Thursday 16 May 2013

ဦးတိုး (၆) လ ပြည့် အလွမ်း

ဦးတိုး (၆) လ ပြည့် အလွမ်း (Nyein Chan Aye)


ငြိမ်းချမ်းအေး၊ မေ ၁၆၊ ၂၀၁၃

(ဓာတ်ပုံ – ခင်မောင်တိုး တေးစုများစွာရဲ့ မျက်နှာဖုံးပန်းချီ လက်ရာရှင် ပန်းချီမျိုးမြင့်)

ဦးတိုး ဆုံးတာ မနေ့တနေ့ကလိုပဲ စိတ်ထဲ ခံစား လွမ်းနေရပေမယ့် တကယ်တော့ ဒီနေ့ (၆) လ ပြည့် (၁၅၊ နိုဝင်ဘာ၊ ၂၀၁၂ – ၁၅၊ မေ၊ ၂၀၁၃) သွားပြီ..။ သူလို ပုဂ္ဂိုလ်မျိုးက တသက်လုံး လွမ်းနေရမယ့် ပုဂ္ဂိုလ်မျိုးပါ။ သူ့မိသားစု၊ သူ့မိတ်ဆွေ သူငယ်ချင်း၊ သူ့ ဂီတ ပရိသတ် တင်မကဘဲ ဗမာပြည် အတိုင်းအတာ နဲ့ ကို သူ့လို ရိုးရာ နဲ့ အနောက်တိုင်း ဂီတ ကို ပေါင်းစပ်ပြီး ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်ဟန်နဲ့ ဗမာ့ခေတ်ပေါ်ဂီတ ကို အကျိုးပြု၊ သမိုင်းဖန်တီးခဲ့သူမျိုးက ခေတ်တိုင်းမှာ အမြဲ အမှတ်တရ ရှိနေရမှာပါ။

သူဆုံးတဲ့ တလပြည့် ကုသိုလ်ပြု အမျှဝေပွဲမှာ သူ့သူငယ်ချင်းအရင်း ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) က အခုလို ကဗျာလေးရေး လွမ်းခဲ့တယ်။

အမျှ.. အမျှ.. အမျှ

ဝေဒနာတွေဖွဲ့

တစ.. တစ.. မြေ့ကျွမ်း..

ခြေရာတွေနဲ့..

ခဏ.. ခဏ.. မမေ့စတမ်း..

သြော်.. မဖြေသာလေတဲ့..

ရင်ထဲက.. တလ. တလ.. ပြည့်.. အလွမ်း..

မောင်စိန်ဝင်း (ပုတီးကုန်း)

ဓာတ်ပုံ – ခင်မောင်တိုး မိသားစု

အခု တော့ “ရင်ထဲက.. ခြောက်လ.. ခြောက်လ.. ပြည့်.. အလွမ်း” ဖြစ်ရပြီပေါ့..။ နောင်မှာလည်း တနှစ်.. တနှစ်.. ပြည့်တွေ.. ငါးနှစ်.. ငါးနှစ်.. ပြည့်တွေ.. ဆယ်နှစ်.. ဆယ်နှစ်.. ပြည့်တွေ.. လွမ်းနေရဦးမှာပါပဲ။ ဦးတိုး မမီလိုက်၊ မမြင်လိုက်ရရှာတဲ့ ဦးတိုးရဲ့ မျိုးဆက်သစ် မြေးမလေး အရွယ်ရောက် လူလားမြောက်တဲ့ အချိန်၊ နောက်မျိုးဆက်သစ် ပေါင်းများစွာလည်း ဆက် လွမ်းနေ၊ အမှတ်တရ လုပ်နေရမယ်လို့ ထင်ပါတယ်။

ကျနော် နဲ့ ကျနော့် မိတ်ဆွေ ဂီတချစ်သူတွေဆိုတာတော့ ပြောမနေနဲ့ပေါ့..။ နေ့စဉ်ရက်ဆက်လို့ မဆိုနိုင်တောင် ရက်ခြားတော့ ဦးတိုးနဲ့ ပတ်သက်တာတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောဖြစ်ကြ၊ ရေးဖြစ်ကြ၊ အမှတ်တရ ဓာတ်ပုံ၊ သီချင်း ရုပ်သံ နဲ့ စာသားလေးတွေ တင်ဖြစ်ကြပါတယ်။

ဓာတ်ပုံမျှဝေသူ – Doney MP (မူရင်း သပြေမဂ္ဂဇင်း)

ကျနော်တို့မှာလည်း တနှစ်ထက် တနှစ်အသက်တွေကြီးလာသလို အလွမ်းတွေလည်း ပိုများလာပါတယ်။ စွဲလမ်းခဲ့ရတဲ့ ကဗျာ နဲ့ စာပေ ပညာရှင်၊ ဂီတပညာရှင်၊ အနုပညာရှင် တွေ ကို လွမ်းရသလို သူတို့ရဲ့ အနုပညာပစ္စည်းတွေကိုလည်း လွမ်းရပါတယ်။ အနုပညာပစ္စည်းတွေကို စတင် စားသုံးခဲ့တဲ့ အချိန် နှောင်းခဲ့တဲ့အတိတ် ကာလ ငယ်ဘဝကိုလည်း လွမ်းရပါတယ်။ ဒီလို ကြည်နူးစရာတဝက်၊ အလွမ်းတဝက် နဲ့ အောက်မေ့ ခံစား လွမ်းနာကျရင်းနဲ့ပဲ ရှေ့အနာဂတ် ဘဝခရီးကို ဆက်လက် ချီတက်ရမယ် ထင်ပါတယ်။

ဦးတိုး ရဲ့ တည်ကြည် တဲ့ မျက်နှာ၊ သူ့ရဲ့ ဘယ်သံဝါဝါကြီး ဆိုဟန် နဲ့ သူ့ရဲ့ဟန် နေကာ မျက်မှန် အမည်း နဲ့ ဆံပင်ရှည် ကိုလည်း ဒီလိုပဲ ကိုယ်လည်းလိုက် ဘဝကူးတဲ့ နောက်ဆုံးအချိန် အထိ ရင်ဘတ်နှလုံးသား နဲ့ မြင်နေ၊ ကြားနေ၊ လွမ်းဆွတ် တသနေရပါဦးမယ်။ “သဇင်ည” နဲ့အတူ ဆောင်းမှာလည်း လွမ်းရပါမယ်။ “မုတ်သုန်လေဦး” နဲ့အတူ မိုးမှာလည်း လွမ်းနေရပါမယ်။ “နွေရက်များအခါခါ” ကုန်တဲ့အထိလည်း လွမ်းရပါဦးမယ်။ “အရွယ်လွန်ရွေ့လျား” သွားတဲ့အထိ “လွမ်း” သီချင်းနဲ့အတူ လွမ်းနေပါမယ်။


မူရင်း မိုးမခတွင် လာရောက်ဖတ်ရှုနိုင်ပါတယ်.။ရုပ်သံနှင့် ဓါတ်ပုံများ http://moemaka.com/archives/34767

No comments:

Post a Comment