Sunday, 19 May 2013

ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေး


ဟံသာဝတီ ဦးဝင်းတင်
မေ ၁၉ ၊ ၂၀၁၃  မိုးမခ သတင်း
ဒီရက်ပိုင်းအတွင်း မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ်မှာ ဆန်းဆန်းထူးထူး စာတစ်ပုဒ် ဖတ်လိုက်ရတယ်။ တိုတို ပြောရရင် ဒီလိုဗျာ။ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့ စာက ဂျာနယ်တွေထဲ၊ သတင်းစာတွေထဲမှာ ဖတ်ရလေ့ မရှိတဲ့စာဗျ။ ရေးတဲ့သူက ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း “ကျောင်းသားလှုပ်ရှားမှု”ဆိုတဲ့ ဧရာမကျမ်းကြီးကို ပြုစုခဲ့သူ။ သူ့နာမည်က ကိုအောင်ထွန်း။

ကိုအောင်ထွန်းကို စစ်အာဏာရှင် အစိုးရက တစ်ချိန်က ဖမ်းဆီးခဲ့တယ်။ ချုပ်နှောင်ခဲ့တယ်။ ပြီးတော့ ထုံးစံ အတိုင်းပေါ့။ ညှဉ်းပန်းခဲ့တယ်။ နှိပ်စက်ခဲ့တယ်။ အားလုံးပြီးတော့ ဆိုပါစို့ ။ ထုံးစံအတိုင်း သံတိုင်နောက်က ထောင်ငရဲခန်းထဲ သွင်းလိုက်တယ်။ ထုံးစံအတိုင်း ထောင်ထဲမှာ နှစ်ပရိစ္ဆေဒတွေ အကြာကြီး ပိတ်လိုက်တယ်။ထုံးစံအတိုင်း သူ့ကို လူ့ငရဲခန်းထဲပိတ်ထားခိုက် စစ်ထောက်လှမ်းရေး ယမမင်းတို့ လုပ်ကြံမှုတွေစိတ်ကြိုက်လုပ်ကြတယ်။

ဒီလို မတရား ချုပ်နှောင်မှုတွေ၊ ညှဉ်းပန်းမှုတွေ ၊ ငရဲခန်း သွင်းပိတ်မှုတွေ ထောင်တွင်း လုပ်ကြံမှုတွေ၊ လွတ်ချိန်သင့်လို့ လွတ်ခွင့်ကြုံလာရင်တောင် အကျဉ်းသားရဲ့လူ့သိက္ခာ၊ နိုင်ငံရေး သိက္ခာ၊ ယုံကြည်ချက် သိက္ခာကို ဖဲ့ခြွေချိုးဖျက်တဲ့ ခံဝန်ချက် အမျိုးမျိုးကို လက်မှတ်ထိုး ခိုင်းတာတွေ၊ အဲဒါတွေ အားလုံးအတွက် စစ်အာဏာရှင် ပါးကွက်သားတွေ ငါတို့ (နိုင်ငံရေး အကျဉ်းသားတွေ)ကို ဝန်ချတောင်းပန်ရမယ်။ ငါတို့ အဖွဲ့အစည်းတွေကို ဝန်ချ တောင်းပန်ရမယ်။ ငါတို့ ဘက်က ရပ်တည်ခဲ့တဲ့ ပြည်သူလူထုတွေကို ဝန်ချ တောင်းပန်ရမယ်တဲ့။

မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်မှာ လွှင့်လိုက်တဲ့ ကိုအောင်ထွန်းရဲ့အသံက ကြေညာချက်ပုံစံနဲ့ ထွက်လာတယ်။ သူ့အသံက စစ်အာဏာရှင်ဟောင်းကြီး ချုပ်နှစ်ချုပ်ကို နာမည်နှင့်တကွ လူကောင်ဆွဲထုတ် စွပ်စွဲတာ ဖြစ်တယ်။ သူ့အသံ က ပြည်သူလူထုကြီးတစ်ရပ်လုံးကို သိကြားစေ သက်သေညွှန်းတဲ့ ပုံစံမျိုးနဲ့ ဖွင့်ချတာ ဖြစ်တယ်။

အဲသလို နိုင်ငံရေး အကျဉ်းသားဟောင်း အကျော်ဇေယျတစ်ဦးရဲ့ အသံကို ကျွန်တော် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။
ထပ်ဆင့် သဘောတူတယ်။
ထပ်ဆင့် ထောက်ခံတယ်။
ထပ်ဆင့် ဆန္ဒပေးတယ်။

ဒီလိုပဲ လိုရင်းကိုတိုတိုရှင်းရှင်း ပြောစရာရှိတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ကိုအောင်ထွန်းလိုပဲ လူ့ငရဲကို ဖြတ်သန်း ခဲ့သူ။ ဒီတော့ နောက်ထပ် ထပ်ဆင့်ပြောစရာတွေ ရှိတယ်။ နည်းနည်းပြောပါရစေ။
အားနာလို့ နည်းနည်းပြောပါရစေ ခွင့်တောင်းတာ။ ပြောစရာတွေ ကတော့ အများကြီး။

၁၉၈၉ ဇူလိုင် ၃ ရက်မှာ ကျွန်တော်ထောင်ထဲ ရောက်တယ်။ အဲဒီနှစ် စက်တင်ဘာ ၃ဝ ရက်မှာ ထောင်ဒဏ်အပြစ် ပေးခံရတယ်။ ၃ လလောက် အကြား ကာလမှာ ကျွန်တော်ဟာ အချုပ်သား။ ပြစ်ဒဏ်ကျခံရတဲ့ ထောင်သား မဟုတ်သေးဘူး။ အပြစ် တစ်စုံ တစ်ရာ ရှိတယ်လို့ သတ်မှတ်ခြင်း ခံရတဲ့သူ မဟုတ်သေးဘူး။

ဒါပေမယ့် ကျွန်တော်ညှဉ်းပန်းမှုတွေ ခံရတယ်။ နှိပ်စက်မှုတွေ ခံရတယ်။ အများကြီး ခံရတယ်။ ကြိမ်ဖန်များစွာ ခံရတယ်။ ညမအိပ် နေ့မနား ရက်ပေါင်းများစွာ ခံရတယ်။ ညှဉ်းပန်းသမျှကို ဝမ်းဟင်းလင်းနဲ့ လည်စင်းခံရတယ်။

ဒါက အချုပ်သားဘဝ(အပြစ်မဲ့ ဘဝ)နဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ။
ထောင်သားဘဝ (အပြစ်ကျဘဝ) ရောက်တော့ကော။ မေးနေစရာ မလိုပါဘူး။ ပိုလို့သာ ဆိုးလာတော့တာပေါ့။ စစ်ထောက်လှမ်းရေးက ထောင်ထဲ မှာပဲ တပ်စွဲနေတာကိုး။ လာချင်ရင် အနီးလေး ဖြစ်နေတော့တာပေါ့။ အပြင်နိုင်ငံရေးက ချွတ်ချွတ်ပျက်ပျက် ဖြစ်နေတယ်။ ဒီတော့ ထောင်ထဲမှာ ကျွန်တော်တို့ ဖွတ်ဖွတ်ညက်ညက်ကြေနေကြရတော့တာပေါ့။ စစ်ခွေးတိုက် သွင်းခံရလိုခံရ။ ရဲဘက် စခန်း သွင်းခံရလိုခံရ။ စစ်ထောက်လှမ်းရေး က ကျောချင်တိုင်း ကျောတဲ့ စစ်ကြောရေး ရုံး သွင်းခံရလိုခံရ။ ကျန်ကောင်း ကျန်ရာ လူ့သိက္ခာ ဗလာကျင်း အောင် ဖဲ့ခြွေချွတ်ခွာ ခံရလိုခံရ။ ဖဲ့တာ ခြွေတာ ခံရတာတွေထဲမှာ အဆိုးဆုံးက ကျွန်တော့်ပါးစပ်ထဲက မွေးရာပါသွားတွေ ချောင်ခြွေ ချိုးချွတ် ခံရတာပဲ။ စစ်ထောက်လှမ်းရေး လက်ချက်နဲ့ ကျွန်တော့်သွားတွေ အကုန်ကြွေကုန်တယ်။

၁၉၉၁ ကနေ ၁၉၉၈ အထိ သွား ဝတ်လစ်စားလစ် ပါးစပ်နဲ့ ထောင်ထမင်းကြမ်း ဟပ်နေခဲ့ရတယ်။ ၇ နှစ်အကြာ ၁၉၉၈ ရောက်မှ သွားတုတပ်ခွင့် ပေးတယ်။

ပိုဆိုးတာ နောက်တစ်ခု ရှိသေးတယ်။

၁၉၉ဝ ဇန်နဝါရီမှာ ကျွန်တော် အူကျရောဂါ ရတယ်။ အိပ်ရာထဲ ဗုန်းဗုန်း လဲတဲ့အဖြစ် ဆိုက်တယ်။ အာဏာပိုင်တွေက ဘာကုသမှုမှ မလုပ်ပေးဘူး။ ပြောမရ ဆိုမရဘဲ။ ၅ နှစ်တိတိ ကြာတယ်။ နောက်ဆုံး အူတွေခေါက် သေမလောက် ဖြစ်မှ ဆေးရုံပို့တယ်။

ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ခန်းထဲကို တိုက်ရိုက်ပို့ရတယ်။ ခွဲစိတ်ရတယ်။ လူတော့ မသေဘူး။ မွေးရာပါ တစ်ရှဉ်းတော့ “နတ်သင်း” ဖြစ်ရတယ်။

အဆိုးတကာ့ ထိပ်ခေါင် လူ့ငရဲ မီးလောင်ခံရတဲ့ အဖြစ်က ဒီလို။
၂ဝဝ၅ ဇူလိုင် ၆ ရက် မနက်မှာ ကျွန်တော့်ကို လွှတ်ပေးမယ်လို့ လာပြောတယ်။ ထောင်မှူးက ခေါ်ထုတ်တယ်။ လွှတ်မယ့် အကျဉ်းသား ၁ဝဝ ကျော်နဲ့ ဆုံရတယ်။ လွှတ်ဝရမ်းရေးဖို့ ကျွန်တော်တို့ တစ်တွေကို ကိုယ်မှတ်စစ် တယ်။ ထောင်ကျ တုန်းက မှတ်တမ်းယူ ထားခဲ့တဲ့ ကိုယ်အင်္ဂါ အမှတ်အသားတွေနဲ့ ပြန်ညှိတယ်။ အားလုံးပြီးတော့ လွှတ်ဝရမ်း ပေးတယ်။ ညျွန်မှူးရုံး အစည်းအဝေးခန်းမထဲ သွင်းတယ်။ အကျဉ်းဦးစီးညွှန်ချုပ် ဗိုလ်မှူးကြီး ဇော်မင်းက ဩဝါဒ ပေးတယ်။

နောက်ဆုံးအတန်းမှာ ထိုင်နေ တဲ့ ကျွန်တော့်ကိုညွှန်ချုပ်က နာမည် ခေါ်တယ်။ ရှေ့ဆုံးတန်းကို ဖိတ် တယ်။ ရှေ့ဆုံးရဲ့ ရှေ့ မှာ အပြင်က တရားသူကြီးတွေ၊ ဥပဒေ အရာရှိ ကြီးတွေ၊ ရဲအရာရှိကြီးတွေ၊ ထောင် အရာရှိကြီး တွေ ထိုင်နေတယ်။ညွှန်ချုပ်က သူ့ဩဝါဒထဲမှာ ကျွန်တော့်နာမည်ကို တကြော်ကြော် ခေါ်-အော်-ဖော်တယ်။

“ဆရာကြီး ဦးဝင်းတင်လည်း ဒီနေ့လွတ်ပြီ။ ကျွန်တော်တို့က ဆရာကြီးစာတွေကို ဖတ်ပြီး ကြီးခဲ့တာ။ ဆရာကြီး ကျန်းမာ ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ”

ညွှန်ချုပ် ဩဝါဒ ဆုံးတော့ အားလုံး ခန်းမထဲက ထွက်ကြတယ်။
ထောင်ဘူး(တံခါးမကြီးခန်းမ)ထဲကို ဝင်ကြတယ်။ အားလုံးတန်းစီ လွတ်လမ်း ချီကြတယ်။ လွတ်လူတွေထဲမှာ ဒီချုပ်က လူငယ်တာဝန်ခံ(၂) မြင့်ဋ္ဌေးပါတယ်။ လွတ်လူတွေ တော်တော်လေး ထွက်ကုန်တော့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က လာပြောတယ်။ ဆရာကြီးနဲ့ ဒီလူတွေ ဒီလူတွေ ခဏနေကြပါဦး။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး လာတွေ့ ချင်တယ် ပြောလို့ပါ။ ဝန်ကြီး စောင့်ရင်း ထမင်းလေး စားပါဦးတဲ့။

ကျွန်တော်တို့ လူသိုက်က ၁ဝ ယောက်။ ကျား ၈၊ မ ၂ ။ (ကျား ၈ ထဲမှာ ဒီချုပ်ခေါင်းဆောင် တစ်ယောက်ပါတယ်။ တောင်ငူမြို့က ဦးအောင်စိုးမြင့်။ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ အရွေးခံခဲ့ရသူ။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အရွေးခံရသူ။ အခု နေပြည်တော်မှာ လွှတ်တော် တက်နေတယ်)။ ထမင်းစားပြီးရုံ ရှိသေး။ ထောက်လှမ်းရေး ၂ ယောက် ကျွန်တော့်ကို လာခေါ်တယ်။ အကျရုံးကို လိုက်သွားရ တယ်။ အကျရုံးမှာ တစ်အောင့်လောက် မကြာဘူး။ ခေါင်းစွပ်စွပ်ပြီး အပြင်ခေါ်ထုတ်ပြန်တယ်။ တစ်နေရာ ရောက်လို့ ခေါင်းစွပ် ချွတ်တော့။ လားလား ကျွန်တော်မနက်က ထွက်လာခဲ့တဲ့ ထောင်ခန်း။ မနက် ထွက်လာတုန်းက ရှိရှိသမျှ ဘုဉ္ဇာဟိ လုပ်ခဲ့လို့ အခန်းက ပြောင်တလင်းခါနေတယ်။ စားစရာ နတ္တိ၊ ခြုံစရာ ဝတ်စရာ ဘာမျှမရှိ။ ရေသောက်စရာ ခွက်မှ မကျန်။ မိုးသာ စုန်းစုန်းချုပ် သွားတယ်။ ဘယ်သူဘယ်ဝါမှ ကျွန်တော့်အခန်း ပေါ်မလာ။ ကျွန်တော့်ကို ဘာစကား တစ်ခွန်းမှ လာမပြော။

ဒီလိုနဲ့ နောက်ထပ်ထောင်ထဲ မှာ ၂နှစ်ကျော်အပိတ်ခံခဲ့ရပြန်တယ်။ ၂ဝဝ၈ စက်တင်ဘာ ၂၃ မှကျွန်တော် ထောင်က တကယ်လွတ်တယ်။
ထောင်သမိုင်းမှာ ကျွန်တော့်လို ရာဇဝင် ရိုင်းခဲ့တဲ့သူ မရှိခဲ့ဘူး။ ကျွန်တော် ကြားဖူးနားဝ ရှိသလောက် တစ်ယောက်မှ မရှိခဲ့ဘူး။ လူထုဦးလှလို ပုဂ္ဂိုလ် ထောင်ဒဏ် ပြန်ကျော့ခဲ့ရဖူးတယ်။ လွတ်ရက် ရောက်တော့ သူ့ကိုထောင်ဗူးဝရုံး ပို့တယ်။ လွှတ်ဝရမ်း ပေးတယ်။ နောက်ထပ် ပုဒ်မ ၁ဝ (ဃ) ကပ်တယ်။ ထောင်ထဲပြန်သွင်းတယ်။ ထောင်ပြန်ကျတယ်။

ကျွန်တော် အင်းစိန်ထောင်မှာ ရှိနေတုန်း ကွန်မြူနစ်ဗဟိုက ကိုသက်ခိုင်လည်း ထောင်ကျနေတယ်။ တစ်ရက်မှာ သူ့လွတ်နေ့ စေ့တယ်။ စစ်ထောက်လှမ်းရေးတွေ သူ့အခန်းရှေ့ ရောက်လာကြတယ်။ လွှတ်ဝရမ်း ဖတ်ပြတယ်။ ပြီးတော့ ပုဒ်မ ၁ဝ(ဃ)ကပ်တယ်။ သူလည်း တစ်ကျော့ပြန် ထောင်ကျတယ်။

ဒီကိစ္စတွေ ကျွန်တော် သိသားပဲ။ ကြားဖူးသားပဲ။ ဒါပေမယ့် ကျွန်တော့် အဖြစ်နဲ့ မတူကြဘူး။ ကျွန်တော်က လွတ်ပြီးသားလူ။ လွတ်တာမှ ကွင်းလုံးကျွတ် လွတ်ပြီးသားလူ။ ထောင်လုပ်ငန်း သဘောအရ အားလုံး၊ အကုန်လုံး၊ အူတွင်းချေးခါး မကျန် စစ်ပြီးဆေးပြီး မေးပြီး မြန်းပြီး ရာခိုင်နှုန်းပြည့် လွတ်ပြီးသားလူ။ နောက်ထပ် ဘာပုဒ်မမှ မကပ်။ နောက်ထပ် ဘာတရားမှ မစွဲ။ နောက်ထပ် ဘယ်ရုံးမှ မတင်။ ကျွန်တော့်ကို နောက်ထပ် ၂ နှစ်ကျော် ထောင်ထဲသွင်း ပိတ်ထားခဲ့တာဟာ ဘာသဘောလဲ။ ဘာအဓိပ္ပာယ်လဲ။ ဘယ်လို ဖြေရှင်းမလဲ။ ဘယ်လို ခုခံချေပမလဲ။

ဗြောင် မတရားချုပ်နှောင်တာ။ အရပ်စကားနဲ့ ပြောရရင် “ဘလိုင်း” မတရား ချုပ်နှောင်တာ။ ဥပဒေမဲ့ မတရား ချုပ်နှောင်တာ။ စစ်အာဏာရှင်တွေ မတရားလုပ်တာ။ စစ်အစိုးရက နိုင်ငံသားတစ်ဦး အပေါ် တရားမဲ့ပြုတာ။

ကိုင်း… ဥပဒေ ပညာရှင်တွေ ကျွန်တော့်အမှုကို ဘယ်လို အဆုံးအဖြတ် ပေးကြမလဲ။ စစ်အာဏာရှင် တွေကို ဘယ်လို ခုခံကာကွယ်ကြမလဲ။ ကျွန်တော့်ကို ဘယ်လို စောင့်ရှောက် ကြမလဲ။ တရားဥပဒေ စိုးမိုးရေး မရှိခဲ့လို့ ဒီလိုဖြစ်ခဲ့တာလို့ ပြောကြမှာလား။ စစ်အာဏာရှင် ခေတ်က တရား ဥပဒေမဲ့ခဲ့လို့ ဒီလိုဖြစ်တာလို့ ပြောကြမှာလား။

ဒီလို စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင် အစိုးရတွေ၊ စစ်အာဏာရှင် ပါးကွက်သားတွေ၊ စစ်အာဏာရှင် လက်ပါးစေတွေ၊ စစ်အာဏာရှင် လက်ကိုင်တုတ်တွေ၊ စစ်အာဏာရှင် ကပ်ပါးတွေ၊ မတရား လုပ်ခဲ့ကြတာတွေ တရားမဲ့ ကျူးလွန်ခဲ့ကြတာတွေ၊ အားလုံးကို သင်ပုန်းချေ ပစ်လိုက်ရမှာလား။

သူတို့အားလုံးကို ဝန်ချ တောင်းပန် ခိုင်းကြမှာလား။

သူတို့အားလုံးကို ပြည်သူ့ခုံရုံးတင်၊ စစ်ဆေး အပြစ်ပေး ကြမှာလား။
သူတို့အားလုံးကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေး အပြစ်ပေး ကြမှာလား။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံးအတွက် သူတို့အားလုံးဆီက နစ်နာကြေး၊ လျော်ကြေး၊ တောင်းပန်ကြေး၊ ကန်တော့ကြေး တောင်းကြမှာလား။

စစ်အာဏာရှင်တွေကို နိုင်ငံရေး အမွေဆက်ခံတဲ့ စစ်တစ်ပိုင်း အစိုးရတစ်ခုလုံးကို သမဝါယမအစိုးရအဖွဲ့ လုပ်ခိုင်းကြမှာလား။
လုပ်ချင်တာ လုပ်။ လုပ်သင့်တာ လုပ်။ လုပ်ဖို့လိုတာ လုပ်ကြပါ။
ကောင်းတာချည်းပါပဲ။ ကျွန်တော် ထောက်ခံ ပါတယ်။

အရေးတော်ပုံ တပ်သား တစ်ယောက်အနေနဲ့ သဘောထား ပြောပါလို့ မေးမလား။ နိုင်ငံရေး အကျဉ်းသား ဟောင်းတိုင်းက ဒီလို ပြောကြလိမ့်မယ် ထင်တယ်။

စစ်အာဏာရှင်တွေ တစ်မြုံလုံးကို

ကမ္ဘာမကျေဘူးဟေ့။

ဗမာမကျေဘူးဟေ့။

ငါမကျေဘူးဟေ့။

ကျွန်တော်တစ်ယောက်ထဲရဲ့ ထပ်ဆင့်သဘောထား ဘယ်လို လဲလို့ ထပ်ဆင့်မေးမလား။ ဒီလို ဖြေမိမယ် ထင်တယ်။

စစ်အာဏာရှင်တွေဟာ သမိုင်းကြွေး ဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ တရားဥပဒေ ကြွေးဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ ကွယ်လွန်သူ စာရေး ဆရာကြီး သတင်းစာ ဆရာကြီး အိုးဝေဦးညိုမြ စကားလုံးအတိုင်း “ငရဲခွေးကြီးလွတ်နေဆဲ” (Hell Hound at Large) လို့ ပြောရမှာပေါ့။

နောက်တစ်မျိုး ပြောရမယ်ဆိုရင် ဒီလို ပြောပြချင်တယ်။

“ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေးတယ်”။
ဟံသာဝတီ ဦးဝင်းတင်
မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ်။ ။ အောက်တိုဘာ ၁၃၊ ၂၀၁၂
 

No comments:

Post a Comment