Thursday 9 May 2013

ဥပဒေနဲ့ လယ်ယာမြေ


မေလ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

ဥပဒေနဲ့ လယ်ယာမြေ

အစိုးရသစ် တက်လာပြီးနောက်ပိုင်း စနစ်ဟောင်း၊ ခေတ်ဟောင်း၏ မပြီးပြတ်နိုင်ခဲ့သော ဆိုးမွေများထဲတွင် လယ်ယာမြေများ မတရား သိမ်းဆည်းခံရခြင်း ပြဿနာများက တစ်ခုအပါအ၀င် ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ နိုင်ငံ၏ ရာခိုင်နှုန်း ၇၀ ကျော်သည် လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သည့် တောင်သူလယ်သမားများ ဖြစ်ပါသည်။ ထို့ကြောင့် လယ်သမားနှင့် လယ်ယာမြေဆိုသည်က ခွဲခြား၍ ရသည်မဟုတ်။ သို့သော် တစ်ဖက်တွင် စက်မှုနိုင်ငံအဖြစ် ပြောင်းလဲနိုင်ရန် ယခုထက် ပိုမိုတိုးတက်သော နိုင်ငံသစ်တစ်ခု တည်ဆောက်ရန် စီမံကိန်း ဆိုသည်များက ရှိလာခဲ့သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအတွက် စီမံကိန်းများသည် လိုအပ်သည်မှာ မှန်သော်လည်း ပွင့်လင်းမြင်သာမှု မရှိပါက နောက်ဆက်တွဲ နစ်နာမှုများမှသည် ပြဿနာများအထိ ဖြစ်ခဲ့ရသည့် သာဓကများ ရှိခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒေသ အတော်များများတွင် လယ်ယာမြေ ပြဿနာများက အများအပြား ပေါ်ပေါက်ခဲ့သည်။ ပွင့်လင်းမြင်သာမှု မရှိသော မတရား မြေသိမ်းခံရခြင်းများက မြန်မာ့တောင်သူများ အဓိက ရင်ဆိုင်ရသည့် ပြဿနာ ဖြစ်လာသည်။ ထို့အတွက် မတရားမှုများကို အကာအကွယ်ပေးမည့် မှန်ကန်ခိုင်မာသည့် ဥပဒေတစ်ရပ် လိုအပ်လာပြီ ဖြစ်သည်။ သို့သော် တည်ဆဲဥပဒေများက လယ်သမားများအတွက် အမှန်တကယ် အကာအကွယ် ပေးနိုင်ပြီလား ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အစိုးရသစ်လက်ထက် ပထမဆုံး ပေါ်ပေါက်လာသည့် လွှတ်တော်သည် ပြည်သူများ အားလုံးအတွက် မ၀ံ့မရဲ မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့သည်။ အခုအခါတွင် ပြည်ထောင်စု မြေယာကော်မရှင်ကို ဖွဲ့စည်းကာ မြေယာကိစ္စရပ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ရာ မတရားခံခဲ့ရသည့် မြန်မာ့တောင်သူများအတွက် မျှော်လင့်ချက်များ ရှိလာပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မပြီးပြတ်နိုင်သေးသော ပြဿနာများအနက် တစ်ခုအပါအ၀င်ဖြစ်သည့် မတရား မြေသိမ်းခံ လယ်သမားများအတွက် ဥပဒေနှင့်အညီ မှန်ကန်မျှတသော အကာအကွယ် အကူအညီများ ဖော်ဆောင်ပေးခြင်းဖြင့် ခေတ်ဟောင်း၏ ဆိုးမွေတစ်ရပ်ကို အဆုံးသတ်သင့်ပြီဟု The Daily Eleven က တိုက်တွန်းအပ်ပါသည်။

Eleven Media Group

No comments:

Post a Comment