Sunday 17 March 2013

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့ လမ်း လိုင်ဇာ ခရီးစဉ်






















ဦးရဲလွင် ဦးဆောင်သော လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့ လမ်း ငြိမ်းချမ်းရေး အဖွဲ့သားများ နှင့် ကိုနေမျိုးဇင် သည် မြစ်ကြီးနားမြို့သို့ မတ်လ ၁၃ ရက် ညနေ၆ နာရီတွင် မော်တော်ယာဉ်ဖြင့် ဆိုက်ရောက်ခဲ့ပါသည်။ မတ်လ ၁၅ ရက်နေ့တွင် မြစ်ကြီးနားမြို့မှ လိုင်ဇာသို့ စတင်ထွက်ခွါမည့် ရန်ကုန် လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျောက် အဖွဲ့အင်အား ၁၅၀ ကျော်အား မြစ်ကြီးနားမြို့ မှ ထင်ရှားကျော်ကြားလှသော မနောကွင်း အတွင်း နှုတ်ဆက်ဂုဏ်ပြုပြီး မနက် ၇ နာရီ လမ်းလျောက်အဖွဲ့သားများ စတင်ထွက်ခွါခြင်း နှင့် အတူ မိမိတို့ အဖွဲ့လည်း မြစ်ကြီးနားမြို့မှ မော်တော်ယာဉ်ဖြင့် စတင်ထွက်ခွါကာ တနှစ်ကျော်မှ လူသူ အသွားအလာ ကင်းမဲ့ခဲ့သော မြစ်ကြီးနား - လိုင်ဇာ မော်တော်ကားလမ်းကို ဖြစ်သန်းကာ လိုင်ဇာမြို့သို့ ခရီးထွက်ခဲ့သည်။ လမ်းတလျောက်မှ တပ်မတော် စစ်ကြောင်းများက အဆင့်ဆင့် သတင်းပို့ပြီး မိမိတို့ မော်တော်ယာဉ်ဖြတ်သန်းခြင်းကို ခွင့်ပြုခဲ့ပါသည်။ တပ်မတော်စစ်ကြောင်းပင် ဖြတ်သန်းသွားလာခြင်း မရှိသေးသော ကားလမ်း အတိုင်း သွားပါက မိုင်း အန္တရာယ် ရှိနိုင်ကြောင်း စစ်ကြောင်းများက သတိပေးပြောဆိုပြီး မိမိတို့ မော်တော်ယာဉ်ကို ဖြတ်သန်းသွားခွင့်ပေးသည်။ မလန်းယန် ရွာ အနီးတွင် ငြိမ်းချမ်းရေး လမ်းလျောက် အဖွဲ့တခုဖြစ်သော ကိုစည်သူ၊ ဦးဝင်းချို နှင့် ကိုခင်မောင်ဝင်း တို့ ပါဝင်သည့် လမ်းလျောက် အဖွဲ့သားများကို နှုတ်ဆက်ဖြတ်ကျော်ခဲ့ပြီး လိုင်ဇာဘက်သို့ ဆက်လက်ထွက်ခွါခဲ့ပါသည်။ နောက်ဆုံး စစ်စခန်း တခု အရောက်တွင် တပ်စခန်းမှ တာဝန်ရှိသူများက ရှေ့တွင် တံတားပျက်စီးနေသည့် ချောင်းကြီးတခု ကို မော်တော်ယာဉ်ဖြင့် ဖြတ်ကျော်နိုင်ခြင်း မရှိသည့် အတွက် မိမိတို့ မော်တော်ယာဉ်ကို စစ်စခန်းတွင် ထားခဲ့ပါရန်နှင့် ထိုတံတားကို ဖြတ်ကျော် လမ်းလျောက်ပြီး လိုင်ဇာ မုခ်ဦး အထိ စစ်ကြောင်းမှ လမ်းလျောက် လိုက်ပါ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြောဆိုကာ စစ်ဦးစီးမှူး (ပထမတန်း ) ဂျီဝမ်း တဦးမှ ကိုယ်တိုင် ဦးဆောင်ကာ မိမိတို့ ငြိမ်းချမ်းရေး တေးဂီတ အဖွဲ့ (၇) ဦးကို လိုင်ဇာဘက်ခြမ်း ကေအိုင်အို အဖွဲ့မှ စောင့်ကြိုနေသည့် နေရာ အနီးထိ လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။

လိုင်ဇာသို့ မတ်လ ၁၅ ရက် ညနေ ၆ နာရီခန့်တွင်ချောမောစွာရောက်ရှိခဲ့ပြီး အသင့် ရောက်နှင့်နေသည့် ရွှေဘိုဒေသ မြင်းခြံဒေသဘက်မှ ငြိမ်းချမ်းရေး လမ်းလျောက်လာခဲ့သူများကို နှုတ်ဆက် တေးသီချင်းများဖြင့် ဖျော်ဖြေ ဂုဏ်ပြုပါသည်။ ဒေသခံ ကချင် တိုင်းရင်းသား လူငယ်များနှင့် အတူတွဲပြီး သီးချင်းများ သီဆိုခြင်း ၊ မိတ်ဆက် စကားများ အပြန်လှန်ပြောကြားကာ အတွေးအမြင် ခံစားချက်များ ဖလှယ်ခြင်းတို့ ပြုလုပ်ခဲ့ပါသည်။  မတ်လ ၁၆ ရက် မနက်တွင် ဗိုလ်မှူးချုပ် ဂွမ်မော် က အလွတ်သဘော တည်ခင်းဧည့်ခံသည့် မိတ်ဆုံစကားပြောပွဲတွင် သုံးနာရီကျော်ကြာမျှ ဆွေးနွေးနားထောင်ခွင့် ရခဲ့သည်။ ဒူကဘာဂွမ်မော်မှ ကချင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးများဖြစ်တည်လာပုံ။ အိမ်နီးချင်း နိုင်ငံများနှင့် ဆက်စပ်နေသည့် လက်ရှိ နိုင်ငံရေး အခင်းအကျင်း၊ သဘာဝ သယံဇာတ အပေါ် အခြေပြုနေသည့် သဘောထားများ၊ လက်ရှိ အစိုးရသစ်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လူမျိုးစု တိုင်းရင်းသားတို့အပေါ် တုန့်ပြန် ဆက်ဆံမှု အခြေအနေများကို အသေးစိတ် ရှင်းလင်း ပြောပြခဲ့သည်။
 ထို့နောက် မတ်လ ၁၆ ရက် နေ့လည်တွင် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့သားများသည် လိုင်ဇာမြို့ပတ်ဝန်းကျင် တွင် အခြေပြုနေသော တိုင်းရင်းသား လက်နက်ကိုင် စစ်လေ့ကျင့်ရေး တပ်ဖွဲ့များ သို့ သွားရောက်လေ့လာကာ ပြည်တွင်း နိုင်ငံရေး အခြေအနေများ အကြောင်း သုံးသပ်လေ့လာခဲ့သည်။
[1:34:02 PM] Best398: ညနေပိုင်းတွင် လိုင်ဇာမြို့မှ လူငယ် အဖွဲ့အစည်း လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ နှင့် အတွေးအမြင် ခံစားချက် များ ဖလှယ်ဆွေးနွေးခဲ့ကြသည်။ ယနေ့ ကေအိုင်အို ခေါင်းဆောင်များ က လက်ခံ တွေ့ဆုံမည့် မိတ်ဆုံစကားပြောဝိုင်း အတွက် ပြင်ဆင်စောင့်ဆိုင်းနေကြပါသည်။ မတ်လ ၁၇ ရက် နေ့လည် ၁၀နာရီ လေးဆယ်ခန့်တွင် လမ်းလျောက်ငြိမ်းချမ်းရေး အဖွဲ့ ဒုတိယ အသုတ်ဖြစ်သည့် ကိုစည်သူ၊ ဦးဝင်းချို ၊ ကိုခင်မောင်ဝင်းတို့ အပါအ၀င် လူအင်အား ၂၂ ဦး အဖွဲ့သည် လိုင်ဇာမြို့ သို့ ၀င်ရောက်လာပြီဖြစ်ပါသည်။ ကချင်တိုင်းရင်းသား ခေါင်းဆောင်များက ကြိုဆိုရေး အဖွဲ့များ စနစ်တကျ ဖွဲ့စည်းပြီး လိုင်ဇာသို့ ရောက်ရှိလာသည့် ငြိမ်းချမ်းရေး အဖွဲ့သားများ အားလုံးကို အဆင့်အတန်း မခွဲခြား တပြေးညီသော ရင်းနှီးခင်မင်မှုဖြင့် တိုင်းရင်းသားချင်း သွေးစည်းချစ်ကြည်သည့် ပြည်ထောင်စုသား တို့ စိတ်ထားကို ခိုင်မာထင်ရှားစွာ ကျင့်သုံးလျက်ရှိကြောင်း မိမိတို့ မြေပြန့်သားများ ခံစားတွေးမိ သိရှိ၇ပါသည်။ ကချင် မနောမြေ ပြည်နယ် တခွင်လုံး အမြန်ဆုံး စစ်မှန်သည့် ငြိမ်းချမ်းရေးများ တည်ဆောက်နိုင်ပါစေ။

ပေးပို့ သူ  ကိုနေမျိုးဇင်
17.3.2013

1 comment:

  1. ကျက်သရေမရှိတဲ့ ဗိုလ်ပြုတ်ကိုများကွာ

    ReplyDelete