Monday 21 January 2013

တပ်မတော်က ငြိမ်းချမ်းရေးလိုလားသည်ကို သက်သေထူလိုက်ပြီဖြစ်ကြောင်း သမ္မတ ပြော



သမ္မတ ဦးသိန်းစိန်ကို အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပထမဆုံး ဆုံတွေ့သည့် အခမ်းအနားတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လိုင်ဇာဌာနချုပ်ကို အပြီးတိုင် ခြေမှုန်း သိမ်းယူမှု မပြုခြင်းက အစိုးရ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လိုလားသည်ကို သက်သေထူလိုက်ခြင်းပင် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။
ဇန်နဝါရီ ၂၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံတွင် သမ္မတနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ  ပထမဆုံးအကြိမ် တွေ့ဆုံစဉ် နှုတ်ခွန်းဆက် အမှာစကား ပြောကြားခိုက် သမ္မတက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“KIO၊ KIA ရဲ့ လိုင်ဇာဌာနချုပ်ဟာ ကျနော်တို့ တပ်တွေနဲ့ လက်တကမ်းအကွာမှာပဲ ရှိနေပါတယ်။ ဒါပေမယ့် KIO၊ KIA ရဲ့ လိုင်ဇာ ဌာနချုပ်ကို အပြီးတိုင်ခြေမှုန်းသိမ်းယူခြင်း မပြုလုပ်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လိုလားတယ် ဆိုတဲ့အချက်ကို အမှန်တကယ်ဖြစ်ကြောင်း သက်သေထူခြင်းပဲ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။
ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)၊ KIA နှင့် ပဋိပက္ခ ပြန်လည် ဖြစ်ခဲ့စဉ်ကတည်းက စတင်၍ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ပြန်ရောက်ရန် စဉ်ဆက်မပြတ်ကြိုးခဲ့ကြောင်း၊ လွန်ခဲ့သည့် ၁ နှစ်ကျော် ကာလတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များတွင် နှစ်ဘက်စလုံးက ဆုံးရှုံးနစ်နာခဲ့သည့် အသက်အိုးအိမ် စည်းစိမ်များအားလုံးကို နိုင်ငံတော်၏ ဆုံးရှုံးမှုဟုသာ ယူဆကြောင်း ဦးသိန်းစိန်က ဆိုသည်။
“ဒီဆုံးရှုံးမှုတွေ ရပ်တံ့နိုင်ဖို့ စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာတဲ့ နည်းကလွဲလို့ တခြားနည်းလမ်း မရှိတဲ့အတွက် ငြိမ်းချမ်းရေး စားပွဲဝိုင်းကို ရောက်လာဖို့အတွက် အစဉ်တစိုက် တိုက်တွန်းရခြင်း ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
ယခုကဲ့သို့ KIO ကို အပစ်အခတ်ရပ်စဲရေးအတွက် ဖိတ်ခေါ်ရခြင်းမှာ တပြည်လုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး ရရှိရန်အတွက် ထပ်မံဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ တောင်းဆိုထားသည့် တပြည်လုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေးဆိုသည်မှာ လက်ရှိအစိုးရ တာဝန်ယူသည့်နေ့မှ စတင် တောင်းဆိုခြင်း ဖြစ်သည်ဟု ထပ်လောင်း အတည်ပြုလိုကြောင်း သမ္မတက ဆိုသည်။
“ပြည်တွင်းငြိမ်းချမ်းရေးကို ဆေးမှီးတိုနဲ့ ကုသတဲ့ ချဉ်းကပ်မှုမျိုးမဟုတ်ဘဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုးရရှိဖို့ ရည်မှန်းချက် ထားရှိပါတယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိခိုက် စေဘဲ ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ အခြေခံမူရဲ့ အောက်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တန်းတူညီမျှမှုကို ထည့်သွင်းစဉ်းစားရပါမယ်” ဟု ၎င်းက ပြောသည်။
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးမှ သွေဖည်မသွားဘဲ စားပွဲပေါ်တွင် ဆွေးနွေးသည့်နည်းဖြင့် အဖြေရှာသွားမည်ဟုလည်း သူက ဆိုသည်။
“ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ရုံ၊ လက်မှတ်ထိုးရုံနဲ့ မလုံလောက်ပါဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ဖို့ လူထုပါဝင်ဖို့လိုပါတယ်” ဟု သမ္မတက ပြောသည်။
ဆက်လက်၍ သမ္မတ ဦးသိန်းစိန်က ခေါင်းဆောင်များ၏ ဆွေးနွေးမှုများကို လူထုသိရှိစေရန် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အရေးကြီးကြောင်း၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများအနေနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပါဝင်နိုင်ရေးအတွက် ပြင်ဆင်နေကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် အရပ်ဘက် အဖွဲ့အစည်း များ၏ အသံများကို နားထောင်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။
အရပ်ဘက် လူမှု အဖွဲ့အစည်းတခု ဖြစ်သော ငြိမ်းအဖွဲ့မှ ဒေါ်နန်းရော်က လဂျားရန်ဒေသ ထိုးစစ်ဆင်မှု ရပ်ဆိုင်းသည့် ကိစ္စကို ဝမ်းမြောက်သော်လည်း တခြားဒေသများတွင် အပစ်အခတ် မရပ်တံ့မည်ကို စိုးရိမ်သည်ဟု ယင်း အခမ်းအနားတွင် ပြောခဲ့သည်။
“အပြန်အလှန် တောင်ကုန်သိမ်းဖို့ တိုက်ပွဲတွေ ဖြစ်ရာမှာ ပြည်သူတွေ ဒီလောက်တော့ မနစ်နာသင့်ဘူး။ နိုင်ငံ့ ဘဏ္ဍာ၊ ပြည်သူ့ ဘဏ္ဍာကို စစ်စရိတ် မဖြစ်စေချင်ဘူး” ဟု သူက ဆိုသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပြန်လည်စတင်ခဲ့သည့် KIA နှင့် အစိုးရတပ်မတော်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အရေအတွက် စုစုပေါင်း ၁၀၉၅ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
“၁၇ တာ တည်ဆောက်ပြုပြင်ခဲ့သမျှ တွေဟာ တနှစ်ခွဲအတွင်းမှာ အားလုံး ပျက်စီးကုန်တယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့ လိုပါတယ်” ဟု ဒေါ်နန်းရော်က ပြောသည်။
ပြည်သူရွေးချယ်သည့် သမ္မတ ဖြစ်သောကြောင့် ပြည်သူအားလုံးအတွက်၊ ကချင်ပြည်သူများ အတွက် မဖြစ်မနေ ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်းလည်း သူက တင်ပြသွားသည်။
ငြိမ်းအဖွဲ့မှ ဒေါက်တာ Sa Boi Jum ကလည်း ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ရာတွင် လက်တွေ့ကျကျ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မြန်မာ့တပ်မတော်က လိုင်ဇာတဝိုက်တွင် ဇန်နဝါရီ ၂၀ ရက်နေ့ မနက်အထိ ထိုးစစ်ဆင်ဆဲ ဖြစ်ကြောင်း၊ သမ္မတ၏ အမိန့်ကို စစ်တပ်က မနာခံဟု ယူဆကြောင်း ဧရာဝတီကို ပြောသည်။
အဆိုပါ အခမ်းအနားသို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၉၀ ကျော်တက်ရောက်ခဲ့ပြီး၊ ကချင်ဒေသ ပဋိပက္ခ ကိစ္စ အပါအဝင် ဝန်ကြီးဌာနများနှင့် ဆက်ဆံရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ တွေ့ကြုံနေရသည့် ကိစ္စ အဝဝများကို ဆွေးနွေးတင်ပြ ပြောဆိုခဲ့သည်။
သမ္မတ ဦးသိန်းစိန်က နိဂုံးချုပ် မိန့်ခွန်း ပြန်လည် ပြောကြားရာတွင် အရပ်ဘက် လူမှု အဖွဲ့အစည်းများ၏ တင်ပြဆွေးနွေး ချက်များထဲမှ တချို့ ကိစ္စရပ်များမှာ နိုင်ငံတော်အနေဖြင့် လုပ်ဆောင်ပေးရမည့် လုပ်ငန်းတာဝန်များဖြစ်ကြောင်း၊ နောက်ပိုင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲ ပြုလုပ်ရာတွင် အခမ်းအနား ပုံသဏ္ဍန် မလုပ်တော့ဘဲ ဆွေးနွေးကာ အမြင်ချင်း ဖလှယ်သည့် ပုံစံဖြင့် လုပ်ဆောင်သွားလိုကြောင်း၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများအား လိုအပ်သည့် အကူအညီများ ပေးသွားရန် လိုအပ်ကြောင်း၊ တလှေတည်းစီး၊ တခရီးတည်း သွားနေသူများ ဖြစ်သောကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆွေးနွေးဆောင်ရွက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စက အမှန်တကယ်လိုအပ်နေတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စတွေအတွက် အရပ်ဘက် လူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု သမ္မတက ပြောသည်။

No comments:

Post a Comment