသည့် ချို့တဲ့မှုကြောင့် ပေါ်ပေါက်လာရသော စိတ်ပိုင်းဆိုင်ရာသဘောကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ ဆင်းရဲမှုနှင့် စပ်လျဉ်းသော၊ ခေတ်သစ်အမြင်ဟုဆိုသော အယူအဆသည် မြန်မာတို့အဖို့ အသစ်အဆန်းမဟုတ်ပါ။ ရုပ်ဝတ္ထုပစ္စည်း မပြည့်စုံပါက၎င်း၊ ကိုယ်စိတ်မချမ်းသာသည့်အခါတွင်၎င်း၊ လူသားတဦးအား ပြီးပြည့်စုံစေ၍ ဘဝကို အဓိပ္ပာယ်ရှိစေသော ရုပ်ပိုင်းနှင့် နာမ်ပိုင်းဆိုင်ရာစွမ်းအင်များ ခေါင်းပါးစေခြင်းသည် ဆင်းရဲခြင်းပင် ဖြစ်ပါသည်။ ဆင်းရဲခြင်း၏ ဆန့်ကျင်ဘက်မှာ ချမ်းသာခြင်းဖြစ်ပြီး ရုပ်ဝတ္ထုကြွယ်ဝမှုကိုသာမကဘဲ ကိုယ်လက်သာယာမှုနှင့် ပျော်ရွှင်မှုဟုလည်း သဘောရပါသည်။ စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်းဟူ၍ ရှိပြီး၊ ကျမတို့သည် ကိုယ်စိတ်နှစ်ပါးစလုံး ချမ်းသာလိုကြပါသည်။

မကြာခဏ ပြောဆိုခြင်း မပြုကြသည့်တိုင်အောင် ကျယ်ပြန့်စွာ လက်ခံထားသည့်အချက်မှာကား စိတ်ချမ်းသာမှုကဲ့သို့ အလွယ်တကူ အဓိပ္ပာယ်အမျိုးမျိုးကောက်ယူနိုင်ပြီး နားလည်ရန်ခက်ခဲ၍ သေချာစွာ မသိနိုင်သောကိစ္စမျိုးကို မြှင့်တင်အားပေးရန် တာဝန်ယူဆောင်ရွက်ကြမည့်အစား၊ ပို၍ သိသာထင်ရှားသော ဒုက္ခအပေါင်းကို ပပျောက်ရေးအတွက်သာ အပြည်ပြည်ဆိုင်ရာ အေဂျင်စီများနှင့် အစိုးရတို့က ကြိုးစားလုပ်ကိုင်သင့်သည်ဟူသော အချက်ပင်ဖြစ်ပါသည်။ လုပ်ခ၊ ကျန်းမာရေး၊ လုပ်ငန်းခွင်အခြေအနေ၊ အိုးအိမ်၊ ပညာရေး၊ (ပညာရေးဆိုသည်မှာလည်း မည်ကာမတ္တ ကျဉ်းမြောင်းသော ပညာရေးမျိုး) စသည်တို့၌ အနည်းဆုံး ရှိရမည့် အဆင့်အတန်းကို သတ်မှတ်ရန် ရည်ရွယ်သည့် လမ်းစဉ်များနှင့် ဥပဒေပြုချက်များသည် လူ့ဘဝ သာယာဝပြောရေးကို ဦးတည်သော၊ အဖြစ်နိုင်ဆုံးဟု မျှော်လင့်နိုင်သည့် လုပ်ဆောင်ချက်များဖြစ်သည်ဟု ယေဘုယအားဖြင့် ယူဆကြပေသည်။ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်လာပြီးနောက် လူမှုသဘောထား၊ ကိုယ်ကျင့်တရားနှင့် ဒဿနဆိုင်ရာ တန်ဖိုးထားမှုများတွင်လည်း တိုးတက်ကောင်းမွန်လာမည်ဟု မှတ်ယူထားကြပုံ ရပါသည်။ “အူမတောင့်မှ သီလစောင့်နိုင်မည်” ဟူသော ကျမတို့ မြန်မာစကားသည်လည်း ယဉ်ကျေးမှုဘောင်များကို ကျော်လွှား၍ ကျယ်ပြန့်စွာ လက်ခံထားကြသော သဘောတရပ်ပင် ဖြစ်ပါသည်။ “ပထမ အဝအပြဲစား၊ နောက်မှ ကိုယ်ကျင့်တရား” ဟူသော ဂျာမန်စကားကို အမှတ်ရမိပါသည်။

သို့သော်လည်း ဤသို့ မှန်ကန်သည်ဟု ယူဆထားကြသော စကားရပ်တို့သည် လူ့အဖွဲ့အစည်းထဲတွင် အမှန်တကယ် ဖြစ်ပျက်နေသည်များကို ပကတိအတိုင်း ရောင်ပြန်ဟပ်နေသည်ဟု ပြောရန် မလွယ်ကူလှပါ။ ဘဝရှင်သန်ရပ်တည်ရေးအတွက် မကောင်းမှုများကို ကျူးလွန်၍ ကိုယ်ကျင့်တရားပျက်နေကြသည့် ကိစ္စများမှာ မငြင်းနိုင်သော အချက်ပင် ဖြစ်ပါသည်။ ရုပ်ဝတ္ထုပစ္စည်း အလျှံပယ်ကြွယ်ဝကြသဖြင့် ပေါ်ထွက်လာရသော အကျိုးသက်ရောက်မှုများထက်စာလျှင်၊ ကြွယ်ဝချမ်းသာပြီးသူများက ဆထက်ထမ်းပိုး အဆက်မပြတ် လိုချင်တောင့်တ ရမက် လောဘကြီးကြသောကြောင့်သာ မတရားမှု၊ ကိုယ်ကျင့်တရားပျက်မှု၊ ဆင်းရဲဒုက္ခ ပို၍ ကြီးထွားလာခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ လူသား၏ လောဘဟူသည်မှာ အဆုံးမရှိသဖြင့် အခြေခံ လိုအပ်ချက်များ အလုံအလောက် ရရှိပြီးသည့်တိုင်အောင် မရှိသေး၊ မလုံလောက်သေးဟူသော စိတ်ဓာတ်သည် ခိုင်မာစွာ ဆက်လက်ကိန်းအောင်းနေနိုင်ပါသည်။ ဤသည်ကြောင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကြွယ်ဝမှုသည် ဆင်းရဲဒုက္ခအပေါင်းကို ပေါ်ပေါက်စေသော အခြားအင်အားစုမျိုးစုံကို လျော့ပါးအောင် ပြုလုပ်ရန်မဆိုထားနှင့်၊ စီးပွားရေးပဋိပက္ခတိုက်ပွဲကိုပင် လျော့ပါးသွားအောင် အာမခံနိုင်မည်ဟု မမျှော်လင့်နိုင်ပါ။

ဆင်းရဲဒုက္ခဖြစ်ရခြင်း အကြောင်းရင်းအမျိုးမျိုးကို ရှာဖွေသော ဗုဒ္ဓတရားတော်တွင် အတောမသတ်သည့် လိုချင်တောင့်တမှုဖြစ်သော လောဘကို စိတ်တည်ငြိမ်သန့်ရှင်းမှုအား အနှောက်အယှက်ပေးသည့် ကိလေသာ ဆယ်ပါးတွင် ပထမ နေရာ၌ ထားရှိပါသည်။ ပေးကမ်းစွန့်ကြဲခြင်းဟူသော ‘ဒါန’ ကိုမူ ဗုဒ္ဓ၏ ပါရမီဆယ်ပါး၊ ပြုကျင့်ရမည့် ပုညကရိယာ ကောင်းမှုဆယ်ပါး၊ မင်းကျင့်တရားဆယ်ပါးတို့တွင် ထိပ်ဆုံးက နေရာပေးထားပါသည်။ ဤသို့ ‘ဒါန’ ပေးကမ်းစွန့်ကြဲမှုကို အလေးပေးထားခြင်းမှာ လောကီ၌ ဂုဏ်သိက္ခာတက်စေရန်နှင့် လောကုတ္တရာ အကျိုးအတွက်ဟူ၍ ပါးနပ်စွာ တွက်ကိန်းချကာ အလှူအတန်းပြုမှုကို လွယ်လင့်တကူ ထောက်ခံအားပေးခြင်း ဖြစ်သည်ဟု မမှတ်ယူသင့်ပါ။ သဘောထားကြီးခြင်း၊ စစ်မှန်သော စေတနာသဒ္ဓါတရားအရ ပေးကမ်းစွန့်ကြဲခြင်း စသည်တို့သည် လောဘကို ထိရောက်စွာ တန်ပြန်တွန်းလှန်ရာ၌၎င်း၊ ငြိမ်းချမ်းသာယာပျော်ရွှင်မှုကို ပေါ်ပေါက်စေသည့် စိတ်ကောင်း၊ စေတနာကောင်းများ ဖြစ်ပေါ်ရာ ရေသောက်မြစ်အဖြစ်၎င်း၊ အရေးကြီးလှသည်ကို အသိအမှတ်ပြုခြင်းပင် ဖြစ်ပါသည်။ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်မှ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်အရ သီလမကောင်းလျှင် ဒါနပင် မသန့်ရှင်းနိုင်ပါ။ အလှူလုပ်သည့်အခါ၌ ချီးမွမ်းခံလိုခြင်း၊ ဂုဏ်ယူလိုခြင်းသည် လောဘ၊ နတ်ပြည်ရောက်လိုခြင်းသည် လောဘ ဟု ဆရာတော်ဘုရားကြီးက ဩဝါဒပေးခဲ့ပါသည်။

မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာ ဟူသော ဗြဟ္မာစိုရ်တရား လေးပါးသည် ဒုက္ခကို သက်သာစေပြီး သတ္တဝါအားလုံးကို ပျော်ရွှင်မှုပေးနိုင်သော အသန့်စင်ဆုံး၊ အကောင်းမွန်ဆုံး စိတ်အခြေအနေများဟု ဗုဒ္ဓဘာသာဝင်တို့က ယူဆကြပါသည်။ ဤသို့သော မြင့်မြတ်သည့် စိတ်ထားများ မပေါ်နိုင်အောင် ကြီးမားသော အဟန့်အတားအဖြစ် တည်ရှိနေသည်မှာ အမျက်ဒေါသ သို့မဟုတ် မလိုမုန်းတီးစိတ်မဟုတ်ဘဲ ကာလကြာရှည်စွာ အစဉ်တစိုက် ကိုယ်ကျိုးကိုသာ ကျဉ်းမြောင်းစွာ ကြည့်ခဲ့သဖြင့် ပေါ်ပေါက်လာရသော ပုံသေစိတ်ထားပင် ဖြစ်ပါသည်။ မတရားခံရခြင်း၊ အထင်အမြင်လွဲမှားခြင်း၊ ကြောက်ရွံ့ခြင်း၊ မနာလိုဝန်တိုခြင်းတို့ကြောင့် ပေါ်ပေါက်လာရသော အမျက်ဒေါသ၊ သို့မဟုတ် မလိုမုန်းတီးစိတ်တို့အား အေးငြိမ်းအောင် ပြုလုပ်ရာတွင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း စသည်တို့ကို ဖြစ်ပေါ်စေနိုင်သော စိတ်သဘောထားကြီးမှု လုံလောက်စွာ ရှိရမည်ဖြစ်ပါသည်။ သို့သော် တဖက်သား၌လည်း တရားမျှတမှု၊ ကြင်နာမှု၊ စာနာထောက်ထားမှု တို့ကို အညီအမျှ ခံစားပိုင်ခွင့်ရှိသည်ဟူသော အချက်ကို အဓိက ဦးဆောင်ပါဝင်နေသူများ၏ အတွင်းစိတ်က လက်မခံနိုင်သည့်အပေါ်တွင် ပဋိပက္ခ အမြစ်တွယ်လာသောအခါ၌ ငြိမ်းချမ်းသာယာမှုကို ထိန်းသိမ်းရန် သို့မဟုတ် ပြန်လည်ရရှိရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်တော့ပါ။ ကြမ်းတမ်းခြင်း၊ တကိုယ်ကောင်းဆန်ခြင်း၊ အမြင်ကျဉ်းမြောင်းခြင်း တို့သည် လောဘနှင့် သက်ဆိုင်သကဲ့သို့ ကြင်နာသနားခြင်း၊ နားလည်မှုရှိခြင်း၊ အမျှော်အမြင်ရှိခြင်းတို့သည် စစ်မှန်သော သဘောထားကြီးမှုကို အရင်းခံသည့် ကောင်းမြတ်သော ဒါနတရားနှင့် သက်ဆိုင်နေပါသည်။

မိမိတွင်ရှိသမျှ ကောင်းသောအရာ၊ နှစ်သက်စရာများထဲမှ အခြားသူများအား ခွဲဝေပေးခြင်းအားဖြင့် ချမ်းသာသုခဟူသည် တကိုယ်ကောင်းစိတ်ကို ကျေနပ်အောင် ဖြည့်ဆည်းသည့်ကိစ္စထက် ပို၍ကျယ်ပြန့်သော အခြေခံလိုနေသည်ကို နားလည်ကြောင်း ပြသရာရောက်ပါသည်။ ထိုမှတဆင့် တိုးတက်ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက်မည်ဆိုပါက သူတပါး၏ ခံစားချက်နှင့် အခွင့်အရေးများကို ရိုသေလေးစားခြင်းသည် မိမိ၏ ခံစားချက်နှင့် အခွင့်အရေးကို ကာကွယ်သည့်နည်းတူ အရေးကြီးလှသည်ကို သိရှိနားလည်ရန် မဝေးတော့ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ကမ္ဘာ့ငြိမ်းချမ်ရေးနှင့် လုံခြုံရေးအခြေခံဖြစ်သော လူမှုဆက်ဆံရေး ပြေပြစ်မှုကို ဖျက်ဆီးသည့် တဖက်စောင်းနင်းလုပ်ရမ်များကို မှန်ကန်အောင် ပြုလုပ်ရန် လိုအပ်သည်ဟူသော အချက်ကိုမူ အမြဲတမ်း အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိကြပါ။ ထို့ကြောင့် ကိုယ်ကျိုးအတွက်သာ ဦးစားပေး အလေးထားလိုသော ဆန္ဒကို ဗုဒ္ဓဘာသာနှင့် အခြားဘာသာရေး၊ လူမှုရေးစနစ်များက အသိအမှတ်ပြုခဲ့ကြပြီး၊ မှန်ကန်အောင်ပြုပြင်ရန် ကြိုးစားကြခြင်း ဖြစ်ပါသည်။ “ကိုယ်ကျိုးကိုသာ လူ့ဘဝ၏ အနှစ်သာရအဖြစ် ထားရှိသော ပုထုဇဉ်တို့၏ ပြင်းပြသောဆန္ဒအား တွန်းလှန်ခြင်းနှင့် သူတပါးအကျိုး ဆောင်ရွက်ပေးခြင်းကို အဓိကထားသော ကိုယ်ကျင့်တရားကိုသာ လိုက်နာခြင်းတို့သည် စစ်မှန်သန့်စင်သော သူတော်ကောင်းတရားပင် ဖြစ်သည်” ဟု ဂျူးဘာသာလေ့လာသူ ပညာရှင်တဦးက ရေးသားထားပါသည်။

လူသားအားလုံးအား သူများအကျိုးကို ကိုယ်ကျိုးထက် ဦးစားပေးကြရန် ဖြောင်းဖြပြောဆိုနိုင်မည်ဟု မျှော်လင့်ခြင်းသည် မသိနားမလည်ရာ ရောက်ပါသည်။ သို့သော်လည်း အများပြည်သူ သဘောထားအပေါ် ဩဇာညောင်းနိုင်ပြီး လူ့အပြုအမူနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာအဆင့်အတန်းကို စံသတ်မှတ်နိုင်သည့် အစိုရများနှင့် အဖွဲ့အစည်းများက ဆုံးဖြတ်ချက် ခိုင်မာစွာချမှတ်ခြင်းဖြင့် ကိုယ်ကျိုးစီးပွားဟူသည်မှာ လူတဦး၏ ကိုယ်ကျိုးဖြစ်စေ၊ လူတစု၏ ကိုယ်ကျိုးဖြစ်စေ၊ တိုင်းပြည်တပြည်၏ ကိုယ်ကျိုးဖြစ်စေ၊ သူတပါး၏ အကျိုးစီးပွားနှင့် လုံးဝကင်းကွာ၍ မရကြောင်း ကမ္ဘာသူကမ္ဘာသားအများစုက သိရှိသဘောပေါက်နားလည်နိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုသည် လူမှုရေး၊ နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားအဆင့်အတန်းကို တိုးတက်ကောင်းမွန်စေသည်ဟု မှတ်ယူမည့်အစား သင့်တော်ရာ လူမှုရေး၊ နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးထားမှုများကို ထိထိရောက်ရောက် မြှင့်တင်အကောင်အထည်ဖော်ပေးခြင်းသည် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အထောက်အကူပြုရုံသာမကဘဲ ယင်တိုးတက်မှုကြောင့် ရရှိလာသော အသီးအပွင့်ကိုလည်း မှန်ကန်စွာ ဖြန့်ဝေနိုင်စေမည် ဟူသည်ကို မစဉ်းစားသင့်ပါသလေ။ “သောကဆင်းရဲကို ရှောင်ရှားနိုင်စေရန် လုံလောက်သော ဓနဥစ္စာများကို လိမ္မာ မှန်ကန်စွာ အသုံးချတတ်သော နှလုံးသား” တို့သည်သာလျှင် “အကောင်းဆုံးသော ချမ်းသာမှု” ဖြစ်သည်ဟူ၍ ‘အီးကီလပ်စ်’ ဆိုသူ အာသင်ပြဇာတ်ရေးဆရာကြီးက ရေးသားခဲ့ဖူးပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်မက်များ၊ တော်လှန်ရေးနှင့် အာဏာရှင်စနစ်များ ဖြစ်ပွားခဲ့ပြီးနောက် ထွန်းသစ်စ ခေါမအာသင် ဒီမိုကရေစီစနစ်သည် လွတ်လပ်စွာ ဆင်ခြင်တွေးတောတတ်သော လူသားတို့အတွက် အလွန်တရာ ထူးကဲစွာ သင့်တော်ကြောင်း စတင်သက်သေထူနေသည့်ခေတ်၌ အာသင်ပြဇာတ်ဆရာကြီးက ယင်းသို့ ရေးသားခဲ့ခြင်းဖြစ်ပါသည်။

မိမိ၏ သာယာဝပြောရေးနှင့် မသက်ဆိုင်သော ကြောင်းအရာအားလုံးကို ဖုံးကွယ်ရန် ကြိုးစားသည့် အမြင်ကျဉ်းမြောင်းသော ရုပ်ဝါဒသည် အမှန်စစ်စစ် မိမိနှင့်အသက်ဆိုင်ဆုံးသော ကိစ္စကိုပါ နောက်ဆုံးတွင် ဖုံးကွယ်သွားနိုင်ပါသည်။ အမေရိကန်ပြည်ထောင်စု၏ လူမှုစီးပွားရေးအနာဂါတ်တွင် ရင်ဆိုင်ရမည့် “ကျေနပ်မှုဓလေ့” အကြောင်းကို ဆွေးနွေးရာတွင် ပါမောက္ခ ‘ကင်းနက်-ဂေါဘရိသ်’ က ကံကောင်းသူနှင့် အခွင့်ထူးခံစားကြရသူများသည် လောလောဆယ် စည်းစိမ်ခံရမှုနှင့် ကျေနပ်မှုကို ရရှိရန်အတွက်သာ အာရုံပြုနေကြသဖြင့် ၎င်းတို့၏ ရေရှည်သာယာဝပြောရေးကိစ္စကို ထည့်သွင်းစဉ်းစားခြင်း မပြုကြတော့ဟု ထောက်ပြထားပါသည်။ “ဤသည်မှာ အရင်းရှင်လောကဟု ခေါ်နေဆဲဖြစ်သော လောက၌သာမဟုတ်ဘဲ ပို၍နက်ရှိုင်းသော၊ ပို၍ယေဘုယျကျသော လူ့ပင်ကိုယ် ဇာတိစိတ်နှင့်လည်း သက်ဆိုင်နေပါသည်” ဟု ရေးသားထားပါသည်။ ခိုင်မာစွာ တည်ဆောက်ထားသော ဒီမိုကရေစီအဖွဲ့အစည်းများ၊ စည်းမျဉ်းများဖြင့် ထောက်ကူထားသည့် ချမ်းသာကြွယ်ဝသော စက်မှုနိုင်ငံတနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ဆက်လက်သာယာဝပြောရေး တို့ကို ကျဉ်းမြောင်းသော လတ်တလောအကျိုးကိုသာ လိုလားသည့် ဇာတိစိတ်က သိသာထင်ရှားစွာ အန္တရာယ်ပြုနေသည် ဆိုပါက ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်တို့ကို မကြာမီကမှ စွန့်စား၍ မသေမချာနှင့် ကျင့်သုံးနေကြသော နိုင်ငံများကို ယင်းစိတ်ဓာတ်က ပို၍ အန္တရာယ်မပြုနိုင် ပါသလော။ စီးပွားရေးနှင့် နိုင်ငံရေးအာဏာကို လက်ဝါးကြီးအုပ်ထားရ၍ ကျေနပ်နေကြသော လူနည်းစုက ကြီးစိုးနေဆဲဖြစ်ပြီး တရားမျှတမှုနှင့် လွတ်လပ်မှုရောင်ခြည်ကို မြင်ရနိုးနိုးဖြစ်နေသော လူ့အဖွဲ့အစည်းများတွင် အဆိုပါအတ္တစိတ်သည် အလွန်ပင် အန္တရာယ်ကြီးလှပါသည်။

ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံများ၌ ရုပ်ပိုင်းဆိုင်ရာ အကျိုးခံစားမှုများကို မိမိတို့ မျှော်လင့်ထားသကဲ့သို့ ချက်ချင်းလက်ငင်းမရရှိကြ၍ မကျေမနပ်ဖြစ်နေသူတို့သည် ၎င်းတို့စိတ်ပျက်မှု၊ မချင့်မရဲဖြစ်မှုတို့ကို ပေါ့ပါးသွားစေရန် အတွက် ဖြစ်လာသမျှ ပြဿနာတို့သည် အချို့သောအဖွဲ့အစည်းများ၊ လူတန်းစားများ၊ လူမျိုးများနှင့် နိုင်ငံများ၏ ပယောဂကြောင့် ဖြစ်သည်ဟူသော မရေမရာ၊ ဟောင်းနွမ်းဆွေးမြေ့လှသည့် သီအိုရီအယူအဆများကို ထောက်ခံအားပေးကြပါတော့သည်။ တဖက်စောင်းနင်း သဘောထား၊ အကြောင်းမဲ့ ယုံမှားသံသယဖြစ်မှုနှင့် အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေသော ယင်းအယူအဆများသည် အဓိကအားဖြင့် တရားခံရှာခြင်းသာဖြစ်ပြီး တာဝန်ဝတ္တရားကို ငြင်းဆန်ခြင်း၊ လူမှုစီးပွားရေး အခြေခံပြဿနာများ၏ သဘောသဘာဝကို ဖြောင့်မတ်စွာ ပညာဥာဏ်ဖြင့် မသုံးသပ်နိုင်ခြင်း၊ ယင်းပြဿနာများကို ဇွဲရှိရှိဖြင့် ခိုင်မာစွာ မကိုင်တွယ်နိုင်ဖြင်း စသည်တို့ကို ပြသရာရောက်ပါသည်။ ဖြစ်မြောက်အောင်မြင်မှုမှန်သမျှကို ရုပ်ပိုင်းဆိုင်ရာအမြင်ဖြင့်သာ တန်ဖိုးဖြတ်ခြင်းသည် လူ့အဖွဲ့အစည်းကို ကျဉ်းမြောင်းစေရန် ကန့်သတ်ထားသောအမြင်ပင် ဖြစ်ပါသည်။ ဤအမြင်အရသာဆိုပါက လူ့အဖွဲ့အစည်းဆိုသည်မှာ အသက်ရှင်သန်လိုသော စိတ်လောက်ကိုသာ သိရှိခဲ့ကြသော သမိုင်းမတိုင်မီခေတ် လူသတ္တဝါများထက် အနည်းငယ်မျှသာ တိုးတက်သည့် အတ္တပြင်းသော စားသုံးကုန်စုဆောင်းသည့် အဖွဲ့အစည်းတရပ်ပင် ဖြစ်နေပါတော့သည်။ ထို့ထက် သာလွန်မြင့်မြတ်သော အရည်အသွေးများ ရှိစေရန်မှာ စိတ်ပိုင်းဆိုင်ရာများကိုလည်း တန်ဖိုးထားရမည် ဖြစ်ပါသည်။

လူသားအနေနှင့် သောကကင်းဝေး လုံခြုံရေးကို လိုချင်တောင့်တကြသည်မှာ လုံးဝ သဘာဝကျလှပါသည်။ အလျှံပယ်ကြွယ်ဝသော ရုပ်ဝတ္ထုမစ္စည်းများဖြင့် မိမိကိုယ်မိမိ ပတ်ဝိုင်း၍ အားဖြည့်ထားခြင်းဖြင့် လုံခြုံမှုရရှိမည် မဟုတ်သည်မှာ ခိုင်မာသော သက်သေသာဓကများရှိပါသည်။ သို့သော်လည်း လူပေါင်းများစွာတို့သည် ရုပ်ဝတ္ထုပစ္စည်းများ စုစည်းနိုင်မှသာလျှင် လုံခြုံမှုကို အာမခံပေးနိုင်မည့်အလား ပြုမူနေကြသည်မှာ ဝမ်းနည်းစရာပင် ဖြစ်ပါသည်။ ကမ္ဘာ့လုံခြုံရေးကို ယနေ့ အကြီးအကျယ် အန္တရာယ်ပြုနေသည်မှာ အဆင်းရဲဆုံးနိုင်ငံများ၏ စီးပွားရေး ချို့တဲ့မှု မဟုတ်ပါ။ လူ့လောက၏ အမျိုးမျိုးသော ဇာတိစိတ်နှင့် လိုလားချက်တို့ကို စေ့စပ်ဖျန်ဖြေပေးနိုင်သော သဘောတရားနှင့် ကျင့်စဉ်များကို ဂရုမစိုက်ဘဲ၊ နှိပ်ကွက်ဖျက်ဆီးထားသော နေရာဒေသများတွင် ပြင်းထန်စွာ ဖြစ်ပေါ်နေသည့် ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံရေးသဘောထား ကွဲလွဲမှုများက အန္တရာယ်ပြုနေခြင်းပင် ဖြစ်ပါသည်။ လွှမ်းမိုးကြီးစိုးနေကြသော ပုဂ္ဂိုလ်များနှင့် အုပ်စုများက ၎င်းတို့ စိတ်ကူးယဉ်ရာ အုပ်စုအကျိုးစီးပွားထက် ပို၍လုပ်ဆောင်ရန် ငြင်းဆန်နေကြ၍ လူမှုဘေးဒုက္ခဆိုးကြီးများ ဖြစ်ပေါ်လာရပါသည်။ ငတ်မွတ်ခေါင်းပါးမှုကို ကာကွယ်သည့် အကောင်းဆုံးနည်းမှာ တာဝန်သိတတ်သော အစိုးရ ရှိရန်ပင် ဖြစ်သည်ဟု ထင်ရှားသော ဖွံ့ဖြိုးမှုဆိုင်ရာ ဘောဂဗေဒပညာရှင်တဦးက ဆိုဖူးပါသည်။ ကူညီထောက်ပံ့မှုကို ထိရောက်အောင်မြင်ခြင်း မရှိအောင် ပြုလုပ်နေသော အခြေအနေများက ပြောင်းလဲရန် မကြိုးစားဘဲ ကူညီထောက်ပံ့နေခြင်းသည် နိုင်ငံရေးအရ၎င်း၊ စီးပွားရေးအရ၎င်း မှန်ကန်သောလုပ်ရပ်ဟု မပြောနိုင်သလောက်ပင် ဖြစ်ပါသည်။ ရုပ်ဝတ္ထုပစ္စည်းများနှင့် အတတ်ပညာများမည်မျှပင် ပေးကမ်းစေကာမူ လူသား၏ တာဝန်မဲ့မှု၊ ချို့ယွင်းမှု၊ မကောင်းမှု စသည်တို့မှ ပေါ်ပေါက်လာရသော ဆိုးသွမ်းသည့် အကျိုးဆက်များကို ကျော်လွှားဖယ်ရှားနိုင်မည် မဟုတ်ပါ။

အနိမ့်ဆုံးဖြစ်သော တရားမျှတမှုနှင့် သည်းခံခွင့်လွှတ်မှုတို့ကို ထိန်းသိမ်းထားသည့် တန်ဖိုးထားမှုစနစ်မှ လွဲချော်သွားသော လမ်းစဉ်များကြောင့် တိုးတက်သည့် နိုင်ငံများရော ဖွံ့ဖြိုးစနိုင်ငံများပါ ဒုက္ခရောက်ကြရပါသည်။ ဆိုဗီယက်ပြည်ထောင်စုဟောင်း လျင်မြန်စွာ ပြိုကွဲ၍ လူမျိုးရေးကို အဓိကဦးစားပေးကြသည့် နိုင်ငံအများအပြား ပါဝင်သော တိုင်းနိုင်ငံသစ်များ ပေါ်ထွက်လာခြင်းသည် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်နှင့် အုပ်ချုပ်ခြင်းဖြင့် တူညီမှုနှင့် နာခံမှုကို ရနိုင်ဖွယ်ရာရှိသော်လည်း ရေရှည်အေးချမ်းသာယာမှု သို့မဟုတ် တည်ငြိမ်မှုကိုမူ မရနိုင်ကြောင်း ပြသရာရောက်ပါသည်။ “အာဏာရှင်ခေတ်လွန်စနစ်” ကို အတော်လေး အောင်မြင်စွာ ကျင့်သုံးခဲ့သော ယူဂိုစလားဗီးယား နိုင်ငံတွင်လည်း ရုပ်ပိုင်းဆိုင်ရာ အကျိုးခံစားမှုများသည် သမိုင်းအတွေ့အကြုံမှ မွေးထုတ်လိုက်သော စိတ်ပိုင်းဆိုင်ရာ မနှစ်မြို့ဖွယ် ခံစားချက်များကို ပပျောက်အောင် မပြုလုပ်နိုင်သဖြင့် ယခုအခါတွင် ‘ဘောလကန်’ ဒေသ၌ အဆိုးဝါးဆုံးသော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများနှင့် ကြုံတွေ့နေရခြင်းပင် ဖြစ်ပါသည်။ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် စည်းလုံးညီညွှတ်မှုတို့ကို ရွှေငွေပစ္စည်းများပေး၍၎င်း၊ အတင်းအဓမ္မပြုလုပ်၍၎င်း ရရှိနိုင်မည် မဟုတ်ပါ။ သူတပါး၏ အယူအဆနှင့် အခွင့်အရေးတို့ကို ရိုသေလေးစား၍ လူ့လိုအပ်ချက်ကို စာနာသိရှိနိုင်ရန် ပြုစုပျိုးထောင်ပေးခြင်းဖြင့်သာ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် စည်းလုံးညီညွှတ်မှုကို ရနိုင်မည်ဖြစ်ပါသည်။ ခိုင်မာသော လူ့အဖွဲ့အစည်းပေါ်ပေါက်ရေးတွင် ကွဲပြားမှုနှင့် အယူအဆ မတူမှုတို့က တားဆီးနေခြင်းပဟုတ်ဘဲ၊ ပျော့ပျောင်းမှုမရှိခြင်း၊ အမြင်ကျဉ်းမြောင်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာကိုသာ ဦးစားပေးခြင်း၊ စသည်တို့ကသာ ယင်းလူ့အဖွဲ့အစည်း၏ ရှင်သန်တိုးတက်မှုကို ဟန့်တားနေခြင်းဖြစ်ပါသည်။ သူတပါးက လူသားတဦးကဲသို့ ပြုမူဆက်ဆံပါရန် တောင်းဆိုလာသည်ကို ပျက်ပြယ်အောင် ပြုလုပ်ရာတွင် မိမိနှင့် ကွဲပြားသည်ဟူသော အချက်တချက်ကိုသာ လုံလောက်သော အကြောင်းပြချက်ဟု ခံယူသည်အထိ စိတ်သဘောထားများ မာကြောခွင့် ရလာသောအခါမူ ခေတ်သစ်ယဉ်ကျေးမှုတို့သည်လည်း ထိတ်လန့်စရာ အရှိန်အဟုန်ဖြင့် ကြေမွပျက်စီးရပေတော့သည်။

ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး ရင်ဆိုင်နေရသော ဒေသများ၌ သည်းခံခွင့်လွတ်မှု၊ ကြင်နာသနားမှုနှင့် လုံခြုံမှု စသည်တို့ ကွယ်ပျောက်ပြီး စားသုံးကုန်ပစ္စည်းများ အလွန်ပင်လျော့နည်းသွားသော်လည်း စစ်လက်နက်ပစ္စည်းများမှမူ ပေါများနေဆဲဖြစ်ပါသည်။ ဤသည်မှာ တန်ဖိုးထားမှုစနစ်တခုလုံး ကပြောင်းကပြန် ဖြစ်သွားခြင်းပင် ဖြစ်ပါသည်။ လူက ဖန်တီးလိုက်သော အမုန်းပွားမှု၊ သွေးထွက်သံယိုမှုနှင့် လူမှုစီးပွားရေး ကစဉ့်ကလျားဖြစ်မှုများမှ လွတ်မြောက်နိုင်မည့် တခုတည်းသောနည်းလမ်းမှာ သက်ဆိုင်သူအားလုံး စုဝေး ဆွေးနွေး စေ့စပ် ညှိနှိုင်း၍ ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှာရန်ပင်ဖြစ်ကြောင်း၊ သိရှိ နားလည် သဘောပေါက်လာသော အချိန်အခါ၌မူ ဆင်ခြင်တုံတရားကို ပြန်လည်ကျင့်သုံးရန် မလွယ်ကူတော့သော အခြေအနေသို့ ရောက်ရှိနေပြီး ဖြစ်ပါတော့သည်။ မတရားမှုကို ပြန်လည်ကျင့်သုံးရန် မလွယ်ကူတော့သော အခြေအနေသို့ ရောက်ရှိနေပြီး ဖြစ်ပါတော့သည်။ မတရားမှုကို တရားဝင်အောင် ပြဌာန်း၍ ဥပဒေကို ပျက်ရယ်ပြုကာ လူမှုစီးပွားရေးနှင့် နိုင်ငံရေးမညီမျှမှုတို့ကို သက်ဆိုးရှည်စေသည့် စနစ်များက ပုံသွင်းပေးလိုက်သူတို့သည် ဂိုဏ်းဂဏအုပ်စု အကျိုးထက် တရားမျှတရေးနှင့် အများ သာယာဝပြောရေးကို ပို၍ ဦးစားပေးသော မျှတသည့် သဘောတူညီချက် ဟူသော အယူအဆကို မြန်ဆန်စွာ ညှိနှိုင်းလက်ခံခြင်း မပြုနိုင်ကြပါ။ သို့မဟုတ် - လုံးဝ လက်မခံနိုင်ကြပါ။

စစ်အေးခေတ်တွင် ရက်စက်သော အစိုးရများနှင့် လက်နက်ကိုင်အုပ်စုတို့၏ မတရားမှုများကို သဘာဝတရားရေးရာ အကြောင်းများကြောင့် ခွင့်လွှတ်ထားခဲ့ကြပါသည်။ ထို့ကြောင့် ပေါ်ထွက်လာသော ရလဒ်များမှာ ကျေနပ်ဖွယ်ရာမရှိပါ။ ယခုအခါတွင် တရားမျှတမှုနှင့် လူ့အခွင့်အရေးကို အဓိကထား အလေးပေးလာသော်လည်း နိုင်ငံရေးနှင့် စီးပွားရေး (အထူးသဖြင့် စီးပွားရေး) အမြတ်ရမှုကိုသာ ထိပ်တန်း တင်လိုသည့် ပုဂ္ဂိုလ်များ ရှိနေဆဲပင် ဖြစ်ပါသည်။ သို့သော်လည်း ကာလကြာရှည်စွာ ကြွယ်ဝချမ်းသာလာခဲ့သော လူ့အဖွဲ့အစည်းများတွင်လည်း လူမှုရေးရောဂါကြီးများ စွဲကပ်နေကြ၍ အနာဂတ်အတွက် ရင်လေးနေကြရပါသည်။ ချမ်းသာစ နိုင်ငံများကလည်း ၎င်းတို့၏ ဥစ္စာဓနအတော်များများကို လက်နက်နှင့် စစ်တပ်အတွက် အသုံးပြုနေကြပုံ ရပါသည်။ ထို့ကြောင့် ပို၍ ချမ်းသာကြွယ်ဝခြင်းနှင့် ပို၍ ငြိမ်းချမ်းသာယာခြင်းတို့သည် အခြေခံ သဘာဝအားဖြင့် အဆက်အသွယ် မရှိသည်မှာ ရှင်းလှပါသည်။ လူ့လောကတခုလုံး သာယာကြည်နူးရေးအတွက် ချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းမှု နှစ်ခုစလုံးလိုအပ်ပါသည်။ ချမ်းသာကြွယ်ဝမှုက ကိုယ်ဆင်းရဲခြင်းကို စိတ်သက်သာစေ၍ ငြိမ်းချမ်းမှုက စိတ်တည်ငြိမ်အေးချမ်းခြင်းကို ဖြစ်ပေါ်စေပါသည်။ ဤနှစ်ချက်ကို အညီအမျှ ဦးစားပေးသော လမ်းစဉ်များသည်သာလျှင် ကိုယ်စိတ်ချမ်းသာမှုနှင့် လူမဆန်မှုတို့ကို အလွယ်တကူ ဖြစ်ပေါ်စေသော လောဘအန္တရာယ်ကို သတိရှိကြရန် လိုအပ်ပါသည်။ မိမိ၏ ပျော်ရွှင်မှုကို မြှင့်တင်သည့်အနေနှင့် သူတပါး၏ ပျော်ရွှင်မှုကို လက်ခံကြိုဆိုသော စိတ်သဘောထားကြီးမှုကို ပြည်သူများနှင့် တိုင်းနိုင်ငံများက ပြုစုပျိုးထောင်ပေးနိုင်ပါက မဖြေရှင်းနိုင်ဟု ထင်ရသော ပြဿနာတို့သည် ခက်ခဲလှတော့မည် မဟုတ်ပါ။

ရုပ်ပိုင်းဆိုင်ရာ အထောက်အကူမှန်သမျှ ဆုံးရှုံးခဲ့ရသူတို့တွင် အားကိုးအားထားပြုစရာဟူ၍ မိမိတို့၏ ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုဓလေ့သာ ကျန်တော့ကြောင်းကို ဒုက္ခသည်များနှင့် ဆက်ဆံလုပ်ကိုင်သူများ အသိဆုံးဖြစ်ပါသည်။ ဘိုးဘွားစဉ်ဆက် ယုံကြည်လက်ခံလာခဲ့ကြသော သဒ္ဓါတရား၊ ဂရုဏာတရားတို့မှ ပေါက်ဖွားလာသော ဝေငှပေးကမ်းလိုစိတ်များကြောင့်၊ အိုးမဲ့အိမ်မဲ့ဖြစ်နေရသူ ဆင်းရဲသားကပင် မိမိ၏ ရှိစုမဲ့စု ရိက္ခာလေးကို အလျှံပယ်ကြွယ်ဝသူကဲ့သို့ သူတပါးအား ကြည်နူးစွာ ပေးကမ်းခြင်းများလည်း ရှိပါသည်။ တဖန်ကိုယ်ကျိုးကိုသာ အဓိကထားသည့် သဘာဝကို ကြာမြင့်စွာ မွေးမြူအားပေး၍ ပေါ်ပေါက်လာသော အဘိဇ္ဈာ ဗျာပါဒ စိတ်များ၏ လှုံ့ဆော်မှုကြောင့် ဒုက္ခသည်အချင်းချင်းထံမှပင် ခိုးဝှက်လုယက်ကြသည်များပင် ရှိပါသည်။ စင်စစ်မှာမူ ကမ္ဘာဒုက္ခသည်အများစုသည် လူမဆန်မှုနှင့် ပညာဥာဏ်ကင်းမဲ့မှုကြောင့် ဖြစ်ပေါ်လာရသော မခံသာတော့သည့် အခြေအနေများမှ ကင်းလွတ်ရာ လုံခြုံရာကို ရှာနေကြသူများ ဖြစ်ပါသည်။

မေတ္တာတရား၊ ဆင်ခြင်တုံတရားနှင့် တရားမျှတမှုကြီးစိုးသော လူ့အဖွဲ့အစည်းကို စိတ်ကူးယဉ် မျှော်မှန်းခဲ့ကြသည်မှာ လူ့ယဉ်ကျေးမှုသက်တမ်းတလျှောက်လုံးပင် ဖြစ်ပါသည်။ ဤမျှော်လင့်ချက်သည် စိတ်ကူးယဉ်အိပ်မက် ဖြစ်ရမည်လော၊ ဒုက္ခများမြောင် ဤလူ့ဘောင်ကို အမြဲတမ်း အကောင်းဘက်မှမြင်သော ‘ကာလ်ပေါ့ပါး’ က အမှောင်သည် ယခင်ကတည်းက ရှိနေခဲ့သော်လည်း အလင်းရောင် ပေါ်ပေါက်လာသည်မှာ မကြာသေးဟု ဆိုပါသည်။ ပေါ်ထွန်းစဖြစ်သော အလင်းရောင်ကို တယုတယ ကြည့်ရှုစောင့်ရှောက်ရမည် ဖြစ်ပါသည်။ အသေးငယ်ဆုံးသော အလင်းရောင်ကိုပင် ကမ္ဘာတခွင်လုံးရှိ အမှောင်ထုက ကွယ်ပျောက်အောင် မလုပ်နိုင်ပါ။ အမှောင်ဟူသည်မှာ လုံးဝကင်းမဲ့ခြင်းသဘောကို ဆောင်ပါသည်။ အမှောင်ဟူသည်မှာ အလင်းရောင်မရှိခြင်းသာ ဖြစ်ပါသည်။ သို့သော်လည်း သေးငယ်သော အလင်းရောင်သည် ကျယ်ပြန့်စွာ ဝိုင်းရံထားသော အမှောင်ထုကို မဖြိုခွင်းနိုင်ပါ။ ဤအလင်းရောင်လေး ပိုမို ထွန်းလင်းတောက်ပလာနိုင်ရန်အတွက် အားကောင်းရန် လိုအပ်ပါသည်။ ဤအလင်းရောင်ကို ချစ်မြတ်နိုးလာနိုင်ရန်အတွက် ဒုက္ခဝေဒနာဟု သဘောမထားဘဲ ကောင်းမှုမင်္ဂလာအဖြစ် နှလုံးသွင်း၍ ကျင့်သားရအောင်ကြည့်ဖို့ လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်သူ အားလုံးအား လုံခြုံမှု အလုံအလောက်ပေးနိုင်သော ပိုမိုထွန်းလင်းသည့် ကမ္ဘာလောကကို ကျမတို့ အလွန်ပင် လိုအပ်လျက်ရှိပါသည်။

(ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လို ရေးသားထားသော “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး (Freedom from Fear)” စာအုပ်ကို မြန်မာ ဘာသာပြန်၍ ဒေါက်တာအောင်ခင် တည်းဖြတ်ထုတ်ဝေထားသည့် စာအုပ်မှ ကူးယူးဖေါ်ပြပါသည်။)

ကိုထွန်းဝေ
မျှဝေပေးပါတယ်
5.5.2013

No comments:

Post a Comment