Wednesday 30 January 2013

ဗကသ ကျောင်းသားခေါင်းဆောင်တဦးကို ဖမ်းဝရမ်းထုတ်ပြီ



ဇန်န၀ါရီ ၃၀၊ ၂၀၁၃

ဗမာနိုင်ငံကျောင်းသားများ သမဂ္ဂအဖွဲ့ ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ပြန်ကြားရေးရာကော်မတီ တာဝန်ခံ ကိုသီဟဝင်းတင်နေအိမ်ကို မုံရွာ လက်ပန်းတောင်းတောင်အရေး ဆန္ဒထုတ်ဖော်ခဲ့မှုနဲ့ စပ်လျဉ်းပြီး ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားကာ ဖမ်းဆီးဖို့ လိုက်လံရှာဖွေနေပါတယ်။

ကျောက်တံတားမြို့နယ် ရဲစခန်းနဲ့ ရပ်ကွက်တာဝန်ရှိသူတွေက ဇန်န၀ါရီ ၂၉ ရက်မှာ ကိုသီဟ၀င်းတင်ကို နေအိမ်မှာ ဖမ်းဝရမ်းပြပြီး လာရောက်ရှာဖွေခဲ့တဲ့အကြောင်း မိခင် ဒေါ်လီလီထွေးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့တုန်းက မုံရွာကြေးနီတောင်နဲ့ ပတ်သက်ပြီး ခွင့်ပြုမိန့်မတောင်းဘဲ ဆန္ဒပြတဲ့အတွက် အရေးယူဖို့ အခုလို ဖမ်းဝရမ်းထုတ်လိုက်တာလို့ ဒေါ်လီလီထွေးက ရှင်းပြပါတယ်။

“မနေ့က ၂ နာရီလောက်မှာ သီဟကို လာရှာပါတယ်။ ၂၀၁၂ နိုဝင်ဘာ ၂၆ ရက်နေ့ ကြေးနီတောင်စီမံကိန်းဆန္ဒပြပွဲ ကိစ္စပေါ့။ အခုထိမပြီးသေးဘူး။ သားနဲ့ သူတို့နဲ့က ဘော်ဒါလည်း မဟုတ်ဘူး။ ဖမ်းဖို့ပဲလာတာပေါ့။ ၀ရမ်းကို သူတို့အတည်ပြုချင်လို့ဖြစ်မယ်။ သားနဲ့ကျမ အဆက်အသွယ်မရဘူး။ ဘာပဲဖြစ်ဖြစ် သားက ကိုယ်ကျိုးစီးပွားအတွက်လုပ်တာမဟုတ်ဘူး။ အများအတွက်လုပ်တာ။ သားအတွက် စိတ်ထဲမကောင်းဘူး။”
မိသားစုဝင်တွေကတော့ နိုဝင်ဘာလကတည်းက ကိုသီဟ၀င်းတင်နဲ့ အဆက်အသွယ် မရတော့သလို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အခုထိ မရသေးတဲ့အတွက် စိုးရိမ်ပူပန်နေတယ်လို့လည်း ပြောပါတယ်။

  Thiha Win Tin facebook

No comments:

Post a Comment