Tuesday 22 January 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၄ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်အထိ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၅ ရက်တွင် ဟိုနိုလူလူမြို့၌ ဟာဝိုင်ယီ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဟာဝိုင်ယီရောက် မြန်မာများနှင့် သီးခြားစီတွေ့ဆုံမည် ဖြစ်သည်။ ထို့နောက် ဇန်န၀ါရီလ ၂၈ ရက်တွင် ဟိုနိုလူလူမြို့၌ ကျင်းပမည့် ရိုထရီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Rotary Peace Forum) သို့ တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး ဟာဝိုင်ယီငြိမ်းချမ်းရေးဆု (Hawaii Peace Award) ကို လက်ခံရယူမည် ဖြစ်သည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော မစ္စ ပက်ဂွန်းဟေးတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ အထူးအိုလံပစ်ပွဲဖွင့်ပွဲသို့လည်း တက်ရောက်မည်ဖြစ်ပြီး ဇန်န၀ါရီလ ၃၀ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးထိပ်သီး ညီလာခံ (Global Development Summit) သို့ တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဇန်န၀ါရီလ ၃၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မေ ၁၈ ဖောင်ဒေးရှင်းညီလာခံသို့ တက်ရောက်ပြီး ကွမ်ကျူးဆုကို လကခံရယူမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်တွင် ဆိုးလ်အမျိုးသား တက္ကသိုလ်တွင် ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံပြီး မိန့်ခွန်းပြောကြား၍ ညနေပိုင်းတွင် ကိုရီးယားရောက် မြန်မာများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ အမေရိကန်-တောင်ကိုရီးယား ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၃ ခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်တစ်ခုလည်း ဖြစ်သည်။

သတင်း Eleven Media Group
ဓါတ်ပုံဒီဇိုင်း Korea မစ္စတာဘားမား(ကာတွန်းဝင်းထွန်း)

No comments:

Post a Comment