Wednesday 29 May 2013

လားရှိုးမှာလည်း အဓိကရုဏ်း ဖြစ်ပြန်ပြီ


 
မီးရှို့ခံခဲ့ရသော အဆောက်အဦ တခု (ဓာတ်ပုံ – သတင်းစဉ်)

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်နေ့ မေလ ၂၈ ရက် ညနေတွင် အမျိုးသမီးတစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံရမှုမှ စတင်ကာ ဘာသာရေး အဓိကရုဏ်းဖြစ်ပွားခဲ့ရပြီး ဗလီတကျောင်း၊ မွတ်စလင် မိဘမဲ့ကျောင်း တကျောင်းနှင့် ဆိုင်ခန်းများ မီးရှို့ခံခဲ့ရသည်။
ယခု သတင်းရေးသားပေးပို့ချိန် မေလ ၂၉ ရက် မနက်ပိုင်းရရှိသော သတင်းအရ မွတ်စလင်အများစု နေထိုင်ရာ ရပ်ကွက် ၇ ရှိ သီတာအေး ဟိုတယ်ကို လူစုလူဝေးဖြင့် ဝင်ရောက်ဖျက်ဆီးခဲ့ရာ လုံခြုံရေးရဲတပ်ဖွဲ့က ယခုအခါ ရပ်ကွက် ၇ ကို “အထူး လုံခြုံရေး” ပေးနေရကြောင်း သိရသည်။


လားရှိုးမြို့ မြို့မဈေးကြီးကို ပိတ်ထားရကြောင်းလည်း သိရသည်။ မြို့လုံခြုံရေးအတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ဟု အစိုးရ သတင်းထုတ်ပြန်ချက်က ဆိုသော်လည်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကမူ ယင်းထုတ်ပြန်ချက် တရားဝင်အကြောင်းကြားစာ မရရှိသေးဟု ဧရာဝတီသို့ ပြောသည်။
ရရှိထားသောသတင်းများအရ ယမန်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် အသက် ၂၄ နှစ်အရွယ် ဓာတ်ဆီရောင်းသူ မအေးအေးဝင်းအား ကျိုင်းတုံမြို့နေ အသက် ၄၈ နှစ်အရွယ်ရှိ မောင်နေ၀င်းက ဓာတ်ဆီဝယ်ရာတွင် မပြည့်ဟု ဆိုပြီး စကားများရာက ဓာတ်ဆီနှင့် ပတ်ပြီး မီးရှို့ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် “နေ၀င်းကို ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေးတဲ့အခါ အင်္ကျီအိပ်ထဲက WY တံဆိပ်ပါ စိတ်ကြွ ဆေးပြား နှစ်ပြားပါတွေ့ရှိတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၇၊ ၄၃၆၊ ၃၂၆ တို့ အပြင် မူးယစ်ပုဒ်မ ၁၅/ ၁၆ (ဂ) နဲ့ ပါ အမှုဖွင့်အရေးယူခဲ့ပါတယ်”ဟု ရေးသားသည်။
ညနေ ၅ နာရီ ၄၅ မိနစ်တွင် သံဃာအပါး ၅၀ နှင့် လူ ၈၀ ခန့် က အမှုဖွင့်ခံရသူကို ထိန်းချုပ်ထားရာ အမှတ် ၁ ရဲစခန်းရှေ့သို့ ရောက်လာပြီး မောင်နေဝင်းကို ထုတ်ပေးရန် တောင်းဆိုလာသောကြောင့် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖျောင်းဖျလူစုခွဲခဲ့ကြောင်း၊ သို့ရာတွင် ည ၇ နာရီခွဲခန့်တွင် ပြည်နယ် ပြန်ဆက်ရုံးနှင့် ဈေးလမ်းကြား ဆိုင်တဆိုင်ကို လူအုပ်က ရိုက်ချိုးဖျက်ဆီးမှု စတင်ကာ ရပ်ကွက် ၃ ရှိ ဗလီကို စတင်ဖျက်ဆီးမီးရှို့ကြောင်း သိရသည်။
“မိန်းကလေး မီးရှို့သွားတဲ့ သူကို ရဲစခန်းကနေ ဒေသခံတွေက ထုတ်ခိုင်းတယ်။ တချို့ လူတွေကတော့ ဒီကောင်ကို မီးပြန်ရှို့ရမှ ကျေနပ်မယ်လို့ ပြောတယ်။ ရဲကတော့ ထုတ်မပေးပါဘူး။ ဦးဇင်းတို့အနေနဲ့လည်း ဒီတရားခံကို ဘာမှမလုပ်ပါဘူး။ ကြည့်ဘဲ ကြည့်ချင်တယ်လို့ပြောတာပါ။ ရဲက ပထမကတော့ ထုတ်ပေးမယ် ပြောပြီး နောက်မှ မထုတ်ပေးတော့ဘူး ဖြစ်သွားတာ။ အဲဒါနဲ့ ကျန်တဲ့လူတွေက မြို့ထဲဝင်ပြီး ဗလီတွေကို မီးရှို့ဖျက်ဆီးလိုက်တာပါ” ဟု ပဌာန်းပွဲ ဆောင်ရွက်ရန်အတွက် ရန်ကုန်မှ လားရှိုးမြို့သို့ ရောက်လာသော ဦးဇင်း ဦးခေမာက ဧရာဝတီသို့ ပြောသည်။
သို့သော် ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်ကမူ “ရာဇ၀တ်မှုတခုဖြစ်ရင် တရားခံကို ဖော်ထုတ်ပြီး တရားဥပဒေနဲ့ အညီ အရေးယူရမှာဖြစ်ပါတယ်။ ဖမ်းဆီးရမိထားတဲ့ တရားခံကို လူအုပ်စုထံကို လွှဲပြောင်းပေးဖို့၊ ရာဇ၀တ်မှုနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဘာသာရေး အဓိကရုဏ်း ပုံစံမီးရှို့ဖျက်ဆီးမှုများဟာ ကျွန်တော်တို့ အားလုံးအကောင်အထည်ဖော်နေတဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ ရှိသင့်ရှိအပ်တဲ့ အပြုအမူမျိုးမဟုတ်ပါဘူး” ဟု သူ၏ ဖေ့ဘွတ်တွင် ရေးသား မှတ်ချက်ပြုသည်။
လားရှိုးအခြေစိုက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက မီးရှို့ ဆူပူ အကြမ်းဖက်သူများကို စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟု ပြောဆိုသည်။
ဘာသာရေး အဓိကရုဏ်းများ ရခိုင်ပြည်နယ်တွင် ယမန်နှစ်က စတင်ဖြစ်ပွားခဲ့ပြီး မြန်မာပြည် အလယ်ပိုင်း မိတ္ထီလာသို့ ယခုနှစ် မတ်လတွင် ကူးစက်ပြန့်ပွားလာခဲ့သည်။ ရန်ကုန်တိုင်း ဥကံ္ကမြို့တွင်လည်း မေလအတွင်းက ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment