Sunday 6 January 2013

တရုတ်နိုင်ငံက ၎င်းတို့ပိုင်နက်အတွင်း ဗုံးသုံးလုံး ကျရောက်ခဲ့မှုအတွက် မြန်မာနိုင်ငံကို သံတမန်နည်းလမ်းဖြင့် ကန့်ကွက်

တရုတ်နိုင်ငံက ၎င်းတို့၏ နယ်မြေအတွင်းသို့ ဗုံးသုံးလုံးကျရောက်ခဲ့မှုနှင့် ပတ်သက်၍ ဇန်န၀ါရီလ ၄ ရက်နေ့တွင် သံတမန်နည်းလမ်းအရ ကန့်ကွက်လိုက်ကြောင်း သိရသည်။
မြန်မာ့တပ်မတော်သည် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်များကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စဉ် နယ်စပ်အနီး ရှိ တရုတ်နိုင်ငံပိုင် နယ်မြေအတွင်းသို့ ဗုံးများကျရောက်ခဲ့ခြင်း ဖြစ်သည်။
"နောင်အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်ရလေအောင် မြန်ဆန်ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ တရုတ်ကိုယ်စားလှယ်တွေနဲ့ မြန်မာကိုယ်စားလှယ်တွေ ဆွေးနွေးမှု စတင်နေပါပြီ" ဟု တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဟွာချမ်ယင်းက ပြောကြားခဲ့သည်။
ဗုံးများသည် နယ်စပ်နှင့် ကပ်လျက်ရှိ တရုတ်ပိုင်နက်အတွင်းသို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ကျရောက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း ဟွာချွမ်ယင်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတစ်ရပ်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ မြောက်ပိုင်းအဖျားတွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုသည် လွန်ခဲ့သည့် ရက်များအတွင်း ပိုမိုဆိုးရွားလာခဲ့ပြီး အစိုးရတပ်များက ၎င်းတို့၏ စခန်းတစ်ခုကို ပြန်လည်သိမ်းပိုက်ရန် အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်။
အစိုးရနှင့် ကေအိုင်အိုအဖွဲ့၏ စစ်တပ်ဖြစ်သော ကေအိုင်အေတို့အကြား အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင် နေရပ်ကို စွန့်ခွာထွက်ပြေးရသူပေါင်း သောင်းနှင့်ချီရှိနေပြီ ဖြစ်သည်။
ဟွာချွမ်ယင်းက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အရိပ်မည်းထိုးကျနေသည့် အဆိုပါ ပဋိပက္ခ အဆုံးသတ်သွားစေရန် အားထုတ်မှုအဖြစ် နှစ်ဦးနှစ်ဖက်အကြား ကြားဝင်ညှိနှိုင်းပေးရန် အစီအစဉ်ရှိ မရှိဟူသည့် မေးခွန်းကို ဖြေဆိုရန် ငြင်းဆန်ခဲ့ကြောင်းလည်း သိရသည်။ ၎င်းက "မြန်မာနိုင်ငံ မြောက်ပိုင်းကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စပါ။ ကျွန်မတို့အနေနဲ့ မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုကနေ တစ်ဆင့် ဒီကိစ္စကို နည်းလမ်းတကျ ကိုင်တွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" ဟုသာ ပြောကြားခဲ့သည်။

elwven media group

No comments:

Post a Comment