Monday 28 January 2013

စစ်နဲ့ ငြိမ်းချမ်းရေး ( ၂ )




ကိုယ်ဖြူတာကို ပြသဖို့  သူများအား ရွံ့ ပုတ်ရေနဲ့ ပက်
ကိုယ်မဲတာ လူမသိဖို့  အမှန်တရားကို ကြိုးတုပ် ဖုံးအုပ်
အသက်ရှုကြပ်နေတဲ့ မနက်ဖြန် အမဲစက် မျက်နှာအား
လက်နှစ်ဖက်မှာ လက်နက်နဲ့မျက်နှာသစ်ခဲ့ကြတယ်..။

အဆိုးအမှားများမှာ အရိုးစွဲ ပျော်ပါးသူတွေက
ချုပ်တည်းမရတဲ့ ဒေါသကို ရဲစွမ်း သတ္တိလို့  အမည်တပ်
ပုတ်ဆွေးနေစဲ သောကအား သစ္စာတရားလို ပုံမှား ရိုက်
ကမ္ဘာ့စီးပွားရေး ဈေးကွက် အကွက်မြင်ပုံများ ပြောပါတယ်..
အလောင်းတွေ ထည့်မဲ့ အခေါင်းများ အရောင်းသွက်ဖို့ 
မရဏမင်းနဲ့ စာချုပ် မှားချုပ်ခဲ့လေပြီလား...။

ရှေ့ နောက်မညီတဲ့ မုသားစကားများ ကြားကန်ရင်း
တောင်ရောက် မြောက်ရောက် ခြေသလုံး အိမ်တိုင်လို စစ်
ချိနဲ့ နဲ့ ဆက်သွယ်ရေးတွေ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေလဲ
ရိသဲ့သဲ့ နားခါးစရာ အသံကောင်း ဟစ်နေတဲ့ အဖြစ်
လူ့ အသက်တွေကို ပြည်တွင်းဖြစ် ပြည်တွင်းစစ်က ပလုတ်ပလောင်းစား နေတယ်..။

လူသေအလောင်းတွေ ပြည့်နှက်နေတဲ့ စစ်မြေပြင်အား
ဦးနှောက်မဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်တပ်ကာ
အကျင့်ဟောင်းတွေကို စွဲမြဲစွာ ဆုပ်ကိုင်ထားတဲ့ လက်
ဖဲသမားလို မျက်နှာနဲ့ ဖဲကြိုးဖြတ် ဖွင့်လှစ်လိုက်တယ်..။

ဘ၀ဆိုတာ မြစ်တစ်စင်းလို ကွေ့ ကောက်
အဆင်မပြေခြင်းများ အိမ်တံခါးကို ခေါက်
တိတ်တဆိတ် ဒဏ်ရာရ သမိုင်းစာမျက်နှာများ ခြစားသံတွေ ပြည့်နှက်
အဖန်တရာ ကံကြမ္မာ စားပွဲဝိုင်းကို ကျောခိုင်းတာ နှစ်ရှည်ကြာခဲ့ပြီ..။

ရှုပ်ထွေးပွေလီဆဲ သမိုင်းမှား သမိုင်းမှန်ကို တရားခံလို လက်ညှိုးထိုးကာ
ထိုးစစ် ခံစစ် တရားစစ် မတရားစစ် ဘာစစ်ဖြစ်ဖြစ်
အပြစ်မဲ့ အနာဂတ် ကလေးတွေ စစ်ရဲ့ ဓားစာခံဖြစ်နေပြီ...။

သွေးသံရဲရဲ အတိတ် အရိပ်ကို တံခါးဝမှာ ချိတ်ခဲ့
စနစ်ရဲ့ အစမ်းသပ်ခံလူသားဟာ စစ်မှာ တစစ်စစ် နာကျင်
လူမသိ သူမသိ မျက်ရည်ပေါက်ကြီးငယ်ကျနေတဲ့ မြေမှာ....
ငြိမ်းချမ်းရေးဟာ တောထဲ တောင်ထဲ သေဆုံးနေတယ်...။

အောင်ခိုင်မြင့်
28 January 2013

No comments:

Post a Comment