Wednesday, 19 December 2012

Heavy metals and health သတ္တုလေး (heavy metals) တွေရဲ့ အဆိပ်သင့်မှု


·
''ဆရာ ကိုဘသစ်ခင်ဗျား၊ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ် ပြန်သွားတာရှိတယ်။အဲဒါကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အက်ဆစ်ထိမိပြီး ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိတဲ့ ကလေးငယ်လေးဦးကို ရန်ကုန်ကလေးဆေးရုံက စုံစမ်းစစ်ဆေးတယ်လို့ ဆိုတယ်။အဲဒီ ကလေးထဲက သုံးဦးကတော့ သူငယ်နာအကြောနဲ့ ကြွက်သား အားနည်းရောဂါ (Cerebral Palsy) ဖြစ်ပြီး တစ်ဦးကတော့ ဦးနှောက်အကျိတ် (braintumour) ဖြစ်တယ်လို့ဆိုတယ်။ ဒီလို စစ်ဆေးလိုက်တော့ အက်ဆစ်ကြောင့် ဖြစ်တဲ့ရောဂါများ မရှိဘူးလို့ အစီရင်ခံထားတယ်။ အဲဒါ ဆရာ့သဘောထားအမြင်ကို သိပါရစေ''

ကိုဘသစ်သည် ခုတလော အတော်နာမည်ကြီးနေသည်။ သူ့ကို ဓာတုဗေဒဆရာမှန်း သိသွားသော ဂျာနယ်လစ်များက သတင်းအင်တာဗျူးတွေ လုပ်ကြသည်။တကယ်တမ်း အင်တာဗျူးလုပ်ခံရသူသည်  ပိုက်ဆံ မရသလို အန္တရာယ်တွေလည်း ကြီးပါသည်။ သူသည် အလုပ်မှအနားယူထားပြီး အေးအေးချမ်းချမ်းဘ၀ကို တည်ဆောက်နေသူဖြစ်သည်။ ယခု မေးခွန်းတွင် အဖြေမျိုးစုံရှိပါသည်။


A Myanmese villager pans water for copper near the Sabal hill copper mine project in Monywa, northern Sagaing on September 14. Photo: AFP

ထိုကိစ္စမျိုးတွင် စကားတစ်လုံးသည် ဘီလျံ ဒေါ်လာတန်ဖိုးရှိသော လုပ်ငန်းကို ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။ ဥပမာ အာဖရိကစိန်တွင်းများကို အမှီပြုကာ အစိုးရကို တော်လှန်ပုန်ကန်နေသော တောင်အာဖရိကမှ သူပုန်အဖွဲ့သည် စိန်များကို ထုတ်ပြီး လက်နက်ဝယ်နေသည်ကို ဂျာနယ်လစ်တစ်ယောက်က ထိုစိန်များကို Blood Diamond (သွေးစွန်းနေသောစိန်များ)ဟု ရေးခဲ့သောကြောင့် စိန်တွင်းများကို လုပ်ကိုင်နေသော
သူပုန်များ စီးပွားပျက်ကာ အာဖရိကတိုက်သားများ လွတ်လပ်ရေးရခဲ့သည် (စိန်မှောင်ခိုကတော့ အတိုင်းအတာ တစ်ခုအထိ ရှိမြဲရှိပါသေးသည်)
လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း တည်ဆောက်ရေးနှင့် ပတ်သက်သည့် ပြဿနာသည် အတော်လေးကြီးသည်။စကားမှားလို့မရပါ။

ထို့ကြောင့် မောင်ဘသစ်က စဉ်းစဉ်းစားစား ဖြေရပါသည်။
''သူတို့ သတင်းထုတ်ပြန်တာ မှန်ပါတယ်'' ဟု ဦးစွာ သူဖြေလိုက်သည်။ ''အက်ဆစ်တွေက အရေပြားပျက်စီးနိုင်ပါတယ်။ အက်ဆစ်ငွေ့တွေ ရှူမိရင် ကျန်းမာရေး ထိခိုက်နိုင်တာတော့ မှန်တယ်။ ဒီလိုမျိုးမဟုတ်ဘူး။ ရင်ကျပ်တာမျိုး၊ အသက်ရှူမ၀တာတွေမျိုးလောက်ပဲ ဖြစ်မယ်''

''ဒါပေမယ့် ကလေးတွေ ရောဂါရတယ် မဟုတ်လား''
''ဟုတ်ပါတယ်။ အက်ဆစ်နဲ့ တိုက်ရိုက် မဟုတ်ပေမယ့် အက်ဆစ်နဲ့ ဆက်နွှယ်တဲ့ ရောဂါတွေတော့ ဖြစ်နိုင်ပါတယ်။''

''ဟုတ်ကဲ့၊ ဘယ်လိုမျိုးလဲဆရာ''”
''သတ္တုလေး(heavy metals) တွေကနေ အဆိပ်သင့်ရင်လည်း ဒီလို ဖြစ်နိုင်တယ်''”

''သတ္တုလေး (heavy metals) ဆိုတာ ဘာလဲဆရာ''”
''ယေဘုယျအားဖြင့် အတမ် အလေးဆ(၅၀)အထက်မှာရှိတဲ့ သတ္တုတွေကို ခေါ်တာပါ။အဓိကအားဖြင့် ခဲ၊ ကြေးနီ၊ သွပ်၊ မာကျူရီစတဲ့ သတ္တုတွေကို သတ္တုလေး (heavy metals) တွေလို့ခေါ်တယ်။စက်မှုတော်လှန်ရေးကာလ (၁၈၀၀ပြည့်နှစ်ဝန်းကျင်) ကတည်းက သတ္တုလေး (heavy metals) တွေဖြစ်တဲ့ ခဲ၊ ကြေးနီနဲ့ သွပ်တို့ကို မြေကြီးမှ တူးယူထုတ်ဖော်လာခဲ့ကြတယ်။၁၉၈၀ပြည့်နှစ်ကနေ ၁၉၉၀ ပြည့်နှစ်အထိ လေ့လာထား ချက်အရ ဒီသတ္တုသုံးမျိုးရဲ့ ထုတ်လုပ်မှုပမာဏဟာ ၁၀ ဆများလာပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ အဆဟာလည်း ဒီအချိုးအတိုင်း များလာပါတယ်''

''ဒါဆိုသတ္တုလေး (heavy metals)   တွေကို သုံးလာကြတာ အတော်ကြာပြီပေါ့ ဟုတ်လား ဆရာ''”
“      ''မှန်ပါတယ်၊ ဒီသတ္တုလေးတွေကို ပုံစံအမျိုးမျိုးနဲ့ သုံးလာကြတာဟာလည်း ထောင်စုနှစ် တစ်စုကျော်လာပြီလို့ ဆိုနိုင်တယ်။ ခဲကို ရေပိုက်လုပ်ငန်းတွေမှာ သုံးတယ်။ ခဲ-အာ ဆင်းနစ် ဒြပ်နှောတွေကိုတော့ ပန်းသီးခြံတွေမှာ  ပိုးသတ်ဆေးအနေနဲ့ အသုံးပြုခဲ့တယ်။ ထူးထူးခြားခြား ဒီအဆိပ်တွေကို လူတွေက စားသုံးခဲ့ကြသေးတယ်။ ရိုမင်တွေက ၀ိုင်အရက်ထဲမှာ ခဲသတ္တု(Lead)ကို ထည့်ပြီး အရသာပိုကောင်းတယ်ဆိုပြီး သောက်သုံးကြတယ်။ ပြဒါးကိုတော့ ကလေးတွေသွားနာရင် သက်သာစေဖို့ ထည့်ခဲ့ကြတယ်။မြန်မာတွေက နန်းတွင်းမှာ အာဆင်းနစ်ကို သနပ်ခါးထဲ ထည့်သုံးတယ်။ ရုရှားတွေကလည်း နန်းတော်မှာ အဆိပ်မမိရအောင် အာဆင်းနစ်ကို သုံးတယ်'' ''လူတွေ အဆိပ်မသင့်ခဲ့ဘူးလားဆရာ''
''သတ္တုလေး(heavy metals) တွေရဲ့ အဆိပ်သင့်မှုကို ရှေးခေတ်က မသိကြဘူးပေါ့။ ဒီနေ့မှာ နေရာအတော်များများမှာ ဒီလိုအဆိပ်သင့်တာတွေ ရှိလာတော့အဲဒီ (heavy metals) တွေရဲ့ အဆိပ်သင့်မှုကို ပိုပြီး သိလာကြတယ်။ဒီသတ္တုတွေဟာ မြေကြီးထဲမှာ သူ့အတိုင်းသူ တည်နေပါတယ်။ ဒါပေမဲ့အက်ဆစ်တွေ မြေကြီးထဲ စိမ့်ဝင်လာမှုတွေ ရှိရင်သောက်ရေသုံးရေတွေထဲ မြစ်တွေထဲကို ဒီသတ္တုဓာတ်တွေ ရောက်သွားတော့တယ်''

''အက်ဆစ်နဲ့ တိုက်ရိုက်တွေ့ထိတဲ့ အန္တရာယ်မရှိပေမယ့် သွယ်ဝိုက်တဲ့ အန္တရာယ်လို့ပြောနိုင်တာပေါ့ ဟုတ်လား ဆရာ၊ ဒီကလေးလေးယောက်နေတဲ့ ရွာကအဲဒီ အက်ဆစ်တွေနဲ့အလုပ်လုပ်တဲ့ ဒေသနဲ့ အနီးဆုံးလို့ ဆိုတယ်။ သတ္တုကိုတူးဖော်ပြီး တောင်စောင်းမှာ ထားတယ်ဆရာ၊ ဒီလိုတောင်စောင်းမှာ ဖြန့်ထားပြီး အက်ဆစ်တွေဖြန်းသတဲ့။ ဒီလိုဖျန်းတော့ အက်ဆစ်ငွေ့တွေဟာ ကောင်းကင်အထိတက်တယ်။ အပေါ်ကပျံတဲ့ ငှက်တောင် မလွတ်ဘူးတဲ့။ အဲဒီမှာအလုပ်လုပ်ဖူးတဲ့ ပညာရှင်တစ်ဦးက ပြောတယ်။ သူတို့ မနက်လာရင် ငှက်သေတွေကိုတွေ့ရသတဲ့။ ဒီတော့ဆရာ မြေကြီးထဲလည်း စိမ့်ဝင်မှာပဲပေါ့''
''အင်း၊ ဆက်သွယ်နေတာပဲပေါ့။ လေတိုက်လို့ လွင့်ပြီး ရွာတွေဘက်ရောက်ပြီး မြေကြီးထဲရောက်တာမျိုးလည်း ဖြစ် မှာပဲ။ အဲဒီကသောက်သုံးရေကတော့ (heavy metals) တွေနဲ့ ညစ်ညမ်းလာစရာ အများကြီးရှိပါတယ်''

''ဒါတွေက ဘယ်လိုရောဂါတွေ ဖြစ်လဲဆရာ''
''heavy metals တွေနဲ့ တာရှည်ထိတွေ့ထားရင် ဖွံ့ဖြိုးကြီးထွားမှုမရှိခြင်း၊ ဉာဏ်ရည်မမီခြင်း၊ ကင်ဆာဖြစ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနဲ့ အလွန်အမင်း ၀င်ရောက်လာပါက သေဆုံးမှုတွေပါ ဖြစ်တတ်ကြောင်း တွေ့လာရတယ်။ ခဲ၊ရွှေ၊ပြဒါးတို့ ကိုယ်ခန္ဓာထဲဝင်တာ များပါကလည်း ကိုယ်ခန္ဓာကဆဲလ်တွေ ခုခံမှုအင်အားကျဆင်းပြီး မိမိဆဲလ်ကို မိမိပြန်တိုက်ခိုက်ကာ အဖုအကျိတ်တွေ ဖြစ်လာတတ်တယ်။အကြောတွေဆိုင်းပြီး နာကျင်လာတယ်။ ပြဒါးဆိုရင် ဦးနှောက်ပျက်တာတွေရှိတယ်''

''သက်သေတွေရော ရှိလားဆရာ''
''အများကြီးပါ၊ ဂျပန်မှာ အီတိုင်းအီတိုင်း (itai,itai) ဆိုတဲ့ရောဂါဟာ မြစ်တွေထဲ (heavy metals) တွေ စွန့်ပစ်ရာက ငါးတွေဆီရောက်တယ်။ ငါးစားတဲ့လူတွေ ရေသောက်တဲ့ လူတွေက ဒီလိုရောဂါတွေဖြစ်တာပါပဲ။
ကြေးနီသတ္တုတွင်းက ထွက်တဲ့ ကက်ဒမီယမ်သတ္တုကို မြေစာတွေနဲ့ မြစ်ထဲစွန့်တယ်။ အက်ဆစ်နဲ့ ဓာတ်ပြုလို့ ဖြစ်တယ်ဆိုတယ်။ နောက်တစ်ခုကတော့ ပြဒါးဆိပ်သင့်တာပေါ့''

''စိတ်ဝင်စားစရာကောင်းပါတယ်ဆရာ၊ပြောပြပါဦး''
''ပထမဆုံးကတော့ ပြင်သစ်မှာပါ၊ ပြင်သစ်ကဖက်ရှင်တွေ ခေတ်စားတဲ့အရပ်ပါ။ အဲဒီမှာ ဦးထုပ်လုပ်တဲ့ လူတွေဟာ ဦးထုပ်တွေကို ဟင်္သာပြဒါးဆိုးပြီး ရောင်းတယ်။ ဟင်္သာပြဒါးက အနီရောင်ပါ။အင်မတန်လှတယ်။ ဒီဟင်္သာပြဒါးကို ရေမှာဖျော်ပြီး ဦး ထုပ်တို့ ငှက်မွှေးတို့ကို စိမ်တယ်။ လက်တွေနဲ့နယ်တယ်။ လက်အိတ် မ၀တ်ဘူး။ ဒီပြဒါးဒြပ်ပေါင်းဟာ လက်သဲကြားကတစ်ဆင့် ကိုယ်ခန္ဓာထဲ ကိုဝင်တယ်။ ဒီဦးထုပ်လုပ်တဲ့ လူတွေဟာ ရူးကြောင်ကြောင် ဖြစ်လာတယ်။ သူတို့ဟာ မျက်စိမှုန်လာတယ်။ စကားပြောလို့ ခက်ခဲတာတို့ သူတို့ကလေးတွေဟာ ဉာဏ်ရည် မမီတာတို့ ဖြစ်လာတယ်။ သူတို့ဟာ မျိုးရိုးဗီဇကြောင့် ဒီလိုဖြစ်တာပဲလို့ တစ်ချိန်က ထင်ခဲ့ကြတယ်။ နောက်ဆုံးမှ ပြဒါးဆိပ်သင့်တာကို တွေ့ရတယ်''

''အတော်ဆိုးတာပဲနော်၊ နောက် မှ တွေ့တယ်ဟုတ်လား''
''ဟုတ်တယ်။ဒီ heavy metals တွေဟာ ကိုယ်ခန္ဓာထဲကို တဖြည်းဖြည်းချင်း ရောက်လာပြီး နောက်ပြန်မထွက်တော့ဘူး။နောက်ဆုံးစုပုံလာမှ အဆိပ်လက္ခဏာပြတယ်။ ဒါပေမဲ့ လူတွေကတော့ ဒါအဆိပ်သင့်လို့ပဲ ဆိုတာ ဘယ်လိုသိပါ့မလဲ၊ ရောဂါ တစ်ခုခုဖြစ်တာပဲလို့ ထင်တယ်။ ဆရာဝန်တွေကလည်း ရောဂါဖြစ်နေတာကို သိတယ်။ heavy metals ကြောင့်လို့ ဘယ်လိုလုပ်သိနိုင်မလဲ''
''ဘာကြောင့် ကလေးတွေမှာပဲ ဖြစ်လဲ၊ လူကြီးတွေမှာ မဖြစ်ဘူးလား ဆရာ''
စောစောကပြောသလိုပါပဲ၊ဒီလို အဆိပ်သင့်ဖို့  (heavy metals) တွေရဲ့ ပါဝင်မှု အတိုင်းအတာတစ်ခုအထိ လိုတယ်။ ကလေးတွေကျတော့ ကိုယ်ခန္ဓာအလေးချိန်နည်းတယ်။ ဒီတော့ (heavy metals) နည်းနည်းဝင်တာ နဲ့သူတို့မှာ ဒီရောဂါလက္ခဏာ ပြတော့တာပဲ။ ဂျပန်ပြည် မီနမာတာ ပင်လယ်ကွေ့ (Minamata Bay) မှာ ပြဒါးအဆိပ်သင့်တဲ့ ပြဿနာဖြစ်တော့ ကြောင်တွေမှာ စတော့တာပဲ၊ ကြောင်တွေရဲ့ ကိုယ်အလေးချိန်က နည်းတယ်၊ ဦးနှောက်ကသေးတော့ သူတို့မှာစဖြစ် တာပဲပေါ့''
''ဆရာအဲဒီ (Minamata Bay)  အကြောင်းပြောပြလို့ရမလား''
''ရပါတယ်၊မီနမာတာ ပင်လယ်ကွေ့ဆိုတာ ဂျပန်နိုင်ငံ ကျူးရှူးမှာ ရှိတယ်။ သူတို့ဟာ စက်မှုထွန်းကားလာတော့ အနီးအနားမှာ ပလပ်စတစ် စက်ရုံတစ်ခုကို ထောင်တယ်။ ပလပ်စတစ်စက်ရုံမှာ ပြဒါးတွေကို ဓာတ်ကူပစ္စည်း(cat alyst) အနေနဲ့သုံးတယ်။ဒီပြဒါးအချို့ဟာ ပင်လယ်ထဲကို ရောက်သွားတယ်။ ပြဒါးဟာလေးတော့ ပင်လယ်ကြမ်းပြင်ပေါ်ကို ရောက်သွားတယ်။အဲဒီမှာ ဘက်တီးရီးယားတွေစားပြီး မီသိုင်းမာကျူရီဆိုတဲ့ ဒြပ်ပေါင်းတွေ ဖြစ်လာတယ်။ ဒါကို ရေညှိရေမှော်တွေက စုပ်ယူတယ်။ ရေညှိရေမှော်ကို ငါးတွေကစားတယ်။ ငါးတွေကို တံငါကဖမ်းတာပေါ့။ လူတွေဟာ ငါးကို သူတို့ ကြောင်ကိုကျွေးတာပေါ့။ကြောင်က ငါးအင်မတန် ကြိုက်တယ်။ သူတို့ ဦးနှောက် သေးသေးလေးဆိုတော့ ပြဒါးဆိပ်သင့်တာ မြန်တယ်။ တံငါရွာကကြောင်တွေ ရူးသလို ကခုန်ပြီးရေထဲဆင်းသွားတယ်။ဒါကြောင့် ဒီရောဂါကို Cat-Dancing Disease လို့ခေါ်တယ်။ နောက်ကြာမှ အမျိုးသမီးတွေ ကလေးတွေမှာဖြစ်တယ်''
''လူအတော်များများ ထိခိုက်လား”
“ထိခိုက်ပါတယ်။ အဲဒီဒေသမှာ တံငါရွာတွေ အများကြီးရှိတယ်။ ငါးစားသုံးတဲ့ လူဦးရေ နှစ်ထောင်ကျော် အဆိပ်သင့်တယ်။ ဒီနေရာမှာ ဒီလူတွေရဲ့ရောဂါကို ၀ဋ်နာကံနာလို့ပဲ ထင်ခဲ့ကြတယ်၊ တကယ်တော့ဒီလို မဟုတ်ပါဘူး။ သေသေချာချာ Source ကို လိုက်ဖို့ခက်တယ်လေ။ နှစ်အတော်ကြာမှ အစိုးရက အရေးယူ ဆောင်ရွက်တယ်။ ပလပ်စတစ် ကုမ္ပဏီက လျော်ကြေးတွေပေးရတယ်။ ပင်လယ်ကွေ့ကိုလည်း သန့် ရှင်းအောင် လုပ်ပေးရတယ်။ လွန်ခဲ့တဲ့ (၁၀)စုနှစ်မှာမှ ပြီးတယ်။ ဆိုးတာက အဲဒီ မီနမာတာအရပ်က မိန်းကလေးတွေကိုယူတဲ့ ယောက်ျားလေးတွေ မရှိဘူး။ သူတို့ဟာ အရူးမျိုးရိုးပဲလို့ ယူဆနေကြတယ်''

''ဟုတ်ကဲ့ဆရာ၊ လူမှုရေးအ တော် ထိခိုက်တာပဲ၊အက်ဆစ်က မထိခိုက်စေပေမယ့် တစ်နည်းတစ်ဖုံတော့ ထိခိုက်စေတာပဲနော်''
''ဒါပေါ့။ သတ္တုတွေထုတ်ရင် အက်ဆစ်တွေ အယ်ကာလီတွေကို သုံးပါတယ်။ဒီနေရာမှာ တူးဖော်ရုံတင် မဟုတ်ဘဲ၊ အတော်အသင့် သန့်စင်မှုတွေ လုပ်တာဆိုတော့ ဒီလိုထိခိုက်မှုရှိတာ သဘာဝပါပဲ''
''ဆရာ့အနေနဲ့ ဘယ်လို အကြံပေးချင်လဲ''
''အင်း၊ဒါကသိပ္ပံပညာပဲ၊ သတ္တုတူးဖော် သန့်စင်တယ်ဆိုရင် ဒီလိုအဖြစ်တွေကို ရှောင်လို့မရဘူး။ဒါကြောင့်သတ္တုတူးဖော်တာကို ရပ်ချင်ရပ်၊ မရပ်ရင်တော့ လူတွေကို လုံခြုံစိတ်ချရတဲ့ နေရာတွေကို ပြောင်းရွှေ့ရမှာပဲ။နောက်တစ်ခုက သတ္တုတွင်းတွေဟာ နှစ်၂၀ - ၃၀မှာ ရပ်သွားမှာပဲ။ဒီအခါ ဒီအရပ်ကို ပြန်လည်ဖွံ့ဖြိုးအောင် တည်ထောင်ပေးဖို့လိုတယ်။ သတ္တု တူးသူတွေနဲ့ အစိုးရ စာချုပ်တွေချုပ်ထားဖို့လိုတယ်။ Reclaim လုပ်တယ် လို့ဆိုတယ်။ Reclaim လုပ်တာ စရိတ်စက ကြီးပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမှာ  Reclaim လုပ်ထားတဲ့ မြေဧကသန်းချီရှိတယ်။ ထိုင်နဲ့ မလေးတို့မှာလည်း Reclaim လုပ်ထားတဲ့ နေရာတွေမှာ ဂေါက်ကွင်းတွေ အပန်းဖြေစခန်းတွေ တည်ဆောက်ထားတယ်။ ကျွန်တော်ရောက်ဖူးတဲ့ ယူကေနိုင်ငံ ဝေလပြည်နယ်က ကြေးနီသတ္တုတွင်းဟောင်းဆိုရင် တကယ့်ကို အသူရာချောက်လို ဖြစ်နေတယ်။ဒါပေမဲ့ ခုအခါ အပမ်းဖြေစခန်း ဖြစ်နေပြီလို့ဆိုတယ်''

''အင်း၊ဒါတွေဟာ စဉ်းစားရမယ့် အချက်တွေပေါ့နော်။ ဘာဆိုဆို သေသေချာချာ ချင့်ချိန်တာပေါ့ ဆရာရယ်''
“သတင်းထုတ်ပြန်ပေးတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်''

''ဘာလို့လဲဆရာ၊သူတို့နဲ့ဆရာ အမြင်တွေမှ မတူတာဘဲ''
''သူတို့ ဒီလိုသတင်းထုတ်ပေးတာ ပွင့်လင်းမြင်သာမှုကိုပြတာ။ ဒါအင်မတန် အရေးပါတယ်။ သူတို့အမြင်ပဲလေ။ မတူဘူးပေါ့။ အဲဒီ မတူကွဲပြားတဲ့ဆီက အင်အားတွေ ဖြစ်လာတယ်လေ၊ ဒီမိုကရေစီဆိုတာ မတူတာတွေက အင်အားရယူတာပဲ မဟုတ်လား''

ဒေါက်တာခင်မောင်ညို
(မူရင်းဆောင်းပါးလင့်)
http://www.weeklyeleven.com/index.php?option=com_content&view=article&id=16839:heavy-metals-and-health--heavy-metals--&catid=78:2009-11-13-06-25-17&Itemid=135

(ရေးသူ-ဒေါက်တာခင်မောင်ညို)

(မူရင်းဆောင်းပါး၏ဓါတ်ပုံအား ပြောင်းလဲဖော်ပြထားပါသည်)

မူရင်း  ....ငရဲသား

No comments:

Post a Comment