Thursday, 28 February 2013

ပလောင်ကျေးရွာ အကြမ်းဖက်မှု ဖြစ်ရပ်မှန် ….



ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့ရပါတယ်။ ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။ ဒဏ်ရာရထားတာတွေ၊အရိုက်ခံထားရတာတွေက မကြည့်ရက်စရာပါ။ မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးနဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက်ခဲ့ပါတယ်။ သက်ဆိုင်သူတွေနဲ့တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ လုံးဝပြေလည်သွားပါပြီလို့တော့ မဆိုနိုင်ပါဘူး။ လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်အောင်တော့ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။ဒါပေမယ့် ကျမပြောသမျှသာလျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆစေလိုပါဘူး။ ဒီ့ထက်ပိုမို ပြည့်ပြည့်စုံစုံ မေးမြန်းစုံစမ်းခွင့်၊သိရှိခွင့်ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်လာနိုင်ပါသေးတယ်။ ဇာတ်လမ်းအစကတော့ ၂၀၀၆ခုနှစ်က၊မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စတင်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။ မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စု၊ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်းအများစုနဲ့ ပိုင်ရှင်ရှိလယ်မြေအချို့အပါဝင် လယ်မြေဧက(၅၅၀၀)ကို ရေဆိုးစွန့်ပစ်မြောင်းဖော်ဖို့ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစုကတော့ ဒေါက်တာဦးမြင့်စိန်ရဲ့ Orchard Company ပိုင် ဖြစ်သွားပါတယ်။ အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမား လုပ်ကိုင်တာမတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေးလုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရပါတယ်။ အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ်ဆိုတာပါပဲ။ သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေရိုင်းတွေအဖြစ်ပဲရှိနေပြီး ချုံနွယ်ပိတ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။ လယ်မြေအသိမ်းခံခဲ့ရသူတွေအပါဝင်၊ ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ်ဆိုတာထက်၊ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေကိုယ်တိုင်က တရားလက်လွတ် လုပ်လာတဲ့အခါ၊ မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက် တခြားရွေးချယ်စရာလမ်းမရှိတော့တဲ့ အငတ်ဘေးဆိုက်နေသူတွေက တရားဥပဒေဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လိုအပြစ်ဆိုဝံ့ကြမလဲ။ ဒီတော့ ကုမ္မဏီပိုင်ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မြေလွတ်မြေရိုင်း နှစ်ဧကလောက်အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက်ရှင်းလင်းကြပါတယ်။ ချုံနွယ်တွေ ၀င်ရောက်ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက်တားမြစ်ပြီး၊ ပိုင်နက်ကျူးကျော်သူတွေအဖြစ် ကုမ္မဏီက အမှုဖွင့် တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။ ရွေးချယ်စရာ တခြားနည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက်ကတော့ သေမထူးနေမထူး ဖြစ်နေရပြီမို့ နောက်ဆုတ်စရာလည်း မရှိတော့ပါဘူး။တရားဥပဒေဆိုတာထက် မျှတမှုကိုပဲ မျှော်လင့်မိကြတယ်။ ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံဇာတ်ပျိုးပါ။ မနေ့ကနေ့လည် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ(၁၄၄)ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက်ကျူးကျော်ထားတဲ့လယ်မြေတွေကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့ကြေညာပါတယ်။ ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင် ရွာထဲက ကျန်ရှိနေသူတွေပါ ထပ်မံရောက်ရှိလာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင်လာကြပါတယ်။ စုစုပေါင်းရွာသူရွာသားတွေ(၅၀၀)ကျော် လောက်ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက(၂၀၀)ကျော်လောက် ရှိနေပါတယ်။ နှစ်ဖက်စလုံးကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာနေကြတာပါ။ ရဲတပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့စက်နဲ့အော်တော့၊ရွာသားတွေကလည်း မင်းတို့ရှေ့မတိုးရင် ငါတို့လည်း မတိုးဘူးလို့ သံပြိုင်အော်ကြပါတယ်။ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ရွာသူရွာသားတွေဖက်က စတင်ကျူးလွန်တယ်၊ကိုမောင်စိုးဆိုတဲ့လူက ဓားနဲ့စတင်တိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ မျက်နှာချင်းဆိုင်တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ပေးလိုက်ကြတယ်။ ရဲတပ်ဖွဲ့ဝင်(၃၀)လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်ကအမျိုးသမီးတွေက ရှေ့တိုးလာကြတယ်။ အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က နှမသားချင်းမစာနာဘဲ (နင်တို့မိန်းမတွေဟာ ငါတို့ယောက်ျားတွေရဲ့အောက်မှာပဲရှိတယ်ဆိုပြီး)ရိုင်းပြစွာပြောဆိုတော့ မမူမူဝင်းဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ဆိုပြီး ၀င်ပြောပါတယ်။ အဲဒီမှာ ဆဲဆိုတဲ့ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး မမူမူဝင်းကို လက်ကကိုင်လာတဲ့ နံပါတ်တုတ်နဲ့ရိုက်ပါတယ်။ ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက်ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။ ဒီလိုရုန်းရင်းဆန်ခတ်တွေဖြစ်ပြီဆိုတော့ သေနတ်ပါလာပါတယ်။ အချက်ပေါင်း(၁၅၀)လောက် ပစ်ခတ်ခဲ့ပါတယ်လို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ်ကတော့ ဆေးရုံမှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေခံကြပါလိမ့်မယ်။ စတင်ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့ဓားဒဏ်ရာကြောင့် ကွယ်လွန်သွားရှာပါပြီ။သူတို့လက်ချက်ဖြစ်တဲ့အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။ အခုဆိုရင် ရွာသူရွာသားတွေအများစုက ရွာထဲကို မပြန်ရဲကြပါဘူး။ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမစကားကိုလည်း နားထောင်ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မတာဝန်ယူပေးပါတဲ့။ ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။တာဝန်ရှိသူတွေက(တိုင်ချက်ဖွင့်ထားတာမို့ ဥပဒေအရပဲ ဆောင်ရွက်ရမှာပါတဲ့)။ဒါ့ကြောင့် သူတို့ကို ရွာထဲပြန်လာဖို့တော့ ကျမ မတိုက်တွန်းခဲ့နိုင်ပါဘူး။
စုစုနွေး






No comments:

Post a Comment