ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဖရုဿဝါစာဟူသော ပါဠိဝေါဟာရကိုကြားဖူးကြမည်ထင်
ပါသည်။ ဖရုဿ ကြမ်းတမ်းသော ဝါစာ စကားဟုအဓိပ္ပါယ်ရ၏။ အကုသလဝိပါက ကံတစ်ပါးဟုလည်း မှတ်ယူရပေမည်။ သီလတရား၌လည်း ဖရုဿဝါစာ ဝေရမဏ
ိ
သိက္ခာပဒံ သမာဒိယာမိ ဟုပါရှိပါ၏။ သို့သော် လွန်ခဲ့သော မကြာသေးသည့်
ကာလတစ်ခု၏ ဖေ့စ်ဘွတ်ပေါ်၌ အနှီဖရုဿဝါစာကို ထမင်းစားရေသောက်
သုံးနှုန်းနေကြသည်ကို စိတ်မကောင်းစွာ တွေ့ရှိနေရ၏။ စာပေနယ်သမား ဘာသာရေးသမား
စသဖြင့် သမားပေါင်းအထွေထွေ အလွှာပေါင်းအမျိုးမျိုး ဆဲဆိုနေကြ၏။ ဗုဒ္ဓ၏အဆုံးမ၌
ပယ်ကန့်တားမြစ်ထားသော မကောင်းသောဖရုဿဝါစာကို နှစ်နှစ်ခြိုက်ခြိုက်ကြီး
ကျူးလွန်နေကြသည်ကို မြင်မိတွေ့မိကြမည်ထင်ပါသည်။ မကောင်းသောဝစီကံပေတည်း။
ထိုကံကြောင့်ပင် အပါယ်ငရဲသို့ လားရောက်နိုင်ကြပေသည်။ အကယ်၍ အပရာပရိယကုသိုလ်ကံ တစ်ပါးပါးကြောင့် လူ့ပြည်ပြန်လည်ရရှိသော်လည်း မတင့်တယ် မလျောက်မပတ်နှင့် ကောင်းကျိုးသုခ အလွန်နည်းရပေမည်။ ရုပ်အဆင်းမလှခြင်း၊ အာခံတွင်းတွင် အနံ့ဆိုးများထွက်နေခြင်း စသည့်အကျိုးပေးများရရှိမည်။ ထို့ကြောင့် သံသရာရှည်စေတတ်သော မုသာဝါဒ လိမ်လည်ခြင်း အစ ဖရုဿဝါစာ ရုန့်ရင်းကြမ်းသောစကား သမ္ဖပ္ပလာပ သိမ်ဖျင်းသောစကား ပိသုဏဝါစာ ချိုချိုသာသာလှည့်ပတ်(အတင်းအဖျင်း)ပြောဆိုခြင်းအဆုံး အတတ်နိုင်ဆုံး သတိထားရှောင်ကြဉ် သင့်သည်ဟုဆိုရပေမည်။ သို့သော်စာရေးသူကား ကျမ်းဂန်တတ် စာပေအကျော်အမော် မဟုတ်လေရကား မိမိတတ်သမျှ မှတ်မိသမျှ စာပေများကိုသာ အားထား၍ ရေးရခြင်းဖြစ်ပါကြောင်း ရိုးရှင်းစွာဝန်ခံအပ်ပါ၏။ ထေရဝါဒဗုဒ္ဓဘာသာဟူသည် ကမ္ဘာပေါ်၌ မြင့်မြတ်တည်ကြည်၍ ငြိမ်းချမ်းမှုအား အစဉ်ရှေးရှုသော ဘာသာကြီးဖြစ်သည်။ ထိုဘာသာဝင်တို့ကပင်လျှင် ဘာသာတည်တံ့ရေးအား ထိမ်းသိမ်းရမည်လည်းဖြစ်၏။ အခြားဘယ်ဘာသာကမှ တာဝန်ယူထိမ်းသိမ်းမည်မဟုတ်။ ဤသည်ကိုကောင်းစွာနားလည်ရပေမည်။ ကမ္ဘာအရပ်ရပ်ကလဲ စာရေးသူတို့ ဗုဒ္ဓဘာသာအား ယဉ်ကျေးမှုဖြင့် အစဉ်အလာကောင်းသော ဘာသာအဖြစ်လက်ခံသတ်မှတ်ကြပါသည်။ ဘာသာအပေါ်တွင်ကားမဟုတ်၊ ဘာသာဝင်များအပေါ်လည်း ထိုနည်းတူစွာပင်ထင်မြင်ကြပေရာ မိမိတို့ဘာသာဝင်များအနေဖြင့် လွန်စွာဂရုစိုက် ကြရမည်ဖြစ်သည်ဟု ထင်မြင်မိပါသည်။ သမီးလေးလိမ္မာပါသည်ဟု ဆိုခါမှ ယောက်မကိုမြင်းလုပ်စီးပြနေသလို ဖြစ်နေ၍မရ။ ထို့ကြောင့် ကိုယ့်ဘာသာသာသနာကို လူအများလေးစာသည့်အားလျော်စွာ ဘာသာဝင်တို့အနေဖြင့်လဲ ဘာသာတရားကိုင်းရှိုင်းစွာဖြင့် ယဉ်ကျေးလိမ္မာရပေမည်။ သို့မဟုတ်လျှင် ဘာသာဝင်ကြောင့်ပင်လျှင် မိမိဘာသာသည် အရောင်ညှိုးမှန် ဂုဏ်ရောင်သိမ်သွားနိုင်ပါသည်။ ဘာသာသာသနာအတွက်ကြီးမားသော အန္တရာယ်တစ်ခုဖြစ်လေရကား များစွာစိုးရိမ်ရမိသည်။ မြန်မာပြည်သား လူအများအနေဖြင့် ပညာတတ်လူရည်လူမွန်ကလေးများသာ အင်တာနက်အွန်လိုင်းသုံးကြသည်ကို ငြင်းနိုင်ဖွယ်ရာမရှိတွေ့ရှိရပေမည်။ မိမိတို့၏အဆင့်အတန်းနှင့် စိတ်နေစိတ်ထား ဘဝတန်ဖိုးများကို ဤအွန်လိုင်းပေါ်၌ တွေ့မြင်နိုင်ရန် ၂၀ရာခိုင်းနှုန်းမျှလေ့လာနိုင်သည်ကို သတိရှိရပေမည်။ တွေ့မြင်နေရတာမဟုတ်ဘူး။ ဆဲတယ်ကွာ ကြမ်းတယ်ကွာ စသဖြင့် ရှိကြသည်ကိုလဲ နက်သုံးသူတိုင်းတွေ့မြင်နေကြရသည်မှာ ရှက်ဖွယ်ရာပင်ဖြစ်၏။ မဆင်မခြင် အလျဉ်စလို ထစ်ခနဲရှိဆဲဆိုနေကြသည်မှာ ယိုသူမရှက် မြင်သူရှက်ဆိုသကဲ့သို့ရှိချေ၏။ ကမ္ဘာကိုရွာဟု တင်စားခေါ်ဝေါလာသည်နှင့်အမျှ အွန်လိုင်းဟူသည် ရွာကဲ့သို့မဟုတ်တော့ပြီ။ ရွာတွင် ဆဲဆို ရန်ဖြစ်သည်က ခုနှစ်အိမ်ကျော် ရှစ်အိမ်ကျော်မျှပင်သိကြမည်။ အွန်လိုင်းက ထိုသို့မဟုတ်သည်မှာ မိမိတို့ကိုယ်တိုင်ကပင် သိပြီးဖြစ်ပါလျှက် အဘယ့်ကြောင့်မဆင်ခြင်ကြသနည်းမူကို စာရေးသူ တွေး၍ပင်မရ။ ယောက်ျားမိန်းမ ဣတ္ထိလိင် ပုလ္လိင် ရောထွေးလျှက်ဆဲဆိုနေကြ၏။ ကောင်းသောသူတို့အထဲတွင်မိမိပါရှိနေစေရန် ကြိုးစားသင့်လှပေသည်။ အသိမိတ်ဆွေတစ်ယောက်က မိန်းကလေးတစ်ယောက် ဆဲဆိုနေသည်ကို မိမိထံ massage ပို့၍ပေးဖတ်သောကြောင့် စာတစ်စောင်သဖွယ် ဖတ်ရဖူးသည်။ ဖရုဿဝါစာကြမ်းကြမ်းတမ်းတမ်း စကားများကို မိန်းကလေးတန်မဲ့ သုံးနှုန်းဆဲဆိုနေသည်ကို တွေ့ရှိရပါ၏။ ထိုမိန်းကလေးသည် မြန်မာပြည်ဖွား ဖြစ်သော်လည်း နိုင်ငံခြား၌ကြီးပွားနေပုံလည်းရသည်။ သူ့ကိုယ်သူလဲ ဘာသာသာသနာ မရှိဟု ခံယူထားကြောင်း ပြောဆိုထားလေရာ များစွာစိတ်မကောင်းဖြစ်ရ၏။ လူဟူ၍ဖြစ်လာလျှင် ထိုလူသားသည် တိရစ္ဆာန်တို့ထက် သာလွန်သော အသိဥာဏ် အတွေးအခေါ် သာလွန်နေသည်ကို အထင်းသားရှုမြင်တတ်ရပေမည်။ လူ့ဘဝသည် ရခဲလှသောဘုံဘဝဖြစ်သည်။ လူဖြစ်သောကာလ၌ ဗုဒ္ဓသာသနာနှင့်ကြုံတွေ့ရန်မူ လွန်စွာ့လွန်စွာ ခဲယဉ်းလှပေသေးသည်။ ထို့ကြောင့် အသိဥာဏ်ရှိသောလူသားဖြစ်ပါလျှက်နှင့် အဘယ့်ကြောင့် ဤကဲ့သို့ ခံယူကျင့်သုံးနေသနည်းဟူမူ ထိုသူ၏ အတီတကမ္မနှင့်သာ ဆိုင်လိမ့်မည်ဟု ဆိုရပေမည်။ စာရေးသူအထက်မှာ ဆိုခဲ့သလိုပင် အတိတ်ဘဝက ဗုဒ္ဓသာသနာနှင့် လွဲစေနိုင်သော အကုသိုလ်ကံများ သူ့အပေါ်၌ရှိနေပေလိမ့်မည်။ အပရာပရိယ ကုသိုလ်ကံ ထောက်မမှုကြောင့် လူ့ဘုံ လူ့ဘဝတွင် လူလာဖြစ်ရသော်လည်း ဗုဒ္ဓသာသနာနှင့်လွဲရသည်မှာ ကြီးစွာသော အရှုံးကြီးတစ်ရပ်ပင်ဖြစ်ပေသည်။ ဗုဒ္ဓသာသနာဝင် လူသားများအနေဖြင့် မည်မျှကံကောင်းလေသနည်း။ ကုသိုလ် အကုသိုလ်တို့ကို ခွဲခြားသိမြင်နိုင်စွမ်းသော အသိဥာဏ်တို့ထပ်ဆင့်ရရှိကြ၏။ ထားတော့။ ဘာသာမဲ့ ဘာသာခြားဖြစ်နေခြင်းအပေါ် စာရေးသူအနေနဲ့ အကျယ်မဖွဲ့လိုတော့ပြီ။
စာရေးသူအဆူခံရဖူးပုံအကြောင်းလေး ဆက်ဦးအံ့။ စာရေးသူငယ်ငယ်က တောမှာကြီး ပြင်းရသည်။ ရပ်ဓလေ့ ရွာဓလေ့မို့ အရွယ်ရောက်သော် ဘုန်းကြီးကျောင်း၌ ပညာသင် လေ့လာဆည်းပူးခဲ့ရသေးသည်။ ထိုစဉ်က ရွာဦးကျောင်းဆရာတော်သည် စာပေနှင့်ပတ်သက်လျှင် အပျင်းထူသည်ကို မကြိုက်လှ။ လူငယ်သဘာဝ စာကျက်ပျင်းမိသော အထဲတွင် စာရေးသူက ထိပ်ဆုံးကပါပါ၏။ ထို့ကြောင့် စာပြန်ရမည့်အချိန်၌ ထစ်ထစ်ငေါ့ငေါ့ဖြစ်သောအခါ ဆရာတော်သည် ဒေါသမေတ္တာဖြင့် စာရေးသူအားကြိမ်းမောင်း၏။ မည်သို့ကြိမ်းမောင်းသနည်းဟူမူ စာစပ်၍ပင် ကြိမ်းမောင်းတော်မူ၏။ “ငပျင်းညို စာကိုမကျက် ဘုန်းဘအို အနေခက် ဒေါသမာန်ထွက်။” ဟု စာသင်ခန်းကျောက်သင်ပုန်း၌ ရေးခဲ့ကာ “နွားများလိုပဲ ဒီငညိုဟာ၊ ဟိုလျှောက်သွား ဒီလျှောက်သွားနဲ့ စာမှမကျက်ပဲ”ဟုဆိုကာ စာသင်ခန်းမှထွက်ခွါတော်မူလေသည်။ စာရေးသူလည်းငြိမ်နေမိသည်။ အနားနားက သူငယ်ချင်းက စာရေးသူအား အနားနားကပ်ကာ ဆရာတော်က စိတ်ဆိုးတော်မူပြီဟု သတိပေးရှာသည်။ ထို့နောက်တွင် စာရေးသူ စာကျက်စာဖတ်မပျင်းအားတော့။ စာကျက်ပျင်းမိသော မိမိအား နောက်ထပ်အကြိမ်းမောင်းမခံချင် စိတ်သည်ကြီးစိုးခဲ့တော့၏။ ရှက်လဲရှက်ခဲ့မိပါသည်။ မခံချင်စိတ်လဲ ဖြစ်မိပါသည်။ မိမိကြောင့်လည်း သူတစ်ပါး စိတ်အနှောင့်ယှက်မဖြစ်စေလို ဒေါသမထွက်စေလိုတော့။ ဆရာတော်မှာ စာရေးသူအပေါ် လွန်စွာကျေးဇူးကြီးသူဖြစ်၏။ ကရုဏာဒေါသကြောင့်သာ တပည့်ရင်းအား နွားနှင့်နှိုင်းရခြင်းဖြစ်သည်ဟု နားလည်ခံယူခဲ့၏။
ဒေါသအမျက် အထွက်ခံရသော အဆဲအဆိုခံရသောသူ၌လည်း စိတ်ခံစားမှုသည် ချမ်းသာရာမရှိ။ ထို့ကြောင့် အကုသိုလ်စိတ်ဒေါသ အရင်းခံကြောင့် ဖြစ်ပေါ်လာသော ဆဲဆိုရိုင်းစိုင်းကြမ်းတမ်းမှုသည် ဆုတ်ယုတ်ဖွယ်မျှသာဖြစ်၏။ အကျိုးမရှိ ရှက်ဖွယ်အတိလည်း ဖြစ်လေရကား များစွာရှောင်ကြဉ်သင့်လှပေ၏။ မိမိနှုတ်ကြမ်း၍ မိမိသာအမည်ဆိုးရမည်မဟုတ်။ နှုတ်ကြမ်းသောသူများကို အမိယုတ်ကမွေးသည်ဟု မြန်မာတို့ မှတ်ယူလက်ခံကြလေသောကြောင့် မိမိတင်မဟုတ်ပါပဲ မိမိအား မွေးဖွားပေးလိုက်သော မိခင်ပါနာမည်ဆိုးရလေသည်။ မည်မျှဆိုးလိုက်ပါသနည်း။
ဤကဲ့သို့ဆိုးရွားသော ဖရုဿဝါစာ(ဝါ)ကြမ်းတမ်းသော စကားသည် အပြောလွယ်သလောက် အပြစ်ရသည်လည်း လွန်စွာလွယ်ကူသောကြောင့် မပြောဆိုမိစေရန် စောင့်စည်းရမည်မှာ အမှန်ပင်ဖြစ်သည်။ ဗုဒ္ဓသာသနာနွယ်ဝင်တို့အဖို့မူ ယောက်ျား မိန်းမ မည်သည့်လိင်မဆို ပို၍ပင်စောင့်ထိမ်းသင့်သည်။ ဗုဒ္ဓရှုံ့ချသော အပြစ်။ ထိုအပြစ်ကို နှစ်နှစ်ခြိုက်ခြိုက်ကြူးလွန်နေကြသော သူတို့အဖို့ မည်မျှရင်လေးစရာကောင်းပါသနည်း။ သံသရာခရီးအတွက် ခလုပ်ကန်သင်းပါပေ။ မုသားမပါ လင်္ကာမချောဟူသော လျှောက်လဲချက်ကြီးက ယခုခောတ် လူငယ်တို့အဖို့ အနှီသောအရာတို့အတွက် အဆင်ပြေနေကြသည်။ အဆိုးကြီးတစ်ရပ်ဟု ထင်မိသည်။ ထို့ကြောင့်ပင်လျှင် အမှားကြာသော် အမှန်ဟု လူအများလက်ခံနေကြတော့သည်။ အမှန်တရားသည် မည်မျှပင်ကြာစေကာမူ အမှားမဖြစ်နိုင်သကဲ့သို့ အမှားဟူသည်လည်း မည်မျှပင်ကြာစေကာမူ အမှန်မဖြစ်နိုင်ချေ။ မုသားမပါလင်္ကာမချော ဟူသောအရာသည် များစွာသောလူတို့လက်ခံကျင့်သုံးနေသော်လည်း ရေများ၍မီးကို နိုင်ချင်နိုင်လိမ့်မည်။ အမှားများ၍ အမှန်ကိုတော့ မနိုင်တန်ရာ။ အမှန်တရားက မှန်မြဲမှန်နေမည်သာဖြစ်ပေသည်။ စကားအရာ၌ မှန်မှန်ကန်ကန်ဖြင့် ပီယဝါစာ ချစ်ဖွယ်သောစကားကို ဆိုတတ်ပြောတတ်ရန်သာပြုမူရပေမည်။ မည်သို့ချိုသာပြောဆိုရမည်ကိုကား မိမိဘာသာလေ့လာ နာယူကျင့်သုံးမှသာလျှင် သိရှိမည်။ လွယ်ကူသော အပြုအမူလည်းဖြစ်သည်။ သူကသင်ပေးမှ ကိုယ်ကသင်ပေးမှဟူ၍ မရှိ။ ကိုယ်လုပ်မှကိုယ်ရမည့်အရာ ဖြစ်ပေသည်။ မလုပ်နိုင်ရန်လည်း အကြောင်းမရှိဟု ဆိုချင်ပါသည်။ ဗုဒ္ဓွနာသာသနာဝင် လူမျိုးများအနေဖြင့် လွန်စွာလွယ်ကူ၍ အကျိုးများသော ပီယဝါစာသည် သာသနာဝင်တိုင်းစောင့်ရှောက်အပ်သော အရာတစ်ခု ဖြစ်သည့်အားလျော်စွာ မိမိကြောင့် မိမိဘာသာသာသနာ သိက္ခာကျဆင်းမှုများ ထိမ်းသိမ်းနိုင်ကြပါစေဟု ဆန္ဒပြုရင်း…။ ။
စကားအလင်္ကာချိုသာစွာပြောတတ်ကြပါစေ။ ။
မင်းကြည်ညို
Photo ကို Buddhism (ဘုရားပုံတော်များ) မှကူးယူဖော်ပြပါသည်။

No comments:
Post a Comment