Thursday 3 January 2013

ဒေါ်အောင်ဆန်းစုကြည်မှ ဆေးကုသမှုခံယူနေသည့် ကလေးလူနာများအပါအ၀င် ဆေးကုသဆောင်များအား လှည့်လည်ကြည့်ရှု့ 


ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား ပြုပြင်ရာတွင် လိုအပ်မည့် အချက်များအတွက် အဆင့်မြှင့်တင် ပြင်ဆင်ထားပြီးဖြစ်သော ရန်ကင်းကလေး ဆေးရုံကြီးအား ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှု ရန်ကင်း ကလေးဆေးရုံကြီးတွင် နှစ်နှစ်အတွင်း ပြင်ပလူနာပေါင်း ၄၀၀၀၀ ကျော် ကုသခဲ့ကြောင်း သိရ    



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကင်းကလေးဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သွားရောက်ကြည့်ရှုသည့် ရည်ရွယ်ချက်များထဲတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား ပြန်လည်၍ အဆင့်မြှင့်တင် ပြင်ဆင်ရာတွင် လိုအပ်မည့် အချက်များအတွက် လက်ရှိ၌ အဆင့်မြှင့်တင် ပြင်ဆင်ထားပြီးဖြစ်သော ရန်ကင်းကလေးဆေးရုံကြီးအား စံနမူနာတစ်ခုအနေဖြင့် ကြည့်ရှုသည့်အချက် ပါဝင်ကြောင်း သတင်းရရှိပါသည်။

ရန်ကင်းကလေးဆေးရုံကြီးသို့ ဇန်န၀ါရီလ ၃ ရက်နေ့ နံနက် ၁၁ နာခွဲမှ နေ့လည် ၂ နာရီကျော်အထိ ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက်ကာ ဆေးကုသမှုခံယူနေသည့် ကလေးသူငယ် လူနာများနှင့် မိဘများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း၊ ဆေးရုံအတွင်း ဆေးကုသဆောင်များနှင့် ဆေးရုံသုံးပစ္စည်းများ၊ ခွဲစိတ်ခန်းနှင့် လူနာဆောင်များကိုပါ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ဆေးရုံရေရှည်ရပ်တည်နိုင်ရန် ပြုပြင်ထိန်းသိမ်းရေးအပိုင်းသည် အလွန်အရေးကြီးကြောင်း၊ ကလေးငယ်များ၏ ကျန်းမာရေးနှင့် အသက်ကယ်ဆယ်ရေးကို စောင့်ရှောက်ပေးနိုင်သည့် ကျွမ်းကျင်ဆရာဝန် ဆရာမများ များစွာလိုအပ်နေသေးကြောင်း၊ ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သည့် နည်းလမ်းများ ပိုမိုတိုးတက်ရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ha-3-1-4

ဒေါ်အောင်ဆန်းစုကြည်မှ ဆေးကုသမှုခံယူနေသည့် ကလေးလူနာများနှင့် မိခင်များအား ကြည့်ရှုကာ အားပေးစကားပြောကြားစဉ်

ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှုခဲ့မှုနှင့် ပတ်သက်၍ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော် (မက်စ်မြန်မာ)က "လူထုခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆေးရုံဆေးကုသဆောင်တွေ၊ အဆင့်မြင့်ဆေးရုံသုံး ပစ္စည်းတွေ၊ ခွဲစိတ်ခန်းတွေကိုပါ ကြည့်ရှုခဲ့တယ်။ ဆေးကုသနေတဲ့ ကလေးသူငယ် လူနာအပြင် လူနာမိဘတွေကိုပါ တွေ့ဆုံပြီး အားပေးစကား ပြောခဲ့တယ်။ Casual Visit အနေနဲ့ လာတာပါ။ လာတဲ့ရည်ရွယ်ချက်ထဲမှာတော့ ရန်ကုန်ဆေးရုံကြီးကို အဆင့်မြှင့်တင်တဲ့အခါမှာ နမူနာတစ်ခုအနေနဲ့ ပြင်ဆင်ထားပြီးဖြစ်တဲ့ ရန်ကင်းကလေးဆေးရုံကို လာကြည့်ရှုတဲ့အချက်လည်း ပါပါတယ်" ဟု ပြောကြားခဲ့ပါသည်။

ရန်ကင်းကလေးဆေးရုံကြီးအား ဧရာဝတီဖောင်ဒေးရှင်းမှ ကျပ်သိန်းပေါင်း ၉၀၀၀၀ ကျော် အကုန်အကျခံကာ ပြင်ဆင်တည်ဆောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်တွင် ရန်ကင်းကလးဆေးရုံကြီး အထွေထွေပြုပြင် ထိန်းသိမ်းစရိတ်နှင့် ဆေးရုံသုံး အရေးပေါ်ကားများ အပါအ၀င် ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော် ထပ်မံလှူဒါန်းခဲ့ကြောင်း၊ ထို့အတွက် ရန်ကင်းကလေးဆေးရုံအား ဧရာဝတီဖောင်ဒေးရှင်းမှ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၀၀၀၀၀ ကျော် အကုန်အကျခံ လှူဒါန်းပြင်ဆင် တည်ဆောက်ထားသည်ဟု သိရသည်။

၂၀၁၁ ခုနှစ်တွင် ပြင်ပလူနာပေါင်း ၁၂၁၃၃ ဦးနှင့် ၂၀၁၂ ခုနှစ်တွင် ပြင်ပလူနာပေါင်း ၂၉၅၀၂ ဦး တက်ရောက်ကုသခဲ့ပြီး ခွဲစိတ်လူနာပေါင်း ၁၉၀၀ ကျော် တက်ရောက်ကုသခဲ့ကြောင်း၊ သွေးလှူပြီး ကုသပေးခဲ့ရသည့် လူနာပေါင်းမှာ ၁၆၈၂ ဦးရှိခဲ့ကြောင်းလည်း ဆေးရုံတာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။

Eleven Media Group

No comments:

Post a Comment