Sunday 20 January 2013

မြန်မာပြည်ကြီး ပြောင်းလဲနေပြီ



ယခင်က လူထုကို စစ်ထောင်းဖို့ စစ်ယူနီဖောင်း ၀တ်တယ်..
ယခု မိုက်ယုံ ခိုးနှိုက်ယုံ ရိုက်ယုံမို့  တိုက်ပုံ ၀တ်တယ်..။

ယခင်က မဟုတ်တရုတ်တွေ တွေးကြောက်ပြီး အခြောက်လို ခြိမ်းခြောက်ယုံ အမြောက်နဲ့ ပစ်တယ်..
ယခု အရှုပ်တရုတ်ကို ဖေးမြောက်ပြီး မသာယာဉ်လို ဝေဟင်က လေယာဉ်နဲ့ ဗုံးကြဲတယ်....။


ယခင်က အရင်းရှင်ကို အရင်ရှင်းမယ်လို့  အများအကျိုးလိုလို ဟိုယောင်ယောင် ဒီယောင်ယောင် ကြွေးကြော်သူတွေက
ယခု ခရိုနီတွေနဲ့ ပေါင်းပြီး ကိုလိုနီလက်သစ်မှာ အတ္တ အကျိုးအတွက် ဗြောင်ကျကျ ဖောက်ပြန်ကြတယ်..။

ယခင်က အတိတ်ဟောင်းမှာ ပြဿနာကို မီးခွက်ထွန်း ရှာတယ်..
ယခု ပြုပြင်ပြောင်းလဲကာ ပြဿနာကို မီးလောင်ဗုံးခွဲရှာတယ်..။

ယခင်က ညသန်းခေါင်ယံမှာ တံခါးကိုခေါက်ပြီး လူတွေ တိုးတိုးတိတ်တိတ် ပျောက်သွားတယ်..
ယခု နေ့ ခင်းကြောင်တောင် မြို့ လယ်ခေါင် ဥပဒေ အမှုတွေဆင်ကာ မထင်ရင် မထင်သလို ဖမ်းတယ်..။

ယခင်က ရုရှား ၊ တရုတ် ၊ မြောက်ကိုးရီးယား ခြေသလုံးဖက်ပြီး  ပြည်ပအားကိုး ပုဆိန်ရိုး လုပ်ခဲ့တယ်..
ယခု အမေရိကန် ၊ အင်္ဂလန် ၊ ဥရောပ မြင်မြင်သမျှ  မပိတ်ဆို့ ဖို့ စီးပွားရေး သွားရေကျပြီး ပြည်တွင်းမှာ ကိုယ့်ဖာသာ ပုဆိန်ရိုးလုပ်တယ်..။

ယခင်က အစိုးရနဲ့ တပူးတွဲတွဲ အတိုက်အခံတွေ အတွေ့ အကြုံမရှိခင်က အကြံအဖန်ငွေရဖို့ NGO မှာ ငွေတောင်းတယ်..
ယခု အစိုးရနဲ့ ပလူးပလဲ အတိုက်အခံတွေ ရင့်ကျက်လာတဲ့ အခါ ရေတွေလျှံ့ဖို့  ကိုယ်တိုင် NGO ထောင်တယ်..။

ယခင် စစ်အစိုးရ နိုင်ငံရေးကစားကွက် ရခိုင် ရိုဟင်ဂျာ ကုလား လူမျိုးခြားချင်း ရန်တိုက်တယ်..
ယခု အစိုးရသစ် သေကြေပျက်စီးမှုတွေကို ပြီးတဲ့အထိ မဆိုင်သလို စောင့်ကြည့်ပြီး ကော်မရှင်ဖွဲ့ တယ်..။

ယခင်က ကချင်ကလေးတွေ ဘ၀အဟောင်းမှာ စာသင်ကျောင်းထဲ စာနဲ့ ပျော်ခဲ့တယ်..
ယခု တိုင်းရင်းသားကလေးတွေ ဘ၀အသစ်မှာ ဗုံးခိုကျဉ်းထဲ ဒုက္ခသည်စခန်းသစ်မှာ အစာမျှော်နေတယ်..။

ယခင်က စစ်အစိုးရ စစ်အသုံးစားရိတ်တွေများပြီး အလုပ်အကိုင် မဖန်တီးပေးဘူး..
ယခု အစိုးရသစ် ကိုယ်တိုင်အသုံးစားရိတ်တွေများပြီး စစ်သားလုပ်မလား ပြည့်တန်ဆာလုပ်မလား အလုပ်အကိုင် မရှားပါးဘူးး။

 ယခင်က ၀မ်းစာအတွက် ပြည့်တန်ဆာလုပ်ဖို့ နယ်စပ်နိုင်ငံတွေကို သွားရတယ်..
ယခု လမ်းတကာလှည့်ပြီး ပြည်တွင်းမှာပဲ ပြည့်တန်ဆာ လုပ်နိုင်ပြီ..။

ယခင်က လယ်လုပ်သူ လယ်ပိုင်ရမယ်လို့ မဝေးတဲ့ အတိတ်က သူတို့ ပဲပြောခဲ့တယ်..
ယခု လယ်တွေပျောက် မြေတွေပျောက် တရွာလုံး သူပုန်စိတ်ပေါက်ကာ ဆရာစံ တစ္ဆေခြောက်နေတယ်..။

ယခင်က ထောင်ကျ ဖမ်းဆီးခံ နိုင်ငံရေးသမားတွေ နိုင်ငံတကာ သွားနေတယ်..
ယခု နိုင်ငံတကာက ပြန်လာတဲ့ ပြည်တော်ပြန် နိုင်ငံရေးသမားတွေ ထောင်ကျတော့မဲ့ ခေတ်..။

ယခင်က ယတြာချေပြီး အရည်အချင်းရှိရှိ မရှိရှိ နာမည်မှာ သိန်း စိန် သန်း  ရွှေ အဲဒါတွေပါရင် သမတ္တဖြစ်တယ်..
ယခု ဗေဒင် မေးစရာမလိုဘူး ပြုပြင်ပြောင်းလဲနေပြီ ကုဋေ ပလက်တီနန် ဘီလီယံေ၇ွှဖြူ လို့ အမည်ပေးလည်း သမတ္တ မဖြစ်နိုင်ပြီ..။

အောင်ခိုင်မြင့်
20 January 2013

No comments:

Post a Comment