Friday 12 April 2013

ဂျပန်ခရီးစဉ်အတွက် ဧပြီလ ၁၂ ရက် ည ၇ နာရီ ၄၅ မိနစ်က TG-306 လေယာဉ်ဖြင့် စတင်ထွက်ခွါ

















အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ခုနစ်ရက်တာ ကြာမြင့်မည့် ဂျပန်ခရီးစဉ်အတွက် ဧပြီလ ၁၂ ရက် ည ၇ နာရီ ၄၅ မိနစ်က TG-306 လေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ စတင်ထွက်ခွာခဲ့သည်။

ဂျပန်ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဆဋ္ဌမမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွက်မူ ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ဂျပန်တက္ကသိုလ်သုံးခုတွင် မိန့်ခွန်း ပြောသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ၁၅ ရက်တွင် သူမ ဧည့်ပညာရှင်အဖြစ် တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ကျိုတိုတက္ကသိုလ်နှင့် Ryukoku တက္ကသိုလ်တို့တွင် မိန့်ခွန်းပြောသွားမည်ဖြစ်ကာ ဧပြီလ၁၇ ရက်တွင် တိုကျိုတက္ကသိုလ်၌ မိန့်ခွန်းပြောသွားမည် ဖြစ်သည်။

ဧပြီလ ၁၆ ရက်တွင် ဂျပန် အထက်လွှတ်တော် ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဧပြီလ၁၈ ရက်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ဧပြီလ၁၃ ရက်နှင့် ၁၅ ရက်နေ့များတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသွားရန်ရှိပြီး ဧပြီလ ၁၄ ရက်တွင် ကျိုတိုမြို့ရှိ အသေးစား ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကိုလည်း သွားရောက်လေ့လာမည်ဖြစ်သည်။ ဧပြီလ၁၉ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်ခရီးစဉ်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ကိုမိုးဇော်ဦးနှင့် ကိုဘန်နီတို့ လိုက်ပါသွားခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင် ဧည့်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်မှစကာ ၆ ရက်ကြာ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန်လ၁၃ ရက်မှ ၂၉ ရက်အထိ ဥရောပနိုင်ငံများ ဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ် နိုင်ငံများသို့ သွားရောက်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ သွားရောက်ခဲ့ကာ နိုဝင်ဘာလ၁၄ ရက်မှ ၁၈ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။၂၀၁၃ ခုနှစ်အတွက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဇန်န၀ါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ အမေရိကန် ဟာဝိုင်ယီကျွန်းနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ရှစ်ရက်ကြာ သွားရောက်ခဲ့သည်။



No comments:

Post a Comment