Thursday, 14 February 2013

ပျောက်ဆုံးနေသောအသံများ










နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၁၃.၂.၂ဝ၁၃ (ဗိုလ်ချုပ်မွေးနေ့) နံနက် (၉းဝဝ) နာရီအချိန်ခန့် တွင် အလုပ်အမှုဆောင်ရုံးခန်းသို့ တယ်လီဖုန်း ဝင်လာခဲ့သည်။ အကြောင်းအရင်းမှာ ရခိုင်ပြည်နယ် စစ်တွေဆေးရုံကြီးမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာတစ်ဦးအား လူနာတင်ယာဉ်ဖြင့် သယ်ဆောင်ပေးပါရန် အကူအညီတောင်းခံခြင်းဖြစ်သည်။ လူနာဖြစ်သူ ဦးဘတင် သည် ၁ဝ.၂.၂ဝ၁၃ ရက်နေ့ နံနက် (၁း၁၅) နာရီအချိန်ခန့်တွင် လ.ဝ.က ယူနီဖောင်းများ ဝတ်ဆင်ထားသော လူတစ်စုမှ အိမ်အောက်သို့ခေါ်ဆောင်၍ ဝိုင်းဝန်းလုပ်ကြံရာ ပြန်လည် ခုခံခဲ့ခြင်းကြောင့် ဦးခေါင်းနှင့် လက်နှစ်ဖက်တို့တွင် ဓါးဒဏ်ရာများ၊ ညာဖက်ပေါင်တွင် သေနတ်ဒဏ်ရာများ ရရှိခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူနာတင်ယာဉ်ဖြင့် ဦးဘတင်အား မင်္ဂလာဒုံလေဆိပ်မှ ရန်ကုန်ဆေးရုံကြီးသို့ သယ်ဆောင်ကူညီရန် စောင့်ဆိုင်းနေစဉ် မန္တလေးမြို့သို့ လူမှုရေးဟောပြောပွဲများဖြင့် ရောက်ရှိနေသော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူထံမှ တယ်လီဖုန်း ဝင်ရောက်လာခဲ့ သည်။ ရန်ကုန်မြို့လယ်ခေါင် ၃၅-လမ်း (အပေါ်ဘလောက်) လမ်းဘေးတွင် လူတစ်ဦးလဲကျ၍ အကူအညီ ကင်းမဲ့နေကြောင်း၊ ထို့ကြောင့် လူနာတင်ယာဉ်ဖြင့် ၃၅-လမ်းမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီဆောင်ရွက်ပေးရန် ညွှန်ကြားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် လူနာတင် ယာဉ်သည် စစ်တွေဆေးရုံမှ လူနာအား မင်္ဂလာဒုံလေဆိပ်မှ ရန်ကုန်ဆေးရုံကြီးသို့ လျင်မြန်စွာပို့ဆောင်၍ ၃၅-လမ်း (အပေါ်ဘလောက်)သို့ ခရီးဆက်ခဲ့ကြပြန်သည်။ ၃၅-လမ်းသို့ ရောက်ချိန်တွင် လမ်းဘေး၌လဲကျနေသော လူနာသည်တစ်ချိန်က ရုပ်ရှင်သရုပ် ဆောင်လောကတွင် မသိသူ မရှိသလောက်ဖြစ်ခဲ့သော ရုပ်ရှင်အသိုင်းအဝိုင်းမှ ရှုတင်မန်နေဂျာ ဦးတင့်(ခ) ဦးခင်မောင်တင့် ပင်ဖြစ်တော့သည်။ ဦးတင့်သည် ကပ္ပာယ်အိတ်ရောင်ရမ်းခြင်း၊ ဆီးချိုရောဂါ ပြင်းထန်စွာ ခံစားနေရပြီး ခြေထောက်နှစ်ချောင်းလုံးရောင်ရမ်းကာ လမ်းဘေးတွင် ကူသူမဲ့ကာ လဲကျလျှက်ရှိသည်။ သို့ရာတွင် ဦးတင့်သည် သတိရှိစွာဖြင့် လမ်းဘေးရှိ ရုပ်ရှင်/ဗီဒီယို ထုတ်လုပ်ရေးရုံးခန်းရှေ့တွင် ကိုယ်ခန္ဓာ အောက်ပိုင်း လှုပ်ရှား၍မရစွာဖြင့် နေပူကျဲကျဲထဲတွင် လဲခွေနေရသည်။ ပတ်ဝန်းကျင် ဖြတ်သွားဖြတ်လာ များသည်လည်း ကူညီမှုမရှိ။ ရုပ်ရှင်အသိုင်းအဝိုင်းများသည်လည်း ဂရုပြုခြင်းမရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး သည်လည်း လာရောက်မေးမြန်းခြင်းမရှိချေ။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့သည် ဦးတင့်အား နွေးထွေးစွာဆက်ဆံ၍ ဖြည်းညှင်းစွာပွေ့ယူကာ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့သည်။ ရန်ကုန်ဆေးရုံကြီးမှ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အပြန်လမ်းတွင် စဉ်းစားမိသည်မှာ တစ်ခေတ်တစ်ခါက ရုပ်ရှင်အသိုင်းအဝိုင်းတွင် သရုပ် ဆောင်များစွာမှ “ဦးတင့် … လ္ဘက်ရည်တိုက်ပါဦးဗျာ … မုန့်ဖိုးပေးပါဦးဗျာ … ဦးတင့်ရေ ကားရိုက်ရှိရင် ကျွန်တော်တို့ကိုခေါ်ပါ၊ ကားရိုက်ရှိရင် ကျွန်မတို့ကို မေ့မထားပါနဲ့နော်” ဆိုသည့် လူတို့၏ အသံများ ဖြစ်တော့သည်။ တစ်ချိန်က ကိုတင့် ကျန်းမာရေးကောင်းမွန်စဉ်က တောင်းဆိုခဲ့သော အသံများသည် ယခု ဦးတင့် အမှန်တကယ် ဒုက္ခရောက်ချိန်တွင် ပျောက်ခြင်းမလှ ပျောက်ဆုံးနေခဲ့ကြသည်။ သို့သော် ယခုကဲ့သို့ ဦးတင့် လမ်းပေါ်တွင်လဲကျသွားပြီး တစ်နာရီခန့်ကြာသောအခါ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူနာ တင်ယာဉ် ရောက်ရှိချိန်မှ “ဟိုကောင် ဒီဟာလုပ်၊ ဒီကောင် ဟိုဟာလုပ်လေ” ဆိုသည့် အမိန့်ဆန်ဆန် ပေးသော အသံများ ထူးခြားစွာ ထွက်ပေါ်ခဲ့လေသည်။ မြန်မာ့ရုပ်ရှင် ထုတ်လုပ်သူများ၊ သရုပ်ဆောင်များ၊ ဇာတ်ပို့ဇာတ်ရံများ၊ လူကြမ်းသရုပ်ဆောင်များဖြင့် စည်ကားနေသော မြန်မာ့ရုပ်ရှင်မြို့တော် (မြန်မာ့ရုပ်ရှင် Hollywood) ဟု တင်စားခေါ်ဆိုထားကြသော ၃၅-လမ်းနှင့် အနီးဆုံးဖြစ်သော မွတ်ဆလင် ကုသိုလ်ဖြစ် ဆေးရုံသို့ ကူညီပို့ဆောင်ပေးရန်ပင် ခက်ခဲဝန်လေးနေခြင်းကို အံ့သြစွာ တွေ့မြင်ခဲ့ရသည်။ အဘယ့်ကြောင့် နည်း …? ကျွန်တော်တို့တိုင်းပြည်တွင် အတိဒုက္ခရောက်နေသည့်သူများ မရေမတွက်နိုင်အောင် ရှိလှသည်။ ထိုသူအားလုံးအား ကျွန်တော်တို့အကူညီပေးရန် အလွန်တရာခက်ခဲလှသည်။ သို့သော် မိမိလက်လှမ်းမှီရာ လူအချို့အား တနိုင်တပိုင်သာ အကူအညီမှုပေးနိုင်ခဲ့သည်။ ယနေ့ကျရောက်သော (၉၈) နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့မှစ၍ အမိမြန်မာပြည်တွင် ပျောက်ဆုံးနေသော မြတ်စွာဘုရား၏ ဗြဟ္မစိုရ်စိုတရားသံများ၊ လူမှုရေးအသံများ၊ ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် ကူညီပေးမည့်အသံများ၊ လူသားချင်းစာနာသည့် အသံ များ၊ ငြိမ်းချမ်းရေးအသံများအား ဖော်ထုတ်ရင်း လောကကို အလှဆင်တော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်မိ ပါတော့သည်။ အာကာ အရေးပေါ်ကယ်ဆယ်ရေးတာဝန်ခံ နာရေးကူညီမှုအသင်း(ရန်ကုန်)

1 comment: