Sunday 3 February 2013

တက်ရေနဲ့ မနက်လှေဟာ အိမ်ပြန်ခက်ချေပြီ...




ကိုယ်ရောင်ဖျောက်နေသော မျှော်လင့်ချက်တွေကို
ပြန်လည် တူးဆွနေသော အတွေးနက်နက်များ
အကြောင်းကံ မလှပုံက၊ ခေါင်းထောင်ထစ နှစ်သစ်မှာ
မျက်နှာပြောင်တိုက်ပြီးဝင်လာတဲ့ ကြမ္မာဆိုးနဲ့  တဲ့တဲ့တိုးတယ်..။

သော့အတုနဲ့ ဖွင့်မရတဲ့ တံခါးများထဲ
လမ်းမရှိသော မြေပုံ တစ်ချပ်လို ချောင်ပိတ်မိ
နာကျင်ခြင်းများ ရင်ဘတ်ပေါ်တက်နင်း
ပူပူနွေးနွေး ဒဏ်ရာများများနဲ့ နာရီတွေ ခြေဖျားလက်ဖျား အေးစက်နေတယ်..။

မတည်ငြိမ်တဲ့ စိတ် အရိပ် ၊အတိတ်ကို ကန့် လန့် ကာချထားချင်လည်း
အိမ်ပေါ်ပြေးတက်လာသော အကြွေးဟောင်းများက ခွေးသူတောင်းစားမျက်နှာနဲ့ 
 မီးဖိုချောင်ထဲ ထိုင်ယုံမက အိပ်ယာထဲထိ လိုက်နှောက်ယှက်
သေနင်္ဂဗျူဟာ ကျွမ်းကျင်စွာ အတိုးချ ပြဿနာရှာတယ်....။

ကွင်းလယ်ဒိုင်မရှိ ၊ ပရိတ်သတ် မကြည့်တဲ့ ကစားပွဲမှာ
တစ်ဖက်နဲ့ တစ်ဖက် ခြေစွပ်းပြနေသော ကျည်ဆံများ
ဂိုးပေါက် တည့်တည့်ဝင်သွားသော မုန်းတီးမှုများ
ညတွေဟာ သွေးထွက်အောင် ထိမှန်တယ်..။

အဖြူအမဲ မသဲကွဲတဲ့ အတွင်းစည်းထဲ
နောက်ကျော ဓားထိုးခဲရသော ဖရိုဖရဲ အရှုံးများ
အိမ်ခြေယာခြေမရှိတဲ့သိက္ခာဟာ စိတ်နာယုံက လွဲပြီး
ပြေးစရာ မြေမရှိတဲ့ အတွင်းကြေ ဝေဒနာကို လူမသိအောင် ထုဆစ်
ဟန်ဆောင်အပြုံးများနဲ့ လက်ရာမြောက်တဲ့ ပန်းပုရုပ်လို
ရစရာ မရှိအောင် ပျက်ဆီးနေသော ပြောင်းလဲခြင်းကို ပွင့်လင်းစွာ တွေ့ မြင်လိုက်တယ်..။

ခြစ်ခြစ်တောက် ပူလောင်တဲ့ သောကကို စစ်ပြေးဒုက္ခသည်လို ထမ်းပိုးရင်း
အပြစ်များ ဒေါက်ထောက်ကြည့်ရင်း ဒေါသတွေ စုမိ ဆောင်းမိဖြစ်
တောရော မြို့ ပါ ၊ ငတ်မွတ်ခေါင်းပါးခြင်းနဲ့ ပြေးတမ်းလိုက်တမ်း
တက်ရေနဲ့ မနက်လှေဟာ အိမ်ပြန်ခက်ချေပြီ...။

အောင်ခိုင်မြင့်
၀၂ ဖေဖော်ဝါရီ ၂၀၁၃

No comments:

Post a Comment