Saturday 23 February 2013

ဒုတိယမ္ပိ အကျဉ်းထောင်


လူ့ဘ၀ဟာ တကယ်တော့ ဒုက္ခတွေ ဗလပွဲနဲ့ပါပဲ။ ဒါပေမယ့် သာမန်လူတွေထဲက ပိုပြီး ဒုက္ခတွေ ရင်ဆိုင်နေရတဲ့ သူတွေ အတွက်တော့ လူမပီသတော့သလို မြင်တွေ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တချို့နဲု့ ထိုင်းနိုင်ငံ ဖုတ်ဖရ ခရိုင်တွင်းက အုန်းပြန့် ဒုက္ခသည် စခန်းမှာ တွေ့ခဲ့ရပါတယ်။ 


 နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကြည်ဝင်း၏ အုန်းပြန့် ဒုက္ခသည်စခန်းတွင်းက တဲအိမ်၊ ဓာတ်ပုံ- လင်းသန့်(ဧရာဝတီ) ~
သူတို့ ဘ၀ကို ဘယ်လို ရုန်းကန်းနေရလဲ၊ သူတို့ ဘ၀ကို ဘယ်လိုဖြတ်သန်းနေရလဲဆိုတဲ့ အခု ဖော်ပြ တဲ့ မြင်ကွင်းတွေက တဆင့် တင်ကူးကြည့်နိုင်ပါလိမ့်မယ်။ 


 အိမ်အမိုးလဲဖို့ဆိုတာလည်း ငွေလေးစုပြီးမှ ဒီလို ၀ိုင်းလုပ်နေကြရတယ်

ဒီလို ကွမ်းယာလေးရောင်းရင်း ဒုက္ခသည်စခန်းတွင်း မိသားစုဘ၀ကို ရုန်းကန်နေရတယ်



တကယ်တော့ ဒုက္ခသည်စခန်းဆိုတာ အကျဉ်းထောင် တခုလိုပါပဲလို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဒုက္ခသည် တဦးဖြစ်သူ ကိုနိုင်ကြီးက ဆိုပါတယ်။ 

အကျဉ်းထောင်ထက် သာတာလေး တခုကတော့ စခန်းတွင်းကနေ မြို့ပေါ်တွေကို သွားဖို့အတွက် စခန်းကော်မတီရဲ့ ထောက်ခံစာတွေပါရင် သွားခွင့်ရကြပါတယ်။ 

အုန်းပြန့်စခန်းတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြတဲ့ ကိုစိုးမြင့်တို့ ဇနီးမောင်နှံ

ထောက်ခံစာအတွက် တရားဝင်အားဖြင့် တပြားတချပ်မှာ ကုန်စရာမလို ဘူးဆိုပေမယ့် လက်တွေ့မှာတော့ အနည်းဆုံး ဘတ် ၂၀၀ လောက်ကုန်ကျပါတယ်။ ကားခကလည်း အုန်းပြန့်ကနေ မဲဆောက်ကို ဘတ် ၈၀ ပေးရပြီး လမ်းခရီး တ လျှောက်ကတော့ ထိုင်း နယ်ခြားစောင့်စစ်တပ်နဲ့ရဲတွေက မကြာခဏ အထောက် အထားစာရွက်တွေ စစ်ဆေးတာတွေ ကြုံရပါသေးတယ်။ 

လမ်းတလျှောက် နယ်ခြားစောင့်စစ်တပ်နဲ့ ရဲတွေရဲ့ ခရီးသွားတွေကို စစ်မေးလေ့ရှိတဲ့ ဂိတ်တခု

အုန်းပြန့်စခန်းအနီးက မျှော့တိုင်းရင်းသား ရွာကလေး

“အခုလို တခါထွက်လာလိုက်တယ်ဆိုရင်ဘဲ လွတ်ငြိမ်းချမ်းသာနဲ့ ခဏ လွတ်လာသလိုပါဘဲ”လို့ အုန်းပြန့်စခန်းက နိုင်ငံရေး အကျဉ်းသား ဟောင်းတဦးက ပြောပါတယ်။ 

ဘ၀ရှင်သန်ရေး ရုန်းကန် လှုပ်ရှားရတာကလည်း အကျဉ်းထောင်တခုလိုပါပဲတဲ့။ ရိက္ခာဖူလုံမှုမရှိ တာတွေကြောင့် စခန်းပြင် ပ ထွက်ပြီး နေ့စား အလုပ်သွားလုပ်ကြပြန်ရင်လည်း ထောင်တွင်းမှာတုန်းက မနက်ပိုင်း အလုပ်ဘုတ် တန်းစီတဲ့အခါ ငုတ် တုတ်လေးတွေ ထိုင်ပြီး ကိုယ့်ကို အလုပ်ခွဲဝေဖို့ ခေါ်တဲ့ အတိုင်းပါပဲလို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဒုက္ခသည်တွေက ဆိုပါတယ်။ 

စခန်းအနီးအနား မြို့ပေါ်တွေ တက်ပြီး အလုပ်သွားလုပ်ရလို့ တချို့လည်း ကိုယ့်ဖခင် ဆုံးသွားတာ မသိလိုက်ရတာရှိပါတယ်။ 



နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနိုင်ကြီးက  ဖခင် ဆုံးပါးတာ နောက်မှ သိပြီးသိခဲ့ရပြီး ဖခင်ရဲ့ လ လည်ဆွမ်းကျွေးပွဲ လုပ်တဲ့ ကမ္ဘာလုံးချမ်းသာ ဘုန်းတော်ကြီးကျောင်းကို ရောက်ခဲ့လို့ လူစုံလင်စွာ တွေ့ ရပါတယ်။ 

ဒုက္ခသည်စခန်းတွင်းမှာလည်း အကျဉ်းထောင်တွေတုန်းကလို အသက်မွေး ၀မ်းကျောင်းနေရတာ မြင်ခဲ့ရ ပါတယ်။ 

စခန်းတာဝန်ခံကလည်း ထောင်စကားနဲ့ ပြောရရင် ထောင်ပိုင်လိုပဲတဲ့။ ထောင်တွေထဲတုန်းကလို ငချွန်၊ သတင်းပေး၊ မျက် နှာလိုချင်လို့ တဖက်သားကို ဒုက္ခပေးတတ်သူမျိုးလည်း လူ့သဘာဝအတိုင်း ရှိကြတာ ပါပဲ။ 
နိုင်ငံရေးအကျဉ်းသားဟောင်း တွေကတော့ ဒုက္ခသည်စခန်းကို သူတို့ရဲ့ ဒုတိယ ထောင်အမျိုးအစား တခုအဖြစ် ပြောဆိုကြပြီး အမေ့ခံ လူသားများ စာရင်းမှာ ပါဝင်နေသူတွေလို့ သူတို့ကိုယ် သူတို့ ခေါ် 
ဝေါ် ပြောဆိုကြပါတယ်။ 

 အခုလို ကားနာထိ လိုက်ပို့ရတာကိုပဲ လွတ်ငြိမ်းချမ်းသာ ရတဲ့အလား ပျော်ရွှင်နေတဲ့ အခိုက် 

အုန်းပြန့်စခန်းတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်း ဒုက္ခသည်တွေအတွက်တော့ တတိယနိုင်ငံမှာ အခြေချနေထိုင်နိုင်ရေး ဆိုတဲ့ အိမ်မက်ဟာ ဒုတိယမ္ပိ ထောင်က လွှတ်ပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့် လိုပါပဲတဲ့။ 

~ လင်းသန့် ~

No comments:

Post a Comment