Thursday, 20 December 2012

-ခရမ်းရင့်ရောင် ဒီဇင်ဘာရက်စွဲများ-

-ခရမ်းရင့်ရောင် ဒီဇင်ဘာရက်စွဲများ-
ဒီဇင်ဘာရေ... ဘာလိုလိုနဲ့ နင် ငါ့အနီးအနားကို မသိမသာနဲ့ ရောက်လာခဲ့ပြန်ပြီပေါ့။ ငါလေ နင်မရှိချိန်တွေ မှာ နင့်ကို သတိတရ ရှိခဲ့ပေမယ့် တကယ်တမ်း နင် ငါ့အနား ရောက်လာပြန်တော့
လည်း နင်နဲ့ ဝေးဝေး မှာ နေချင်မိပြန်တယ်။ အဲဒါဘာကြောင့်လဲ သိလား ဒီဇင်ဘာ။ နင်ပေးလာမယ့် အေးစက် တိတ်ဆိတ်တဲ့ အထီးကျန် ခံစားမှုတွေကို ငါ မလိုချင်လို့ပါပဲ။ ဒီဇင်ဘာရေ... အရင်ကဆို ငါ အိပ်ရာနိုးလို့ ငါ့အခန်း ပြတင်းပေါက်ကို ဖွင့်လိုက်ရင် နွေးထွေးတဲ့ နေခြည်နုနု ကလေးက ငါ့အိပ်ခန်းထဲ အလျင်စလို တိုးဝှေ့ ဝင်လာနေကျပေါ့။ အခုတော့ ... နင် ချဉ်းနင်းဝင်လာတဲ့ ငါ့ မနက်ခင်းတွေမှာ ပြတင်းပေါက် ဖွင့်လိုက်တာနဲ့ နင်ကြဲဖြန့်လိုက်တဲ့ နှင်းမှုန်ဖွေးဖွေးတွေက ငါ့ကို တရကြမ်း တိုးတိုက်လို့ ငါ့အခန်းထဲ အလုအယက် ဝင်လာကြတယ်။ နင်သိရဲ့လား ဒီဇင်ဘာ။ ငါ့အနားမှာ ငါ့ကို နွေးထွေးစေနိုင်မယ့် ရင်ခွင်တစ်ခု ဝေးနေချိန်မှ ငါ့ကို အေးခဲသွားလောက်အောင် နင် နှိပ်စက်နေတယ် ဆို တာကိုလေ။ အမှန်ကို ဝန်ခံရရင် ခုလိုအချိန်မျိုးမှာ နင်ရောက်လာမှာကို ငါ
မပျော်မိပါဘူး။ ခြောက်သွေ့အေး စက်တဲ့ နင့်ရင်ခွင်မှာ ဘယ်လို နွေးထွေးတဲ့ ရင်ခုန်သံနဲ့ ငါ အသက်ရှူ မှန်နိုင်ပါ့မလဲ။ နင်ရောက်လာတဲ့အခါ ငါ့မနက်ခင်းတိုင်းဟာ အရင်ကလို စိမ်းစိုလတ်ဆတ်မှုတွေ ကင်းမဲ့ခဲ့တယ်။ နင်လာတဲ့အခါ ငါ့ပတ်ဝန်းကျင်မှာ အထီးကျန်ဆန်တဲ့ မြူထူထူ လမ်းမတွေ၊ ခြောက်ကပ်ကပ် သစ်ညိုပင်တချို့နဲ့ မှုန်မှိုင်းမှိုင်း မြင်ကွင်းတွေသာ ပါတဲ့ ပန်းချီကားတစ်ချပ်ကို နင် လက်ဆောင်အဖြစ် ယူလာတတ်တယ်။ ထားပါတော့... ဒီဇင်ဘာ။ နင်မရှိတဲ့အခါ တချို့တလေအတွက်တော့ လွမ်းဆွတ်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပေ မယ့် ငါ့အတွက်တော့ နင်က မရှိမကောင်း၊ ရှိမကောင်းပါပဲ။ နင် ငါ့အနား ရှိနေတဲ့အချိန်တွေထဲက တချို့ အချိန်လေးတွေကိုတော့ ငါ နှစ်သက်မိတယ်။ မှတ်မိသေးရဲ့လား ဒီဇင်ဘာ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လွန် ရက်စွဲ တချို့ကိုလေ။ အဲဒီတုန်းကတော့ နင် ငါ့ဘေးမှာ ရှိနေပေးလို့ ငါ ပျော်ခဲ့ရဖူးတယ်။ တဖွဲဖွဲကျဆင်းနေတဲ့ နင့်ရင်ခွင်ထက်က နှင်းပွင့်တွေကြား ငါခိုနားခဲ့ဖူးတယ်။ နင် ခင်းဖြန့်ထားတဲ့ အေးစိမ့်စိမ့် မြူမှုန်ခြုံလွှာကို ဝတ်ဆင်လို့ သင်းပျံ့တဲ့ ထင်းရှူးရနံ့တွေကြား ငါ လျှောက်သွားခဲ့ဖူးတယ်။ နင့်ရဲ့ ခပ်ဖွဖွ သက်ပြင်းချသံကို ခိုးနားထောင်ဖို့ ညအမှောင်ထဲ တိတ်တဆိတ် ငါထိုင်နေခဲ့ဖူးတယ်။ ဒါတွေ ... ဒါတွေ အားလုံးက နင်နဲ့ ပတ် သက်တဲ့ ငါ့ရဲ့ အမှတ်တရ ရက်စွဲတွေပဲ ဆိုပါတော့ .... ။ ဒါပေမယ့် ဒီဇင်ဘာ... တစ်ခါ တစ်ခါကျရင် နင်ဟာ သိပ်ဟန်ဆောင်ကောင်းတယ်နော်။ ငါဝမ်းနည်းနေတဲ့ အချိန်တွေဆို နင် ပျော်နေတာတောင် ငါ့ဘေးမှာ တိတ်တဆိတ်ထိုင်လို့ ငါ့ကို အားပေးခဲ့ဖူးတယ်။ ငါပျော်နေ တဲ့ အချိန်တွေဆိုရင် နင်က တစ်နေရာကနေ ပြုံးကြည့်လို့ ငါ့ခံစားချက်တွေကို မျှဝေယူတတ်ခဲ့တယ်။ တကယ်ဆို နင့်မှာလည်း ဝမ်းနည်းကြေကွဲချိန်တွေတော့ ရှိနေမှာပဲ မဟုတ်လား ဒီဇင်ဘာရယ်။ ခံစားချက် အမျိုးမျိုးနဲ့ လူတွေကို နှစ်သိမ့်ပေးဖို့၊ ပျော်ရွှင်မှုတွေ ပေးဖို့၊ ကြည်နူးခြင်းတွေ မျှဝေဖို့ဆိုတဲ့ တာဝန်တွေနဲ့ ငါတို့ အနားကို နင် အချိန်မှန် ရောက်လာခဲ့ရတယ်။ ကိုယ့်ရဲ့ ပုဂ္ဂလိက ခံစားချက်တွေကို သိမ်းဆည်းလို့၊ စိတ် အထွေထွေရှိတဲ့ လူအမျိုးမျိုးကို အပြုံးမပျက်ရင်ဆိုင်လို့ အခုလည်း နင် ငါ့အနား ရောက်လာရပြန်ပေါ့။
ဒီဇင်ဘာရေ... နင်ရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ကို ထပ်ဖြည့်ရေးခွင့် ရှိမယ်ဆိုရင် ငါ အရောင်တချို့ကို ထပ်ဖြည့်ချင်တယ်။ ခပ်မှုန်မှုန် နှင်းတွေကြားက ခြောက်ကပ်ကပ် သစ်ညိုပင်တွေကို ပိုပြီး ညိုမှောင်သွားတဲ့ အထိ အရောင်ရင့်ရင့် ရေးဆွဲပစ်လိုက်မယ်။ အထီးကျန်ခြင်းကို သတိမရစေဖို့
 မြူထူထူ လမ်းမတွေ ကို နွေးထွေးတဲ့ နေရောင်ခြည်တွေနဲ့ ဖျန်းပက်လို့ လင်းလက်စေမယ်။ ခြောက်သွေ
့ညိုမွဲနေတဲ့ မြက်ခင်းတွေ ကို နုပျို
သစ်လွင်တဲ့ အစိမ်းရောင်ရင့်ရင့် ခြယ်သ
ပစ်လိုက်မယ်။
အင်း... ဒီလောက်ပါပဲ။ ဒီလောက်ဆို
အထီးကျန်တွေခြင်းတွေဆီက
 ပြေးပုန်းစရာ နေရာတစ်ခု
အတွက် လုံလောက်ပြီ ထင်ရဲ့။
ရော့၊ ယူသွားပေတော့ ဒီဇင်ဘာ ... ဒီပန်းချီကားလေးက နင့်အတွက် ငါ့ရဲ့ နှစ်သစ်ကူးလက်ဆောင်လို့ မှတ် ယူချင်လည်း မှတ်ယူပါတော့။ နောက်နှစ်... နောက်နှစ်တွေကျရင်လည်း နင့်အတွက် ငါ နှစ်ကူးလက်ဆောင် အဖြစ် အသစ်အသစ်သော ပန်းချီကားတွေ တစ်ချပ်ပြီးတစ်ချပ် ရေးဆွဲပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နှုတ်ဆက်လိုက်ပါတယ် ... ဒီဇင်ဘာရေ.... ငါတို့ ထပ်တွေ့ကြဦးမယ်နော်။ နောက်တစ်ခါ နင်နဲ့ ဆုံတဲ့အခါ ရဲရင့်ပြတ်သားတဲ့၊ အေးချမ်းဖော်ရွေတဲ့၊ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းတဲ့ ပုံရိပ်တွေနဲ့ "ဒီဇင်ဘာ" ပီသအောင် နင် ကြိုးစားရမယ်နော်။ ငါလည်း ငါ့အိပ်မက်တွေ၊ ငါ့စိတ်ကူးတွေ၊ ငါ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ကြိုးစား ရင်း နင်ရှေ့မှာ ငါ မတ်မတ်ရပ်ပြပါ့မယ်။ ....................................................................................................................................................... ....................................................................................................................................................... ....................................................................................................................................................... ...အို... ငါစိတ်မကောင်းလိုက်တာကွယ်....နင်လှည့်ထွက်သွားခါနီးမှ နင့်အတွက် လက်ဆောင်အဖြစ် ငါပေး လိုက်တဲ့ ပန်းချီကားလေးမှာ ခရမ်းရင့်ရောင် မင်တွေ စွန်းထင်းလို့ နေပါပေါ့လား။ ဒီခရမ်းရင့်ရင့် မင်တွေက ငါ့မျက်ရည်တွေ မဟုတ်ဘူးဆိုတာတော့ နင် ယုံတယ်မဟုတ်လား ဒီဇင်ဘာရယ် ... ? 

 စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက် 

 **မြဝတီဇော်**
JABCA

No comments:

Post a Comment