Thursday 3 January 2013

အရှေ့ကနေဝန်း ၉ ကြိမ်မြောက် ထွက်လာပါပြီ




~

ရွက်စိမ်း ~


စာရေးဆရာ၊ နိုင်ငံရေးသမား သိန်းဖေမြင့်ရဲ့ အရှေ့ကနေ၀န်းထွက်သည့်ပမာ စာအုပ်ကို န၀မအကြိမ်မြောက် ထုတ်ဝေလိုက်ပါပြီ။

စာအုပ် ဖြန့်ချိမိတ်ဆက်ပွဲကို အင်္ဂါနေ့ နေ့ခင်းပိုင်းက ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း၊ Home မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

“ရှရှားမှာဆို လီယိုတော်လစတွိုင်လ်ရဲ့ စစ်နှင့်ငြိမ်းချမ်းရေး ၀တ္ထုရှိတယ်၊ အိန္ဒိယမှာလည်း အိန္ဒိယစာရေး ဆရာကြီးတွေရဲ့ စာအုပ်ရှိတယ်။ တရုတ်ပြည်မှာလည်း ဒီလိုပဲရှိလိမ့်မယ်၊ ဗမာပြည်မှာလည်း  ၀တ္ထုကောင်းကြီး တအုပ် ရှိတယ်၊ ဘာစာအုပ်လဲမေးရင် ရဲရဲဝင့်ဝင့်ပြောမယ်၊ အဲဒီစာအုပ်ဟာ စာရေးဆရာ သိန်းဖေမြင့် ရဲ့ အရှေ့ ကနေ၀န်းထွက်သည့်ပမာစာအုပ်ပဲဖြစ်တယ်” လို့ စာအုပ်စီစဉ်သူဖြစ်တဲ့ စာရေးဆရာ ဇော်ခိုင်ဦးက ဆိုပါတယ်။ 

အရှေ့ကနေ၀န်းထွက်သည့်ပမာ စာအုပ်ဟာ ခေတ်အဆက်ဆက် အကြိမ်ကြိမ် ပြန်လည်ထုတ်ဝေခဲ့ရတဲ့ စာအုပ်ပါ။

လွတ်လပ်ရေးရဖို့ကြိုးပမ်းခဲ့ကြသူတွေ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ကိုယ်တော်မှိုင်း၊ သခင်ဘဟိန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့ အကြောင်းကို ဒီဝတ္ထုကြီးထဲက ဇာတ်ကောင်တယောက်မှာ ခမ်းခမ်းနားနား ရေးဖွဲ့ထားတာ တွေ့ရမှာပါ။ 

ဒီစာအုပ်ကိုပိတောက်ရနံ့ နဲ့အလင်္ကာ ညီနောင်စာအုပ်တိုက်နှစ်ခုက ပူးပေါင်း ထုတ်ဝေတာပါ။ 
နောက်ထပ်အခြေအနေပေးရင် ဆရာသိန်းဖေမြင့်ရဲ့ တက်ဘုန်းကြီး စာအုပ်ကို ပြန်ထုတ်ဖို့ စီစဉ်နေပါတယ် လို့ ပိတောက်ရနံ့စာအုပ်တိုက်ရဲ့ ထုတ်ဝေသူ ဦးခင်မောင်ဦးကပြောပါတယ်။

စာအုပ်ထုတ်ဝေသူတစ်ယောက်အနေနဲ့ အကျိုးအမြတ်ရဖို့အတွက် အာဏာရှင် ဘုန်းတော်ဘွဲ့စာအုပ်မျိုးတွေကို ဘယ်တော့မှ ထုတ်မှာ မဟုတ်ဘူး လို့ လည်း သူကပြောပါတယ်။

 ဒီစာအုပ်ရဲ့တန်ဖိုးက  ကျပ် ၁၂,၀၀၀ ပါ။ 

မျက်နှာဖုံးမှာတော့ အတွင်းဝန်များရုံှးရှေ့ ဗိုလ်အောင်ကျော် ကျဆုံးတဲ့နေ့၊ ၁၃၀၀ပြည့် အရေးတော်ပုံ ပုံရိပ်တွေကို ဖော်ကျူးထားပါတယ်။ မျက်နှာဖုံးဟာ ပန်းချီမောင်ညိုဝင်း ရဲ့ လက်ရာ ဖြစ်ပါတယ်။










No comments:

Post a Comment