Wednesday 8 May 2013

ပရဟိတ တက္ကသိုလ်



ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မေ ၈၊ ၂၀၁၃
“တက္ကသိုလ်” ဟူသည် လူတစ်ဦးတယောက်၏ ဘဝတစ်လျှောက်လုံးအတွက် အထောက်အပံ့ ဖြစ်စေသော ပညာရပ်ဟူသမျှတို့ကို လွတ်လပ်စွာ မိမိကိုယ်ကို ထိန်းကျောင်းလေ့ကျင့်သင်ယူရာ နေရာကို တက္ကသိုလ်ဟူ၍
အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။ ကျောင်းသည်ကား တက္ကသိုလ်နှင့်မတူပါ။ ကျောင်းသည် အသိပညာ မကြွယ်ဝသေးသော ကလေးသူငယ်များကို ဆရာ/မများမှ ထိန်းကျောင်းပဲ့ပြင် စာပေသင်ကြား ပေးခြင်း၊ ပညာသင်ယူစေခြင်းဖြစ်သည်။ တက္ကသိုလ်သည်ကား ထိုသို့မဟုတ်ပေ ထိုတက္ကသိုလ်ကြီးမှ ချမှတ်ထားသော စည်းကမ်းနှင့်ကျင့်ဝတ်များအား ကျောင်းသား/သူတို့မှ မိမိတို့၏ ကိုယ်ပိုင်အသိဉာဏ် ဆင်ခြင်တုံးတရားဖြင့် လိုက်နာကျင့်ကြံကြရင်း မိမိတို့ကိုယ်တိုင် ရွေးချယ်ထားသော ဘာသာရပ် အသီးသီး အား ဆည်းပူးလေ့လာ သင်ယူကြရသောနေရာပင်ဖြစ်သည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်)သည် ၂ဝ၁ဝ ခုနှစ်မှစ၍ လူငယ်များ၏ အသိပညာများတိုးတက် ဖွံ့ဖြိုးစေခြင်းငှာရည်ရွယ်၍ ပညာရေးကဏ္ဍသစ်အဖြစ် “သုခအလင်း” ပညာရေးဟူ၍ ဖွင့်လှစ်ခဲ့ရာ ကလေးသူငယ်များ၊ ကျောင်းသား လူငယ်များ၏ ပညာရေးအတွက် ပို့ချပေးဆပ်ခဲ့သည်မှာ ယခုဆိုလျှင် (၃) နှစ်တာကာလသို့ ကျော်လွန် လာခဲ့ပြီဖြစ်သည်။ အင်္ဂလိပ်စာအခြေခံမှစ၍ အဆင့်မြင့်သင်တန်းများ၊ ပန်းချီ၊ တက္ကသိုလ်ဝင်တန်း၊ ဟိုတယ် ဝန်ဆောင်မှု၊ စာရင်းကိုင်၊ ကွန်ပြူတာ (Basic, DTP, Photoshop, Editing, Media, Journalism, Auto Card, 3D,) အစရှိသည်တို့အပြင် နယ်ကျေးလက်ဒေသ မြို့နယ်အသီးသီးရှိ ပရဟိတလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသော ပရဟိတအသင်းအဖွဲ့များ၏ လူမှုရေးစွမ်းရည်များ ပိုမိုမြင့်မားစွာဖြင့် အရည်အသွေး ပြည့်ဝလာရေးတို့ကိုရည်ရွယ်၍ နယ်ပရဟိတအသင်းများအား “ပရဟိတစွမ်းရည်မြှင့်” သင်တန်းများကို ပို့ချခဲ့သည်မှာ အကြိမ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သည်။ ထိုသို့ ဖွင့်လှစ်ရာတွင် သင်တန်းသား များ၏ နေထိုင်စားသောက်ရေးမှအစ (အခမဲ့) စရိတ်ငြိမ်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ယူကာ (၇) ရက်ခန့် စခန်းသွင်း၍ စည်းစနစ်ကျနစွာ သင်ကြားပို့ချပေးနိုင်ခဲ့သည်။ ထိုသို့ ဖွင့်လှစ်သင်ကြားရာတွင် သင်တန်းသူ/သားများ မိမိတာဝန်ကို မိမိတို့ကိုယ်တိုင်ယူတတ်စေရန် လေ့ကျင့်သင်ကြားရင်းဖြင့် သက်ဆိုင် ရာ ဘာသာရပ်အလိုက် ဆရာ/မများ၏ ပရဟိတနှင့်ပါတ်သက်သော ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေရာဒေသမတူညီသော အရပ် ဒေသအသီးသီးမှ ပညာရည်နို့သောက်စို့ဆည်းပူးရာ “ပရဟိတတက္ကသိုလ်ကြီး” နှင့်တူ၍ပင်နေတော့သည်။



နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နယ်ပရဟိတအသင်းများ စွမ်းရည်မြှင့်သင်တန်း အပတ်စဉ် (၁/၁၃)အဖြစ် ၂၇.၄.၂ဝ၁၃ မှ ၄.၅.၂ဝ၁၃ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ရာ နယ်ဒေသများမှ အသင်းအဖွဲ့ (၁၆) ဖွဲ့တို့မှ သင်တန်းသား/သူ (၂၆) ဦးတက်ရောက်ခဲ့ကြသည်။ အဆိုပါ သင်တန်းသားများထဲတွင် ဝေးလံသည့်ဒေသများဖြစ်သော ကချင်ပြည်နယ်၊ မှုဆယ်၊ တာချီလိတ်နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ မြန်မာ လူမှုရေးပရဟိတ အသင်းအဖွဲ့များပါဝင်ခဲ့သည်။ နယ်ပရဟိတအသင်းအဖွဲ့များမှ သင်တန်းသား/သူများ အား ဥက္ကဋ္ဌ ဦးကျော်သူမှ (အသင်း၏ဆောင်ရွက်မှုများ)၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် (လူငယ်နှင့် ပရ ဟိတ)၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်သည် ပြည်ပသို့ ရောက်ရှိနေသည့်အတွက် (ဗုဒ္ဓဓမ္မနှင့် ပရဟိတ) ဘာသာရပ်အား Projector ဖြင့်ပြသခဲ့သည်။ ဒေါ်အေးမြလှိုင် – The Sun Institute မှ (Critical Thinking)၊ ဦးဖူးကျော်ဇင်၊ ဦးလှချစ်-Future Wave တို့မှ (Leadership Skills)၊ ကိုအလင်းဆက်-IR မှ (နိုင်ငံတကာဆက်ဆံရေးအသွင်အပြင်များ)၊ ဦးနေလင်းအောင်မှ (အသင်းအဖွဲ့ အတွင်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ)၊ ဒေါ်သီတာ (Working In Group)၊ ဆရာဦးသန်းနိုင်မှ (ရေသန့်ပြုလုပ်နည်းအဆင့်ဆင့်)နှင့် နယ်ပရဟိတ လူမှုရေးသမားများအတွက် မသိမဖြစ်လိုအပ်သော အရေးပေါ်လူနာပြုစုခြင်း First-Aid နှင့် CPR ဘာသာရပ်များလည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ နည်းပြများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကြက်ခြေနီသင်တန်းဆင်း Volunteer များတို့ပူးပေါင်း၍ သင်ကြားပို့ချခဲ့သည်။ ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သင်ကြားပေးခဲ့သော ပညာရပ်များဖြင့် မိမိတို့၏ အသင်းအဖွဲ့များသို့ ပြန်လည်ရောက်ရှိသောအခါတွင် ယခင်ထက်ပိုမို စနစ်ကျစွာ ဆောင်ရွက် နိုင်ကြမည်ဖြစ်သည်။ ၄.၅.၂ဝ၁၃ ရက်နေ့ နံနက်တွင် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များအား အသီးသီးပေးအပ်ခဲ့သည်။ ထို့အပြင် အချို့သော အသင်းအဖွဲ့များ အတွက် လိုအပ်သော လူနာသယ် (Stretcher)၊ အလူမီနီယမ်အခေါင်း၊ စတီးဗန်းများ၊ နယ်စာကြည့်တိုက် အတွက် စာအုပ်စာပေများအား ပေးအပ်လှူဒါန်းခဲ့သည်။ နေ့လည်ပိုင်းတွင် လေ့လာရေးခရီးစဉ်အား ရွှေစင် စကြ်ာ အဆင့်မြင့်မော်တော်ယာဉ်မှ မော်တော်ယာဉ်ကူညီပေးမှုဖြင့် ရေဝေးသုဿန်ရှိ နာရေးကူညီမှု အသင်း(ရန်ကုန်)အား မျိုးစေ့ချထူထောင်ပေးခဲ့သော ကျေးဇူးရှင် စာရေးဆရာ ဒါရိုက်တာကြီး ဘဘဦးသုခ ဂူဗိမာန်အား သွားရောက်၍ ဂါရဝပြုကန်တော့ခဲ့ကြသည်။ ထို့နောက် “သုခရိပ်မြုံ” မိဘမဲ့ဂေဟာနှင့် “ဆည်းဆာရိပ်” ဂိလာနဘိုးဘွားရိပ်သာသို့၎င်း၊ ဗိုလ်ချုပ်ဆောင်ဆန်းပြတိုက်နှင့် ရွှေတိဂုံစေတီတော်မြတ် ကြီးသို့၎င်း သွားရောက်ကာ ဦးခိုက်ကန်တော့ခဲ့ကြသည်။ ညနေ (၆းဝဝ) နာရီအချိန်ခန့်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ ပြန်လည်ရောက်ခဲ့ကြပြီး ဘဘဦးသုခ၏ ရုပ်ထုရှေ့၌ အမှတ်စဉ် (၁/၂ဝ၁၃) စွမ်းရည် မြှင့်သင်တန်းမှ သင်တန်းသား/သူများတို့ဝန်းရံကာ ဂါရဝပြုနှုတ်ဆက်ခဲ့ကြပြီး ၅.၅.၂ဝ၁၃ ရက်နေ့ နံနက် ပိုင်းတွင် သင်တန်းသား/သူများတို့သည် မိမိတို့၏ နေရပ်ဋ္ဌာနေ အသီးသီးသို့ ကိုယ်စီကိုယ်စီ အများပြည်သူ အကျိုးအတွက် ရှေးရှု၍ ထွက်ခွာခဲ့ကြတော့သည်။
ထို့ကြောင့် ယခုအချိန်မှစ၍ ပရဟိတအသင်းအဖွဲ့များမှ သင်တန်းသား/သူများအနေဖြင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ စွမ်းရည်မြှင့်သင်တန်းမှ ပို့ချလိုက်သော ပညာရပ်များအပြင် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း၊ စည်းမျဉ်းများရေးဆွဲခြင်းနှင့် အသင်းအဖွဲ့အချင်းချင်း ချိတ်ဆက်ကူညီပံ့ပိုးစေခြင်း စသည့် ဗဟုသုတပညာရပ်များကိုပါ မျှဝေပေးနိုင်ခဲ့သည်။ ယခု “ပရဟိတတက္ကသိုလ်”ဟု ကင်ပွန်းတပ်ခဲ့သော အသင်းကြီး၏ ပရဟိတအသင်းအဖွဲ့များအတွက် မရှိမဖြစ်၊ မသိမဖြစ်လိုအပ်သော ဘာသာရပ်များအား ပြန်လည်မျှဝေပို့ချကာ လူမှုအကျိုးသယ်ပိုးနိုင်ကြပါစေကြောင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမှုအကျိုးပြု ဘာသာရပ်များ၊ အသိပညာရပ်များအားပို့ချကာ “ပရဟိတတက္ကသိုလ်” အဖြစ် အမည်နာမ ကင်းပွန်းတပ်လိုက်ရပါတော့သည်။








သတင်း   မိုးမခ  

No comments:

Post a Comment