Sunday 9 December 2012

အမျိုးသားနေ့၌ လက်ပံတောင်းတောင် အရေးအတွက် သံဃာတော်အချို့ ဆန္ဒထုတ်ဖော်



လက်ပံတောင်းတောင် အရေးအတွက် ရန်ကုန်မြို့ရှိ သံဃာတော်အချို့ရွှေတိဂုံဘုရား၊အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားမှ ဆူးလေဘုရားသို့ ယနေ့ ၉၂ နှစ်ပြည့်မြောက် အမျိုးသားနေ့ မွန်းလွဲ ၂ နာရီခန့်က လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ယနေ့ပြုလုပ်သော ရန်ကုန်မြို့ ဆန္ဒဖော်ထုတ်မှုတွင် သံဃာတော် အပါး ၄၀ ခန့်နှင့် လက်ပံတောင်း တောင် အရေးအတွက် လှုပ်ရှားနေသော ပြည်သူ ၄၀ ခန့် ပါဝင်ပူးပေါင်းခဲ့ကြောင်း သိရသည်။

“သူတို့က ဒဏ်ရာရ ကိုယ်တော်တွေကိုလည်း လုံလောက်တဲ့ ထောက်ပံ့မှု
မပေးဘူး။ နောက်ပြီး တောင်းပန်တဲ့ အခါမှာလည်း တကယ်နစ်နာခဲ့တဲ့ သံဃာတော်တွေကို တောင်းပန်ခဲ့တာလဲမဟုတ်ဘူး။ ဒီအတွက် တောင်းဆို ဆန္ဒထုတ်ဖော်တာပါ” ဟု ပါဝင်ပူးပေါင်းထုတ်ဖော်ခဲ့သော ဦးမင်းနိုင်ကပြောကြားသည်။

အဆိုပါကိစ္စများနှင့် ဆက်လျဉ်းပြီး ဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦးကလည်း “အမျိုးသားရေးဖြစ်တဲ့အပြင် သာသနာ ရေးအတွက်ထုတ်ဖော်တာပါ” ဟုဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ ရဟန်းသံဃာတော် များက အကြမ်းဖက်ခံ သံဃာထု အတွက် သံဃာထုတစ်ရပ်လုံး ကျေနပ်စေရန် နိုင်ငံတော်သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာ ၀န်ချတောင်းပန် ပေးရေး၊ အကြမ်းဖက်ခံ သံဃာထုနှင့် ပြည်သူလူထုအတွက် နိုင်ငံတော် ဖခင်ကောင်းတစ်ယောက်အနေဖြင့် မှန်မှန်ကန်ကန် တာဝန်ယူပေးရေး၊ အကြမ်းဖက်ခံ သံဃာထုအတွက် ဖခင်ကောင်းများအနေဖြင့် နိုင်ငံတော် မ.ဟ.န ဆရာတော်ကြီးများနှင့် တာဝန်ရှိသော သာသနာရေး ၀န်ကြီး၏ သာသနာတော်ဆိုင်ရာ အဖွဲ့အစည်း များမှ တာဝန်ယူပေးရေး၊ လက်ပံ တောင်းတောင်အရေး နှင့်ပက်သက်၍ ဖမ်းဆီးထားခံရသော ရဟန်းရှင်လူ တို့အား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ ငြိမ်းချမ်းစွာ ဆန္ဒပြသော ရဟန်းရှင်လူတို့အား အကြမ်းဖက် နှိမ်နင်းဖြိုခွင်းသော တာဝန်ရှိ လူပုဂ္ဂိုလ် အားလုံးကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေး အစရှိသည့် အချက် ၅ ချက်အား တောင်းဆို ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

အလားတူ ဆန္ဒဖော်ထုတ်မှုများကို မန္တလေး၊ မုံရွာမြို့များ၌လည်း တစ်ချိန် တည်း ပြုလုပ်ခဲ့ကြောင်း သိရပြီး ဆန္ဒ ထုတ်ဖော်ခြင်းနှင့် ပတ်သက်၍ မုံရွာ မြို့ရှိ ဓမိကာရုံကျောင်းတိုက်မှ သံဃာတော် အရှင် သိက္ခညာဏက “လက်ပံတောင်းတောင်အရေးဟာ ဘာသာရေး၊သာသနာရေးကို စော်ကားတာဖြစ်တယ်၊စစ်ကိုင်းတပြည်လုံးမှာ လည်း ဒီလိုခံစားချက်တွေ ရှိတယ်။ အကြမ်းဖက်ဖြိုခွင်းခံရတဲ့အခါမှာလည်း သူတို့ပြောတဲ့ မျက်ရည်ယိုဗုံးဆိုတာ မျိုးမဟုတ်ဘဲ မီးလောင်တတ်တဲ့ ဗုံးတွေဖြစ်နေတယ်၊အခုလိုလုပ်ရပ်တွေကို ရှုပ်ချတဲ့ ဆန္ဒဖော်ထုတ်မှုပါ” ဟု မိန့်ကြားသည်။

မုံရွာမြို့တွင် မွန်းလွဲ ၁ နာရီခန့်က သံဃာအပါး ၂၀၀ ကျော်ဖြင့် မြို့ပတ်ကာ ဆန္ဒဖော်ထုတ်ကြကြောင်း သိရသည်။

စူးရှ(မြန်မာ့ခောတ်)

No comments:

Post a Comment