Thursday 13 December 2012

တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ (ဆောင်းပါးရှင်-ကေသွယ်)




Development or Die
မြို့လယ်ကောင်လူစည်ကားရာနေရာမှာ၊ ချိတ်ဆွဲထားတဲ့ Development or Die ဆိုတဲ့  လစ်ဘရယ် ပါတီရဲ့မဲဆွယ် ဆိုင်းဘုတ်ကလေးကိုမြင်တော့၊ ပြုံးမိရသည်။ ဒီမြေတွေကို ဒီအတိုင်းပဲထားရင်း သေသွားကြ မလား.. ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချမလားလို့ ဆိုချင်ဟန်တူပါ ရဲ့။


သြစတြေးလျမှာက၊ သတ္တုတူးဖော်ရေး(Mining)လုပ်ငန်းက အဓိကဖြစ်ပြီး၊ တစ်နိုင်ငံလုံးရဲ့ GDP ကို ၁၀ ရာခိုင်နှုန်းထိအောင် ထောက်ကန်ပေးခဲ့ဖူးသည်ဆိုတော့ နိုင်ငံရေးပါတီတွေရဲ့ အဓိကအသုံးချစရာ လက် နက်ကိရိယာကလည်း မိုင်းနဲ့ပတ်သက်တဲ့ ပေါ်လစီတွေ အခွန်အခကိစ္စတွေသာ ဖြစ်လေ့ရှိသည်။ ပြီးခဲ့တဲ့ နှစ်တွေကပင် လေဘာပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဂျုလီယာဂေလာ့ဒ်က Mining Super Tax ဆိုပြီး ကုမ္ပဏီကြီးတွေကို အခွန်၄၀%ထိ တိုးကောက်ဖို့လုပ်တော့ အကြီးအကျယ် အငြင်းပွားခဲ့ကြသေးသည်။ အဲဒီလို မိုင်းလုပ်ငန်းတွေဖွံ့ဖြိုးနေတဲ့အထဲကမှ သြစတြေးလျတင်မက တောင်ကမ္ဘာခြမ်းမှာပါ အကြီးဆုံးဆိုတဲ့ Super Pit မိုင်းတွင်းကြီးကို မေးတင်ထားတဲ့မြို့လေး တစ်မြို့မှာရောက်ရှိနေထိုင်နေသူ တစ်ဦးအတွက်တော့ မိုင်းနဲ့စပ်ဆိုင်သမျှ အားလုံးသည် စိတ်ဝင်စားစရာဖြစ်လို့နေသည်။ တစ်မြို့လုံးလိုလိုကလည်း ဒီမိုင်းလုပ်ငန်းတွေအပေါ်မှာ မှီခိုလုပ်ကိုင်နေကြတဲ့သူတွေချည်း။ မိုင်းအင်ဂျင်နီယာကစလို့၊ မိုင်းသန့်ရှင်းရေးလုပ်တဲ့လူအထိ၊ မိုင်းအလုပ်ကြမ်းဝတ်စုံနဲ့ လူကြီးလူငယ် ယောက်ျားမိန်းမ အစုံစုံဟာ၊ညနေစောင်းအိမ်ပြန်ချိန် လမ်းတွေပေါ်မှာအပြည့်။ ဒါ့အပြင် Western Australia School of Mines ဆိုတဲ့၊ တက္ကသိုလ်လေးတစ်ခုလည်း ရှိနေသေးသည်ဆိုတော့၊ ဒီမြို့ကိုမှ  မိုင်းမြို့လို့ မခေါ်ရင်၊ ဘာကိုခေါ်တော့မလဲ။
တကယ်က လက်ရှိအနိုင်ရဦးဆောင်နေတဲ့  လေဘာပါတီက မိုင်းလုပ်ငန်းတွေကိုကန့်သတ်ချင်သည်။ ဒါပေမဲ့ မိုင်းတွေအများဆုံးရှိတဲ့ အနောက်ခြမ်းပြည်နယ်အစိုးရမှာတော့ အတိုက်အခံ လစ်ဘရယ်ပါတီက အနိုင်ရထားသည်မို့ နောက် သက်တမ်းအတွက်  ရွေးကောက်ပွဲ နီးလာချိန်မှာ ဒေသခံပြည်သူတွေကို မေးခွန်းထုတ်နေခြင်းဖြစ်သည်။
သူ့မေးခွန်းကရှင်းပေမယ့် နေရာတိုင်းနိုင်ငံတိုင်းအတွက်တော့ ဒီလောက်လွယ်လွယ်ကူကူ ဖြေဆိုနိုင်ဖို့မဖြစ်ပေ။


Caption: Monywa, Sagaing Division, Myanmar - 07/08/2009. A woman walks with a basket on the ground along the Monywa Copper Project site, the only copper mine in Burma and one of the largest in South East Asia. Settlers retrieve mineral deposit from the waste ground discharged from the mine. Credit: Thierry Falise/OnAsia.com Contact: sales@Onasia.com Legal Notice: Any use of this picture is subject to a license agreement entered into by the user and OnAsia Images Ltd. All other rights reserved. Any re-use and redistribution of this image is prohibited. For sales enquiries regarding any additional use of this or other pictures from OnAsia Images please contact sales@onasia.com @Thierry Falise/OnAsia.com


အထူးသဖြင့်  လတ်တလော မြန်မာနိုင်ငံမှာ အကျပ်အတည်းဖြစ်နေတဲ့   မုံရွာခရိုင်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပြဿနာမှာဆိုရင်တော့ အဲဒီတောင်ကြီးတွေပေါ်မှာ ထင်းခြောက်ကောက်ရင်း  ဟင်းရွက်ခူးရင်း  ဆွေစဉ်မျိုးဆက်ချို့ငဲ့လာခဲ့တဲ့  တောင်သူအမျိုးသမီးကြီး တစ်ယောက်က  ကျွန်မတို့တော့ ဒီအတိုင်းပဲသေမယ် . . . လို့ မျက်ရည်လည်ရွဲနဲ့ ဖြေမှာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့မေးခွန်းရဲ့တစ်ဖက်ခြမ်းမှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို သူတို့မှ မသိဘဲ. . .။ သူတို့မှ မခံစားရဘဲ . . .။


တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ
မြန်မာပြည်မှာကြေးနီတွေထုတ်ဖို့ လက်ပံတောင်းတောင်ကြီးကို တူးဆွဖြိုဖျက်ပစ်မယ်ဆိုတော့ သိကြတဲ့အတိုင်း အများစု တိုင်းသူပြည်သားတွေ ဒေသခံတွေ လက်မခံနိုင်ပါ။ ဒါပေမဲ့ရွှေတွင်းကြီးဖင်ခုထိုင်ပြီးဆင်းရဲနေလို့ အပိုပဲ” ဆိုတာမျိုး၊ ရှိရင်တော့ တောင်ကိုခုတ်ရမှာပေါ့ဆိုတဲ့  အမြင်မျိုးတွေလည်း မရှိမဟုတ်။ တကယ်တော့ မြန်မာပြည်ဟာ သဘာဝကပေးတဲ့ ကြွယ်ဝတဲ့ လက်ဆောင်တွေကို စနစ်တကျ အကျိုးရှိရှိ တစ်ခါမှ အသုံးချခွင့် မရခဲ့သေးပေ။
ထူးခြားတဲ့ ဘူမိအနေအထားအရ မြန်မာပြည်ဟာ Plate Tectonic ဘူမိဖြစ်စဉ်ကြီးရဲ့ ရှုပ်ထွေးတဲ့အပိုင်း တွေပေါ်မှာကျနေပြီး၊ မြောက်ကနေ တောင်ပင်လယ်ထဲထိ သွယ်တန်းနေတဲ့ Central Volcanic Arc ကြီးနဲ့အတူ ကြွယ်ဝတဲ့ သတ္တုသိုက်တွေအနှံ့ အပြားရှိနေခဲ့သည်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၂၅၀ ကျော်ကာလ သက်လယ်ကပ်တစ်လျှောက်မှာ ဖြစ်ပေါ်နေခဲ့တဲ့ မီးတောင်ဖြစ်စဉ်တွေရဲ့ မျက်မြင် ထင်ရှားသက်သေတွေဖြစ်တဲ့ တောင်လုံးကြီးတွေ ထီးတည်းစီနဲ့ မုံရွာသတ္တုသိုက်ကြီးကိုယ်တိုင်က မြန်မာ့ဘူမိဗေဒဘာသာရပ်အတွက် ထူးခြားတဲ့လေ့လာစရာတစ်ခု။ လက်ပံတောင်းတောင်ကြီးရဲ့ ကြေးပါဝင်မှု နှုန်း ၀.၄% ဆိုတာ စံပယ်ကြေးစင် အရင်တောင်တွေလောက် မမြင့်လှပေမယ့်၊ ပြန့်ကျဲပုံစံ Porphyry type နဲ့ ထုထည်လိုက်ရှိနေတဲ့ Kuroko type နှစ်မျိုးပေါင်းစပ်နေတဲ့ ဒီသတ္တုသိုက်ကြီးဟာ၊ မြန်မာ့သတ္တုတွင်းဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်အရ စီးပွားဖြစ် သတ္တုရိုင်းထုတ်လုပ်နိုင်မှု ဖြစ်နိုင်ချေပမာဏ (Probable Ore Reserve) တန်ချိန် ၁၄၇၈ သန်းရှိပြီး၊ လက်ရှိ ကမ္ဘာ့ကြေးနီ ဈေးကွက်တန်ဖိုးအရ ဆိုရင် ဒေါ်လာသန်းပေါင်း ၄ သောင်း ၆ ထောင်ကျော် တန်ဖိုးရှိနေသည်။

အချိန်တော်တော်ကြာကတည်းက ဒေသခံတွေရဲ့ လက်လုပ်လက်စား တူးဖော်လုပ်ကိုင်မှုတွေရှိနေခဲ့ရာကနေပြီး စီးပွားရေး တံခါးဟမှုတွေနဲ့အတူ ကြေးစင်တောင်နဲ့ စံပယ်တောင်ကြီး ပျောက်ကွယ်သွားတာကို  လူတွေသတိမထားမိလိုက်ကြ။ အခု လက်ပံတောင်းတောင်ကြီးရဲ့အလှည့်မှာတော့ လွတ်လပ်ပွင့်လင်းလာတဲ့ ခေတ်အပြောင်းအလဲနဲ့အတူ၊ ဆန့် ကျင်ကန့်ကွက်မှုတွေ ရုတ်ခြည်းဆိုသလို သောသောညံလာခဲ့သည်။ စီမံကိန်းကြီးတွေနဲ့ ကုမ္ပဏီကြီးတွေရဲ့ လျို့ဝှက်ချက်တွေ ကားစင်ပေါ်တင်ခံနေရပေပြီ။


စီမံကိန်းကြီးများနဲ့ ကုမ္ပဏီကြီးများ
မိုင်းတူးတယ်ဆိုတာ အနည်းနဲ့အများတော့ ကမ္ဘာ့မျက်နှာပြင်နဲ့ တောတောင်ရေမြေ သဘာဝကို ပျက်စီးယုတ်လျော့စေတဲ့ ကိစ္စတစ်ခုပါ။ ခက်တာက ဟောဒီကမ္ဘာပေါ်ကလူသားတွေကလည်း  အဲဒီ သတ္တုတွေကို အမြဲမပြတ် လိုအပ်နေကြပြန်တာ စစ်လက်နက်ပစ္စည်းတွေ အသာထား မိုက်ကရိုဝေ့ဖ်မီးဖိုထက်တောင် ပိုပြီးနေ့စဉ်သုံးဖြစ်လာတဲ့ ကွန်ပျူတာ၊လက်ဘ်တော့ပ်နဲ့ စမတ်ဖုန်းတွေမှာ သတ္တုပါဝင်မှုက ပြေးမလွတ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ပတ် ၀န်းကျင်ညစ်ညမ်းမှု ထိန်းသိမ်းဖို့အတွက် အထူးတီထွင်ထုတ်လုပ်ထားပါတယ်ဆိုတဲ့  Hybrid Car တွေမှာတောင် ကြေးနီလိုသတ္တုမျိုးတွေ အများကြီးသုံးကြရသည်။ အီလက်ထရွန်နစ်ကွန်ပျူတာခေတ်ကြီးမတိုင်ခင် နှစ် ပေါင်းခေတ်ပေါင်းများစွာကတည်းက ကျောက်ခေတ်ကြေးခေတ်သံခေတ်ဆိုပြီးတောင်ရှိခဲ့သည် မဟုတ်လား။
အရေးကြီးတာက မိုင်းတူးမယ့် နေရာဒေသနဲ့ ပတ်ဝန်းကျင်လူနေမှုဘ၀တွေ သဟဇာတဖြစ်ဖို့ပင်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက လူဦးရေထူထပ် သလောက် လက်လုပ်လုပ်စားတောင် သူတောင်သားတွေများတဲ့အပြင်.. အစိုးရတွေကိုယ်တိုင်ကလည်း ချွတ်ချွတ်ချော်ချော်ဆိုတော့ တရားနည်းလမ်းမကျတာတွေကသာ များနေတတ်သည်။  မြန်မာပြည်ရဲ့ လက်ပံတောင်းတောင် အကျပ်အတည်းက တော့ တရားနည်းလမ်းဆိုတဲ့ကိစ္စအပြင် အခြေအနေတွေက အတိုင်းအဆမသိ ရှုပ်ထွေးလွန်းနေသည်။
တိုင်းပြည်ရဲ့နှစ်ပေါင်း ၂၀ကြာ စစ်တပ်တိုက်ရိုက် အုပ်ချုပ်မှုအောက်မှာ ဘယ်သူတွေက ဘယ်သူ့တွေကို ဘာလုပ်ကိုင်ခွင့်တွေပေးလို့ ဘာစီမံ ကိန်းတွေ ဘယ်လိုပုံစံ အကောင်အထည်ဖော်နေသလဲဆိုတာ ဘယ်ပြည်သူတစ်ယောက်မှ သိခွင့်မရှိခဲ့။ မုံရွာကြေးနီသိုက်တွေကို ၁၄ နှစ်လောက် စနစ်တကျ လုပ်ကိုင်လာခဲ့ တယ်ဆိုတဲ့  အိုင်ဗင်ဟိုကုမ္ပဏီကြီးပင် ဘယ်လိုနည်းနဲ့ လုပ်ပိုင်ခွင့်တွေ ရခဲ့လိုက်သလဲ မသိခဲ့။ တကယ်တော့ မဆလခေတ်စောပိုင်းကာလတွေကတည်းက ကိုလံဘိုစီမံကိန်းနဲ့စမ်းသပ်တူးဖော်လိုက်၊ယူဂိုဆလပ်အဖွဲ့တွေနဲ့ ပေါင်းလုပ်လိုက်နဲ့စနေခဲ့တာတော့ အတော်ကြာပြီ။ ၁၉၉၄ ခုနှစ်မှာ မြန်မာ့သတ္တုတွင်း (၁) (ME-၁) နှင့် Ivanho Myanmar Holding Limited (IMHL) တို့ ၅၀- ၅၀ နဲ့စခဲ့ကြသည်။ ၂၀၀၇ ခုနှစ်မှာ အိုင်ဗင်ဟို ထွက်ဖို့ဖြစ်လာတော့  Monywa Trust ဆိုတဲ့ကြားခံတစ်ခုက၊ယာယီလက်ပြောင်းယူထားပြီး ၀ယ်သူရှာသည်ဟုဆိုသည်။ Monywa Trust   ကလည်း သီးခြားလွတ်လပ်သောဆိုပေမဲ့ IMHL က ပိုင်ဆိုင်သည်ဟုလည်း ဆိုပြန်သည်။ ထားတော့ အဲဒီ အိုင်ဗင်ဟို ထွက်တယ်ဆိုတဲ့အချိန်ကစပြီး ယခုလက်ရှိမြန်မာ့ဦးပိုင်လီမိတက်နှင့် တရုတ်အစိုးရပိုင် ၀မ်ဘောင်ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင် နေပြီဆိုတဲ့ လူသိရှင်ကြား အုတ်အော်သောင်းတင်း အခြေအနေတွေကြား  ငါးနှစ်လောက်ကာလအတွင်းမှာ ပိုင်ဆိုင်မှုလွှဲပြောင်းမှုတွေက၊ရှုပ်ထွေးပိတ်မှောင်လှသည်။ ၂၀၁၁ လွှတ်တော်မှာ ထုတ်ဖော်လိုက်တဲ့စာရင်း စစ်ချုပ်ရဲ့အစီရင်ခံစာက ချည်ခင်ထွေး ရဲ့အစတစ်ခု။ အိုင်ဗင်ဟိုရဲ့ ပိုင်ဆိုင်မှု ၅၀ရာခိုင်နှုန်းကို ဘယ်သူက၀ယ်တာလဲ။ ဦးပိုင်ကလား ..၀မ်ဘောင်ကလား..။ ဦးပိုင်ကတစ်ဆင့် ၀မ်ဘောင်လား။ အိုင်ဗင်ဟိုကသူ့ရဲ့ပိုင်ဆိုင်မှု တစ်ဝက် ရောင်းရငွေ ဒေါ်လာသန်းတစ်ရာရတယ်လို့ လူသိရှင်ကြားဖော်ပြထားတော့ ME-၁ ရဲ့ကျန်တစ်ဝက်က ဘယ်ရောက်နေသလဲ။
အိုင်ဗင်ဟိုက မြန်မာပြည်ကသူထွက်ရခြင်း အကြောင်းရင်းတွေထဲမှာ နိုင်ငံတကာ ပိတ်ဆို့မှုအောက်မှာ လုပ်ငန်းအာမခံကုမ္ပဏီတွေဘဏ်တွေရဲ့ အထောက်အပံ့ ပြတ်တောက်သွားလို့ တစ်ကြောင်းဖြစ်တယ်လို့ဖော်ပြခဲ့သလို၊ မြန်မာစစ်တပ်အစိုးရက လိုအပ်တဲ့စက်ပစ္စည်း သန့်စင်ပစ္စည်းတွေအတွက် သွင်းကုန်ပါမစ်ထုတ်မ ပေးခဲ့ဘူးလို့လည်း ဖော်ပြထားသည်။ အိုင်ဗင်ဟိုမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ မိတ်ဆွေတစ်ယောက်ပြောတာကတော့ လုံခြုံရေး ၀င်ပေါက်ကနေ တစ်မိုင်နီးပါးဝေးတဲ့ အလုပ်စခန်းတွေ ရှိရာကိုရောက်ဖို့ အလုပ်သမားတွေအတွက်  ကားတွေစီစဉ်ပေးထားတာတွေကအစ၊ အစိုးရဘက်ကပိတ်ပစ်ခဲ့သည်တဲ့။ အခုတော့ Turquoise Hill လို့ နာမည်ပြောင်းလိုက်တဲ့ အိုင်ဗင်ဟို မိုင်းအုပ်စုကြီးဟာ တစ်ချိန်က သူတို့ ဥက္ကဋ္ဌကြီး Friedland ပြောခဲ့ဖူးသလို  လူသူမရှိ၊ လမ်းမကြီးတွေမရှိ၊ ကန့် ကွက်မှုတွေမရှိ၊ NGO တွေ မရှိတဲ့ မွန်ဂိုလီးယား - ဂိုဘီ သဲကန္တာရကြီးထဲမှာ အေးအေးလူလူကြေးနီတွေ ရွှေတွေတူးနေလောက်ပြီ ထင်ပါရဲ့။


ဥပဒေနှင့် နိုင်ငံတော်
စက်တင်ဘာလ ၂၆ရက်နေ့က  မြန်မာ့ဦးပိုင်လီမိတက်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရုံးခန်းမှာ လုပ်တဲ့မီဒီယာတွေ့ဆုံပွဲမှာ ဦးပိုင်တာဝန်ရှိသူ ပြောသွားသလို  နိုင်ငံတော်က အကျိုးအမြတ်အများ ကြီးရပါတယ်.. ကျွန်တော်တို့လည်း အကျိုးအမြတ်ရပါတယ် . . . တရုတ်ကအနည်းဆုံးပါ. . . ဆိုတဲ့ စကားမှာ ဒေသခံ ပြည်သူတွေရဲ့ အကျိုးအမြတ်အကြောင်းတော့ မပါလာခဲ့ပေ။ ဒေသခံတွေရဲ့ နစ်နာမှုကို ဖြေရှင်းဆောင်ရွက်ပေးပါမယ်ဆိုတော့ ဒေသခံတွေအတွက်က နစ်နာမှုသက်သာရုံပဲလား။

သြစတြေးလျလစ်ဘရယ်ပါတီက Development or Die လို့ မဲဆွယ်သလို အတိုက်အခံလေဘာပါတီရဲ့ မဟာမိတ်နေရှင်နယ်ပါတီက Royalties for Regions ဆိုတဲ့ နည်းဥပဒေကို ၂၀၀၈ခုနှစ်က ဖယ်ဒရယ် အစိုးရလွှတ်တော်မှာ တင်ပြအတည်ပြုနိုင်ခဲ့သည်။အဲဒါက တစ်နိုင်ငံလုံးကရတဲ့ သတ္တုတွင်းထွက်အခွန်အကောက်တွေထဲက လေးပုံတစ်ပုံကိုသတ္တုတွင်းတွေ အများဆုံးရှိတဲ့ အနောက်ခြမ်း ပြည်နယ်အတွက် အသုံးပြုဖို့ဖြစ်သည်။ဆေးရုံတွေ၊ကျောင်းတွေ၊လူမှုအသင်းအဖွဲ့တွေအပြင် အနုပညာကဇာတ်ရန်ပုံငွေအတွက်ပါမကျန် ကိုယ့်ဒေသမြို့နယ်အလိုက် လွှတ်တော်အမတ်တွေကတစ်ဆင့် တင်ပြတောင်းဆိုနိုင်သည်။
ထားတော့.. သြစတြေးလျက ဘူမိပထ၀ီအနေအထားဝေးသလောက်  လူမှုနိုင်ငံရေးအခြေအနေပါ လှမ်းလှသည်။ မြန်မာနိုင်ငံအတွက် သတ္တုအဓိကလုပ်ကိုင်ရာ အင်ဒိုနီးရှားလို  ဖိလစ်ပိုင်လို ဖွံ့ဖြိုးဆဲနိုင်ငံတွေနှင့် နှိုင်းယှဉ်သုံးသပ် အဖြေရှာကြည့် စေချင်သည်။
အင်ဒိုနီးရှားဆိုလည်း အာဏာရှင်ပုံစံ အဆင့်ဆင့်အောက်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေကို ဖြတ်သန်းခဲ့ရပေမယ့် ၁၉၆၇ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အတွင်း အဆင့် ၇ ဆင့်ကို တစ်ဆင့်ခြင်း တဖြည်းဖြည်းချင်းလိုက် လျောညီထွေပြုသွားတဲ့ ပွင့်လင်းမြင်သာတဲ့ သတ္တုတူးဖော်မှုဥပဒေကြောင့် ပြဿနာနည်းပါးခဲ့ဟန်ရှိသည်။သူက မြေယာငှားရမ်းပိုင်ဆိုင်မှုကို နိုင်ငံတော်ကသာ အပြည့်အ၀ ထိန်းချုပ်ထားသည်။ ပြည်တွင်းအသေးစားလုပ်ငန်းတွေကိုလည်း ပါဝင်ဆောင်ရွက်ခွင့်ရအောင် ဖန်တီးပေးထားသည်။ ဖိလစ်ပိုင်မှာကျတော့ ၁၉၉၅ ခုနှစ် သတ္တုတူးဖော်မှု ဥပဒေအောက်မှာ နိုင်ငံတကာကုမ္ပဏီကြီးတွေကိုသာ ဦးစားပေးသည်။ ၁၀၀ ရာနှုန်းအထိ ရင်းနှီးမြှုပ်နှံခွင့်ရှိသည်။ အခွန်အခ တွေ မတရားလျော့ပေါ့ပေးထားသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာနတွေ ဥပဒေတွေ ရှိပေမယ့်လည်း ခြွင်းချက်တွေပေးထားသည်။ နိုင်ငံပိုင် လုံခြုံရေးနှင့်တောင် ကူညီစောင့်ရှောက်ပေးသည်ဆိုတော့ . . ဒေသခံတွေရဲ့ မကျေနပ်မှုတွေက အမြဲလိုရှိနေသည်။ ၁၉၉၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ Mar Copper ဘေးဒုက္ခဆိုးကြီးကြောင့် ဖိလစ်ပိုင်ကျွန်းသူကျွန်းသားတွေမှာ မိုင်းနဲ့ပတ်သက်လို့ပိုပြီး သတိရှိခဲ့ကြသည်။ အာဏာရှင် ဟောင်းမားကို့စ်လက်ထက်ကတည်းက သဘောတူစတင်ခဲ့တဲ့ Marin duque ကျွန်းကြီးပေါ်က အကြီးဆုံးမိုင်းကြီးရဲ့ မြစ်ထဲကို စွန့်ပစ်တဲ့ စွန့်ပစ်မြေစာ(tailing) တွေကြားထဲမှာ ဒေသခံတွေ နှစ်ပေါင်း ၃၀ နီးပါးလောက် အဆိပ်သင့်နေခဲ့ရာကနေ ၁၉၉၆ ခုနှစ် တိုင်ဖွန်းမုန်တိုင်းကြီးကြောင့် စွန့်ပစ်မြေစာကန် (Tailing Dam) ကြီး ပြိုပြီး မြစ်ထဲကိုလျှံ၊ မြစ်ရေတွေရုတ်ခြည်းမြင့်တက်ပြီး ရွာတွေရေမြုပ် လူတွေသေကြေ ဒုက္ခရောက်ခဲ့ကြရသည်။ အဲဒီနောက် အစိုးရက လုပ်ကိုင်ခွင့်ဆိုင်းငံ့လိုက်ရာကနေ ကနေဒါအခြေစိုက် Placer Dome ကုမ္ပဏီကြီးဟာ  အဆိပ်သင့်နေတဲ့ ကျွန်းကြီးကို သံပိုက်လုံးအဟောင်းတွေ၊ ပလတ်စတစ်အိတ်အဆွေးတွေ ရှုပ်ပွနေတဲ့ မြစ်ကမ်းပါးကြီးနဲ့အတူ ဒီအတိုင်းထားသွားခဲ့လေသည်။ တစ်ခုရှိတာက သူတို့နိုင်ငံတွေမှာ မိုင်းလုပ်ငန်းနဲ့ ယဉ်ပါးခဲ့တာကြာပြီမို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးအဖွဲ့တွေ လူမူကွန်ယက်တွေ အားကောင်းသလို Oxfam လို ကမ္ဘာ့အသိအမှတ်ပြုကြားခံ အဖွဲ့အစည်းကြီးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ အခွင့်သာကြသည်။ Oxfam ဆိုတာက ဆင်းရဲမွဲတေမူနဲ့ တရားမျှတမှု ပြဿနာတွေအတွက် ၁၉၄၂ ခုနှစ် ကတည်းက Oxford မှာစတင်တည်ထောင်ခဲ့တဲ့ နိုင်ငံပေါင်းစုအဖွဲ့ကြီး ဖြစ်သည်။ အစိုးရနဲ့ ကုမ္ပဏီကြီးတွေရဲ့ စီမံကိန်းကြီးတွေမှာ၊  ဒေသခံတွေအနေနဲ့ ကြိုတင်ဆန္ဒပြုနိုင်ဖို့၊ နစ်နာမူတွေကို တောင်းဆိုနိုင်ဖို့  . . လုပ်ဆောင်ပေးနေသည်မှာ ဒေသတွင်း နိုင်ငံတချို့မှာ အတော်ကျယ်ကျယ် ပြန့်ပြန့်ရှိနှင့်နေပြီ။ မြန်မာနိုင်ငံမှာ ရောရှိနေပြီလား.. ဘယ်လောက် အတိုင်းအတာထိ ရှိနေသလဲဆိုတာ စိတ်ဝင်စားမိသည်။ Oxfam Australia ရဲ့ အင်တာနက် စာမျက်နှာမှာတော့ မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာတချို့နှင့်ပါ ရေးသားပေးထားတဲ့ လွတ်လပ်သောသဘောဆန္ဒဖြင့် ထုတ်ဖော်ပြောကြားသည့် သဘော တူညီချက်လမ်းညွှန်ဆိုသော လက်ကမ်းစာစောင်လေးတစ်ခု တွေ့မိသည်။

တကယ်က လွတ်လပ်စွာ ပြောဆို ထုတ်ဖော်ခွင့်တွေ ပေးလိုက်တယ် ဆိုပေမယ့် တရားဥပဒေတွေကရော ဘယ်လောက်တိတိပပ ထိန်းကွပ်ဆောင်ရွက်ပေးနိုင်နေပြီလဲ။ အခုလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမူ ဥပဒေကြီးကို အသစ်ပြင်ဆင်ပြဌာန်းမယ်လို့ဆိုပေမယ့် နိုင်ငံတကာကုမ္ပဏီကြီး တွေကို လွတ်လွတ်လပ်လပ် ပေးဝင်ရမည်လား လက်ရှိပြည်တွင်း လုပ်ငန်းရှင်ကြီးတွေကို အကာအကွယ်ပေးရမည်လား မဝေခွဲနိုင်ပဲ ကြန့်ကြာနေသည်။ တစ်နွယ်ငင်တစ်စင်ပါ မြန်မာ့သတ္တုတွင်း ဥပဒေကလည်း ၁၉၉၄ မှာ တစ်နေတုန်း။ ဥပဒေတွေသာ အသေအချာ ထွက်မလာသေးပေမယ့် နိုင်ငံတကာ ကုမ္ပဏီကြီးတွေကို ဈေးခေါ်ဖို့ သတ္တုတွင်းဝန်ကြီးဌာန ကိုယ်တိုင်ဦးဆောင်ကျင်းပတဲ့ ပထမအကြိမ် Myanmar Mining Summit လို ပွဲကြီးကိုတော့ မဆမတန်ကြေးယူကာ ဇူလိုင်လမှာ ကျင်းပပြီးသွားလို့မှ အခု နောက်တစ်ပွဲကိုတောင်နှစ်မကူးခင် စဖို့ပြင်နေပြီ။ မြေယာပိုင်ဆိုင်ခွင့် ဥပဒေတွေကရော သာမန်ပြည်သူတွေကို ဘယ်လို အကာအကွယ်ပေးမှာလဲ။ တောတောင်ရေမြေတွေကို ကာကွယ်ဖို့ ပတ်ဝန်းကျင်ထိန်းထိန်းရေး ဥပဒေဆိုတာမျိုးလည်း  မြန်မာပြည်မှာမရှိသေး။ မြန်မာ့သတ္တုတွင်း ဥပဒေအပိုဒ် ၁၅ မှာပါတဲ့ "၀န်ကြီးဌာနသည် ဓာတ်သတ္တု စီးပွားဖြစ်ထုတ်လုပ်နိုင်မည့်မြေကို နိုင်ငံတော်အကျိုးငှာ လိုအပ်လျှင် တည်ဆဲဥပဒေနှင့်အညီ မြေသိမ်းယူနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်”ဆိုတဲ့ စကားရပ်ကြောင့် ဆားလင်းကြီးဒေသကကျေး ရွာ ၂၆ ရွာသည် နိုင်ငံတော်အကျိုးအတွက် တစ်သက်လုံးနေလာတဲ့ ကိုယ့်မြေကိုယ့်ခြံတွေကို သီးနှံလျော်ကြေးလောက်နဲ့ စွန့်လွှတ်ရမည်တဲ့ လား။ နိုင်ငံတော်ဆိုတာက.. ဘယ်သူတွေလဲ။ အစိုးရအဖွဲ့ကိုပဲ.. ခေါ်တာလား..။ ပြည်သူတွေရော နိုင်ငံတော်ထဲမှာ ပါသလား.. ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က အရေးကြီးလာသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးရဲ့အပိုဒ်  ၃၇(က) မှာကို နိုင်ငံ တော်သည် နိုင်ငံတော်ရှိ မြေအားလုံး မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းများ၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်လို့ ဆိုထားလေတော့၊ မကြာခဏဆိုသလို စကားလုံးတွေနဲ့ နားလည်မူလွဲတတ်တဲ့ လွှတ်တော်ကြီး ထဲမှာ “နိုင်ငံတော်သည် ပိုပြီး ရှင်းရှင်းလင်းလင်း ထင်သာမြင်သာ ဖြစ်သင့် နေသည် မဟုတ်လား။


ထင်သာမြင်သာရှိဖို့
ကမ္ဘာ့ဘဏ်ရဲ့စီးပွားရေးဖွံ့ဖြိုးမူ စီမံကိန်းတွေမှာ ၂၅ နှစ်လောက် အလုပ်လုပ်လာခဲ့တဲ့ ပရော်ဖက်ဆာ Dr Peter Eigen တစ်ယောက် အစည်းအဝေးသွားဖို့ ကျကျနန၀တ်စားနေတဲ့ အချိန်မျိုးမှာ၊ ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ နိုင်ရိုဘီက ဆေးရုံတစ်ခုမှာ အကူအညီပေးနေတဲ့ သူ့ ဇနီးသည်ဆရာဝန်မကြီးက၊ ထိရောက်မှုမရှိတဲ့ ကမ္ဘာ့ဘဏ်စီမံကိန်းတွေကို လှောင်ပြောင်ပြစ် တင်လေ့ရှိသည်တဲ့။ နောက်ပိုင်းမှာတော့ ပရော်ဖက်ဆာကြီးဟာ ကမ္ဘာ့ဘဏ် ကထွက်လိုက်ပြီး အခု Extractive Industries Tran-sparecy Initiative (EITI) လို့ ဖြစ်လာမယ့်  Trans-parency International (TI) ကို ၁၉၉၃ခုနှစ်မှာ စပြီးတည်ထောင်ခဲ့သည်။
လက်ရှိမှာ အဖွဲ့ဝင် ၃၅ နိုင်ငံရှိပြီး ပွင့်လင်းမြင်သာမှုကို တင်းပြည့်လိုက်နာ ကျင့်သုံးနေပြီဖြစ်တဲ့ နိုင်ငံက ၁၅နိုင်ငံလောက်ရှိပြီး အဲဒီအထဲမှာ မွန်ဂိုလီးယားလို နိုင်ငံမျိုးပင် ပါဝင်နေလေပြီ။ EITI ရယ်လို့ တစ်ကမ္ဘာလုံးမှာ ကျယ်ပြန့်လာအောင် အဲဒီတုန်းက ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲက ၂၀၀၂ ခုနှစ်နိုင်ငံတကာ အစည်းအဝေးကြီးတစ်ခုမှာ အတည်ပြု ထောက်ခံပေးခဲ့သည်။  

အခုလည်း တိုနီဘလဲရဲ့ အကြံပြုချက်ပေပဲလားတော့ မသိ.. ဥရောပခရီးစဉ်အတွင်း ဗြိတိသျှပါလီမန်မှာပြောတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က EITI အကြောင်း စတင်ပြောဆိုခဲ့ သည်။ နောက်တစ်လအကြာ ဇူလိုင်လထဲမှာပဲ EITI တာဝန်ရှိသူတွေ နေပြည်တော်ကို ရောက်လာခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံကြသည်။ မြန်မာအစိုးရက EITI  နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာတွေရှိနေပြီလို့လည်း သတင်းတွေ ထွက်ပေါ်လာသည်။ သိပ်မကြာခင်လေးကပဲ ၀န်ကြီးချုပ်ဟောင်းကြီး တိုနီဘလဲ ကိုယ်တိုင်နေပြည်တော်ကို ရောက်လာခဲ့ပြန်သည်။

ကုမ္ပဏီကြီးတွေက သူတို့ပေးရသမျှကို တရားဝင်ဖော်ပြရမှာဖြစ်သလို အစိုးရဘက်ကလည်းရသမျှကို ဖော်ပြရမှာဖြစ်တဲ့ လုပ်ထုံးလုပ်နည်း အခြေခံစည်းမျဉ်းအောက်မှာ၊ စာရင်းစစ်ချုပ်ကို ရာထူးဖယ်လိုက်ပြီး သတ္တုတွင်းဝန်ကြီးကို စာရင်းစစ်ချုပ်ခန့်လိုက်တဲ့ မြန်မာအစိုးရအနေနှင့် ဘယ်လိုဘယ်ပုံလိုက်နာကျင့်သုံးလိမ့် မလဲဆိုတာတော့ အတော့်ကို စိတ်ဝင်စားစရာ ကောင်းနေပေတော့သည်။
ဆိုပါတော့လေ . . တောင်ကြီးကိုဖြိုမယ့်ကြံသူတွေ ခါးမသန်လို့အားမာန်လျော့သွားခဲ့ပြီဆိုရင်ရော ဇာတ်လမ်းက ဒီတင်တစ်ခန်းရပ်မှာတဲ့လား။

ကိုးကား-Myanmar Mining Summit,  2012. Geological outlook, surveys of Myanmar’s minerals & resources, Yangon.
United Nations, 1996. Geology and Mineral Resources of Myanmar.,New York.
Smith,M., 2007.Environmental governance of mining in Burma, ANU E Press.Australia.
https://www.oxfam.org.au
eiti.org
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
မှတ်ချက် - သပိတ်စခန်းများကို အကြမ်းဖက်မဖြိုခွင်းခင် တစ်လနီးပါးခန့် နိုဝင်ဘာ (၄) ရက်နေ့တွင်ဖော်ပြထားသော Eleven ဂျာနယ်ပါ ဆောင်းပါးရှင် ကေသွယ်၏ (တောင်ကြီးကိုတဲ့ ဖြိုမယ့်အကြံ) ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်..။


သုံးသပ်ချက်...
ယခု စုံစမ်းရေးကော်မရှင် ဥက္ကဌဖြစ်နေပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းအားလုံးကို နိုင်ငံတကာအကူအညီယူကာ ပွင့်လင်းမြင်သာအောင် မဟာဗျူဟာကျကျ ကြိုးပမ်းနေသော ကျွန်တော်တို့ လုံးဝ လိုက်မမီသည့် ... ဒေါ်အောင်ဆန်းစုကြည်၏ ခြေလှမ်းများ၊ ကစားကွက်များကို မြင်အောင်တော့ ကြည့်တတ်အောင် ကြိုးစားကြဖို့ လိုပါသည်..။

ကျွန်တော် သုံးသပ်ခဲ့ဖူးပါသည်..။

မဟာဗျူဟာနှင့် နည်းဗျူဟာ...။

ပညာရှိများက ပြောသည် ... ။

သစ်တစ်ပင်ချင်းကို ကြည့်ခြင်း...သည် နည်းဗျူဟာ...။

သစ်တောတစ်ခုလုံးကို ခြုံငုံ ကြည့်ခြင်းသည်. ..မဟာဗျူဟာ ဟူသတည်း...။

သစ်တောတွင်းရှိ သစ်တစ်ပင်ချင်းစီကို နည်းဗျူဟာအရ
လေ့လာ ကြည့်ရှုပြီး ပြုပြင်ထိန်းသိမ်းခြင်းကို လုပ်ဆောင်နေလျှင် အချိန်ကြာသည်....။ ခက်ခဲသည်...၊ ပင်ပန်းသည်...။ ဆုံးခန်းတိုင်ဖို့မလွယ်...။


သစ်တောတစ်ခုလုံးကို ... ခြုံငုံသုံးသပ်ပြုပြင်ထိန်းသိမ်းခြင်းသည် ယေဘုယျအားဖြင့် လွယ်ကူရှင်းလင်းကာ ပြုပြင်ထိန်းသိမ်းလွယ်သည်..။ တဖြေးဖြေးချင်း ပြုပြင်ပြောင်းလဲဖို့ အခြေအနေပိုကောင်းသည်...။ တူတာတွေ ညှိရင်း... အားနည်းချက်တွေ ဖာထေးရင်း.... အားလုံး တူညီစွာ စိမ်းလန်းစိုပြေဖို့ .......... အခွင့်အရေး ပိုရသည်.....။

ဒီတစ်ပင်ရဲ့ အခြေမခိုင်မှုကို ပြုပြင်ဖို့ ကြိုးစား....။ ဒီတစ်ပင် အဆင်ပြေလျှင်...။
နောက်တစ်ပင် တွေ့သဖြင့် .. ကကြီးက စကာ ....ပြန်လည်ပြုပြင်ဖို့ ကြိုးစားရင်း ...။
တစ်ပင်ကောင်းသွားလျှင် နောက်တစ်ပင် ပြန်ပျက်သွားလျှင်.... ပြင်လိုက်.. ပျက်လိုက် ...ပြင်လိုက် ..ပျက်လိုက်နှင့်သာ...။ သစ်တောထဲတွင် လုံးလည်လိုက်ကာ ... ပြင်လို့မဆုံး..။

အမေစု၏ မဟာဗျူဟာကို သဘောပေါက်ဖို့လိုပါသည်........။

အမှိုက်များသော အခန်းတစ်ခုအတွင်းဝယ် .....တံမျက်စည်းလှည်းထုတ်တာနှင့် ... အမှိုက်ကို တစ်စချင်းကောက်တာနှင့် မည်သည်က ပိုထိရောက်သနည်း..။

တွေးကြည့်ကြပါကုန်.....။

ငရဲသား
on Thursday, December 13, 2012 at 4:23pm ·

No comments:

Post a Comment