အာဏာရှင် ပညာရေးစနစ်
တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကရေသောက်မြစ်မှာ ပညာရေးစနစ်သာလျှင် ဖြစ်ပါသည်။ ပညာရေးစနစ် အဆင့်အတန်း မြင့်မားလျှင် တိုင်းပြည်အဆင့်အတန်းမြင့်မားပြီး၊ ပညာစနစ်နိမ့်ကျလျှင် တိုင်းပြည်အဆင့်အတန်းလည်း နိမ့်ကျလေသည်။ ကျွန်တော်တို့နိုင်ငံ ဘာကြောင့်နိမ့်ကျနေရပါသလဲ။ အဖြေကတော့ ရှင်းပါသည်။ တိုင်းပြည် ပညာရေးစနစ်မှာ လွန်စွာ နိမ့်ကျနေသောကြောင့် ဖြစ်ပါသည်။ တကယ်တော့ မြန်မာ့ပညာရေးစနစ်သည် တချိန်က လွန်စွာ အဆင့်မြင့်သော ပညာရေးစနစ် ဖြစ်ပြီး ကမ္ဘာကျော်၊ နိုင်ငံကျော် ခေါင်းဆောင်များ၊ အတတ်ပညာရှင်များကို မွေးထုတ်ပေးနိုင်ခဲ့ပေသည်။ ဒီမိုကရေစီ အလေ့အထများ စတင်ရာနေရာလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ အစဉ်အလာကြီးသော မြန်မာ့ပညာရေး စနစ်သည် ၁၉၆၂ စစ်တပ်အာဏာသိမ်းချိန်မှ စ၍ ကွယ်လွန်အနိစ္စရောက်ခဲ့ရရှာလေသည်။
၁၉၆၂ အာဏာသိမ်းချိန်ပြီးချိန်မှ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များသည် ပြည်သူလူထုကြားထဲတွင် အာဏာရှင်စိတ်ဓာတ်ဝင်စေရန်၊ လူမျိုးကြီးဝါဒ ၀င်စေရန် ပညာရေးစနစ်ကို ဖျက်စီးခဲ့ပါသည်။ ပထမဆုံးအနေဖြင့် စတင်လုပ်ဆောင်မှုကတော့ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်ပါတော့တယ်။
ဘာကြောင့်လည်းဆိုတော့ ကျောင်းသားသမဂ္ဂအဆောက်အဦဆိုတာ ကျောင်းသားလူငယ်များအားဒီမိုကရေစီအလေ့အထများရှင်သန်စေရာနေရာ၊ တိုင်းပြည်ခေါင်းဆောင်များမွေးထုတ်ပေးရာ နေရာ ဖြစ်နေလို့ပါပဲ။ ကျောင်းသားများကိုလည်း ငယ်စဉ်ကတည်းက အာဏာရှင်အယူအဆ သွတ်သွင်းပါတယ်။ ဥပမာပြောရမယ်ဆိုရင် ဆရာမ မ၀င်ခင်မှာ နာမည်မှတ်တာကို ကြုံဖူးကြမှာပါ။ နာမည်စာရင်းမှာ ပါတဲ့ကျောင်းသားက ဆရာမ၀င်လာရင် အရိုက်ခံရပါတယ်။ သူ့အလှည့်တုန်းက ကိုယ့်နာမည်ကို မှတ်ထားခဲ့ရင် ကိုယ့်အလှည့်ကျ သူ့ကိုသေချာ ကြည့်နေပြီး ပါးစပ်ဟလိုက်တာနဲ့ သူ့နာမည်ကိုမှတ်လိုက်တာမျိုးနဲ့ ပြန်လက်စားချေတတ်ပါတယ်။ ဒါကြောင့်ကျောင်းသားတိုင်း နာမည်မှတ်သူဖြစ်ချင်ပါတယ်။ နေရာတစ်ခုကို ရနေရင် ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ စိတ်ဓာတ် ငယ်စဉ် ကလေးဘ၀ထဲက ရိုက်သွင်းခံလိုက်ရတာပါပဲ။
သင်ရိုးညွှန်းတမ်းများကိုလည်း အာဏာရှင်စနစ် တည်တံ့ရေးအတွက် ၀ါဒဖြန့်ရာ လက်နက်သဖွယ် ပြုလုပ်ပစ်ခဲ့ပါတယ်။ ငယ်စဉ်က သင်ရတဲ့စာတွေဆိုတာ တပ်မတော်ကဘယ်လို ကယ်တင်ရှင်လုပ်ခဲ့တယ်။ တိုင်းပြည်ကို ဘယ်လို တိုးတက်အောင် ဆောင်ရွက်ပေးခဲ့တယ်။ တိုင်းရင်းသားတွေ တောင်းတဲ့ ဖယ်ဒရယ်ဆိုတာ ခွဲထွက်မှာကို ပြောတာ စသဖြင့် စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံတဲ့စာမျိုးတွေပါ။
ပညာရေးကို ခုတုံးလုပ်ပြီး လူမျိုးကြီးဝါဒကိုလည်း ငယ်စဉ်ကတည်းက ပျိုးထောင်ပေးပါတယ်။ ကျောင်းသားတွေထဲမှာ လူမျိုးစုံ၊ ဘာသာစုံ ပါဝင်ပါတယ်။ ဒါပေမဲ့ သင်ရတဲ့ စာတွေကတော့ လူမျိုးတမျိုးတည်းကိုသာ လူစွမ်းကောင်းလုပ်ထားတဲ့ စာတွေပါ။ သမိုင်းဘာသာရပ်မှာဆို သိပ်သိသာပါတယ်။ မြန်မာဘုရင်တွေကို သူရဲကောင်းတွေ အဖြစ် ပုံဖော်ထားပြီး တိုင်းရင်းသားတွေကို လူဆိုးလိုလို၊ သူပုန်လိုလို၊ မြန်မာတွေရဲ့လက်အောက်ခံတွေလိုလို ရေးသားထားပါတယ်။
တိုင်းရင်းသားတွေနဲ့ အစ္စလာမ်၊ ခရစ်ယာန်ကိုးကွယ်သူတွေ၊ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေအတွက်လည်း အဆင့်မြင့်ပညာသင်ယူရေး သိပ်ခက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တော်တော်များများမှာ နိုင်ငံသားမှတ်ပုံတင်မရှိလို့ပါ။ ဘိုးစဉ်ဘောင်ဆက်နေလာသူတွေ ဖြစ်သော်လည်း နိုင်ငံသားကဒ်ထုတ်မပေးပါ။ ဆေးတက္ကသိုလ်အပါအ၀င်၊ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေမှာ နိုင်ငံသားကဒ်ရှိမှ တက်ခွင့်ရတဲ့အတွက် သူတို့မှာ ဆယ်တန်းအမှတ်ဘယ်လောက်ကောင်းနေပါစေ တတ်ခွင့်မရကြပါဘူး။ အစိုးရအလုပ်ရဖို့ ခက်လာပါတယ်။ တဖြည်းဖြည်းနဲ့ အုပ်ချုပ်ရေးပိုင်းမှာ လူမျိုးတစ်မျိုးတည်းက အုပ်စီးမိအောင်ကို ဖန်တီးထားတာပါ။ တကယ်တော်ပြီး ထိုက်တန်တဲ့ တက္ကသိုလ်ကို တက်ခွင့်မရတဲ့ ကျောင်းသားတွေတင် နစ်နာတာမဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ Human resource တွေပါ ပြုန်းတီးပြီး တိုင်းပြည်ပါ နစ်နာပါတယ်။
တက္ကသိုလ်ဆိုတာကလည်း မြို့အပြင်တွေမှာပါ။ ကျောင်းနားတင် တည်းခိုခန်း၊ အရက်ဆိုင် အစုံရှိပါတယ်။ မိဘကဝေးလို့ လိုက်မကြည့်နိုင်တဲ့အတွက် ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။ ကျောင်းသားတွေကို တနေရာစီခွဲထားပြီး ပျက်စီးသွားအောင် လုပ်ထားတာပါ။ တချိန်ကအာရှရဲ့အကောင်းဆုံးစာရင်းဝင်ရန်ကုန်တက္ကသိုလ်ကတော့ ကျောင်းသားအနည်းငယ်သာထားရှိတော့ပြီး ပြတိုက်သဖွယ် ဖြစ်နေပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တက္ကသိုလ်တွေထောင်လိုက်ပြီး တိုင်းရင်းသားကျောင်းသားတွေနဲ့ ပြည်မက ကျောင်းသားတွေကို အဆက်အဆံမရှိတော့အောင်လည်း လုပ်ထားလိုက်ပါသေးတယ်။
ဒီပုံအတိုင်းဆက်သွားမယ်ဆိုရင်တော့ ပညာရေးစနစ်ကကောင်းလာဖို့ မရှိပဲ ပိုဆိုးသွားနိုင်ပါတယ်။ ခြစားပျက်စီးနေတဲ့ ပညာရေးစနစ်ကို အမြန်ဆုံး ပြန်ပြင်ရပါမယ်။ မကြာခင်တင်မဲ့ ပညာရေးအက်ဥပဒေဟာ အာဏာရှင်ပညာရေးကို ဖြိုချနိုင်မဲ့ အကောင်းဆုံးလက်နက်ဖြစ်လာနိုင်ပါတယ်။ နောင်လာမဲ့ မျိုးဆက်ကျောင်းသားတွေ ဒီမိုကရေစီ ပညာရေးနဲ့ ကြုံတွေ့နိုင်ကြပါစေ။
ဖြိုးတင်ဦးFB မှ ကူးယူဖော်ပြပါသည်။

No comments:
Post a Comment