Saturday, 16 February 2013

စီးပွားရေးမူဝါဒနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍအချို့ ၏ ဥပဒေစည်းမျဉ်းများကို လျှော့ပေါ့ပေးခြင်းဖြင့် အကျင့်ပျက် ခြစားမှုများ လျော့နည်းစေရန် ဆောင်ရွက်သွားမည်




စီးပွားရေးမူဝါဒနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍအချို့ ၏ ဥပဒေစည်းမျဉ်းများကို လျှော့ပေးခြင်းဖြင့် အကျင့်ပျက် ခြစားမှုများ မဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာအစိုးရ ချမှတ်ထားသည့် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံ မူဘောင်တွင် ဖော်ပြထားချက်အရ သိရသည်။

နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်အရ ၀န်ကြီးဌာနများနှင့် အစိုးရဌာန အသီးသီးမှ အဆင့်မြင့် အရာရှိကြီးများဖြင့် တိုင်ပင်ရေးဆွဲခဲ့သည့် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု အတွက် အခြေခံမူ ဘောင်တွင် ယင်းကဲ့သို့ ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ မူဘောင်သည် နိုင်ငံတော်၏ ရေတိုနှင့် ရေရှည် မျှော်မှန်းချက် များကို ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အရေးကြီးသော မူဝါဒ လမ်းညွှန်ဖြစ်ကာ အစိုးရဌာနများ အနေဖြင့် အသေးစိတ်ကဏ္ဍ အလိုက်၊ ဒေသအလိုက် စီမံချက်များရေးဆွဲ အကောင်အထည် ဖော်သွားကြရမည်ဟု သိရပါသည်။

အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်နိုင်ရေးအတွက် စီးပွားရေး မူဝါဒများ ဖြေလျော့မှုများ အပါအဝင် စည်းမျဉ်းဆိုင်ရာ အရည်အသွေး တိုးတက်မှု ရှိစေရေးအတွက် ကုန်ဈေးနှုန်းနှင့် ကုန်ထုတ်လုပ်မှု၏ အချို့သော ကဏ္ဍများတွင် ဥပဒေစည်းမျဉ်းများ ဖြေလျော့ပေးခြင်း၊ စီမံခန့်ခွဲမှုများတွင် ပွင့်လင်းမြင်သာမှု ရှိစေခြင်း၊ အစပျိုး လုပ်ဆောင်သည့် စီးပွားရေး လုပ်ငန်းများအတွက် ဥပဒေစည်းမျဉ်းများ ရှင်းလင်းလွယ်ကူစေခြင်းတို့ကို အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ လုပ်ငန်းရှင်များ စီးပွားရေး လုပ်ဆောင်ရာတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် စည်းမျဉ်း ဥပဒေများကို လျှော့ပေးခြင်း၊ မလိုလားအပ်သည့် ကန့်သတ်ချုပ်ချယ်မှု ဖြစ်စေသော အစိုးရ ထိန်းချုပ်မှုများကို ဖယ်ရှားပေးခြင်းဖြင့် ပြည်တွင်းရှိ တရားမဝင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေမှုကို တရားဝင်ဖြစ်လာအောင် ဆောင်ရွက် သွားမည်ဖြစ် ကြောင်းလည်း သိရှိရသည်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် ဥပဒေ (မူကြမ်း) တစ်ခုကို လွှတ်တော်တွင်လည်း တင်ပြ ထားပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် လာဘ်ပေးလာဘ်ယူမှု ပပျောက်စေရေးအတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးလေးဦး၊ ပြည်ထောင်စု ရှေ့နေချုပ်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် 'လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ' ကို ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ဖွဲ့စည်းထားပြီး ဖြစ်ကြောင်းလည်း သိရှိရသည်။
Eleven Media Group
 

No comments:

Post a Comment