ဒီစကား..ဒေါ်အောင်ဆန်းစုကြည်
*********************
(အတွဲ ၁၊ အမှတ် ၄၇ ၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် ထုတ် ဒီလှိုင်း ဂျာနယ်တွင် (ဒေါ်) အောင်ဆန်းစုကြည် ရေးသားသော “ဒီစကား” ကို သဘောကျ နှစ်ခြိုက်လွန်းမိတာလည်း အပါအ၀င် ၊ အကြောင်း မညီညွတ်သောကြောင့် မဖတ်ရှုခဲ့ရသေးသောသူများ ဖတ်ရှုနိုင်ရန် စာရိုက်ပြီး တင်ပေးလိုက်ပါတယ်။ မည်သူမဆို လွတ်လပ်စွာ ကူးယူ ဖော်ပြနိုင်ပါတယ်။ မိမိ ဘယ်နေရာက ကူးယူဖော်ပြတယ်ဆိုတာ Credit ပေးစရာလည်း မလိုအပ်ပါ။ ယဉ်ကျေးမှုနားလည်သောသူ၊ သူတစ်ပါးကို အသိအမှတ်ပြုတတ်သူများကတော့ တန်ဖိုးထား အသိအမှတ်ပြုကြပေလိမ့်ပါမယ်။ မည်သို့ပင်ဆိုစေ ဖတ်ရှုကြတယ်ဆိုရင် ကျေးဇူးတင်ရှိမိပါတယ်။ စာအကျအပေါက်များ သတ်ပုံ မှားယွင်းမှုများပါရှိပါက ကျွန်တော့်ရဲ့ တာဝန်သာဖြစ်ပါတယ်။)
ဟိန်း ထိုက် ဈာန်
အချိန်တွေ ဘယ်လိုကုန်သွားသလဲဆိုတာ စဉ်းစားလို့မရဖြစ်နေပါတယ်။ မုံရွာက နောက်ကျပြန်ရောက်ပြီး မအိပ်မီ “ဒီစကား” ရေးတာ မနေ့တနေ့ကပဲလို့ ထင်နေတာ အခုတော့ တစ်ပတ်တောင်ကြာခဲ့ပြီပဲ။ ဒီကြားထဲမှာ အလုပ်တွေကများတော့ တစ်နေ့တစ်နေ့ ကူးသွားတာတောင် သတိမထားမိပါဘူး။ အချိန်ရဲ့ သဘောတရားနဲ့ အနိစ္စဆိုတဲ့ မတည်မြဲခြင်းသဘောတရားတွေကို တွဲပြီးဆင်ခြင်ကြည့်လိုက်မိပါတယ်။
ဘာမှ မပြောင်းမလဲရှိနေမယ်ဆိုရင် အချိန်ဆိုတာကို သတ်မှတ်လို့ရပါ့မလား။ ဒါကတော့ သိပ္ပံ ဒသနိကမေးခွန်းဆိုပါတော့။ တရားသဘောကို အခြေခံမယ်ဆိုရင် အနိစ္စဆိုတာ မရှိလို့က အချိန်ဆိုတာ အဓိပ္ပာယ်ရှိပါ့မလား။ မတည်မြဲ အစဉ်ပြောင်းလဲမှုတွေကြောင့်သာ အချိန်တွေရဲ့ ရွေ့လျောခြင်းကို သိနိုင်တာပဲ မဟုတ်လား။ ဒါကြောင့်လည်း အနိစ္စလောကကြီးမှာ နေရတဲ့ လူသားတွေ အချိန်ကို တန်ဖိုးထားဖို့လိုအပ်တာပါပဲ။
အချိန်ကို တန်ဖိုးထားပုံနှစ်မျိုးကို လေ့လာကြည့်ချင်ပါတယ်။ တစ်မျိုးကတော့ အချိန်ကို လေးစားခြင်း၊ အချိန်နဲ့ ပတ်သက်ရင် တိကျခြင်းပါ။ ကျွန်မတို့ကို ငယ်စဉ်ကတည်းက အချိန်လေးစားဖို့၊ အိမ်မှာကော၊ ကျောင်းမှာပါ သင်ပေးပါတယ်။ အလုပ်တစ်ခုကို လုပ်ရင် ဘယ်ာလောက်ကြာမလဲဆိုတာကို တွက်တတ်လာပါတယ်။ အခြား ပုဂ္ဂိုလ်များပါဝင်နေတဲ့ အစီအစဉ်တွေမှာဆိုရင် အချိန်တိကျရမယ်ဆိုတာ အရိုးစွဲနေတဲ့ ခံယူချက်ဖြစ်လာပါတယ်။ တစ်ပါးသူကို လေးစားသောအားဖြင့် အတူချိန်းထားတဲ့အတိုင်း
အချိန်တိတိကျကျမလုပ်တာဟာ၊ ထိုသူကို မထီမဲ့မြင်လုပ်တယ်လို့ ခံယူပါတယ်။ ချိန်းထားတာထက် စောသွားပြန်ရင်လည်း တစ်ဖက်က အဆင်သင့်မဖြစ်သေးတာကြောင့် စိတ်အနှောက်အယှက်ပေးသလိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် အချိန်ကို တိတိကျကျထားပြီး လုပ်ကိုင်သင့်တယ်လို့ ကျွန်မက ယူဆတာပါ။ တစ်ခါတလေ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အလုပ်တွေကြောင့် ချိန်းထားတာတွေ နောက်ကျသွားရင် စောင့်နေရတဲ့သူကို အားလည်းနာ၊ လိပ်ပြာလည်း မသန့်ဖြစ်ရပါတယ်။ အချိန်တိကျမှုကို အလေးမထားဘဲ လုပ်လေ့လုပ်ထရှိသူတွေကို အံ့သြမိပါတယ်။
အချိန်ကိုတန်ဖိုးထားခြင်း နောက်တစ်မျိုးကတော့ အချိန်ကို တန်ဖိုးရှိအောင် သုံးခြင်းပါပဲ။ ပျောက်ပျက်သွားတဲ့ စက္ကန့်၊ မိနစ်တွေဟာ ဗလာနတ္ထိ၊ ပြစရာမရှိမဖြစ်ရအောင်က အရေးကြီးပါတယ်။ ဒီထက်ပိုအရေးကြီးတာကတော့ ပျောက်ကွယ်မြန်တဲ့အချိန်တွေကို အနှုတ်လက္ခဏာဆောင်တဲ့ အပြုအမူတွေနဲ့ မဖြုန်းလိုက်ဖို့ပါပဲ။ ကျွန်မတို့ရဲ့ အနိစ္စလောကကြီးမှာ ဖြစ်ပြီးကိစ္စတွေ မဖြစ်ခဲ့ရင် ကောင်းမှာပဲလို့ တွေးနေ ဆွေးနေမယ်ဆိုရင် ကုက္ကုစ အကုသိုလ်မြောက်ပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ရှေးရှုပြီး အကောင်းဆုံးဖြစ်အောင် လုပ်ကြရမှာပါ။ အခုအချိန်ဟာ ကျွန်မတို့နိုင်ငံအတွက် တန်ဖိုးရှိအောင် သုံးရမယ့် အချိန်ဖြစ်ပါတယ်။
အတိတ်ကရခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေပျောက်ကင်းအောင် လုပ်ကြရင်းနဲ့ အနာဂတ်အတွက် အာမခံချက်ပေးနိုင်မယ့် ပစ္စုပ္ပန်ကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ကျွန်မ ခဏ ခဏပြောနေတဲ့ အခက်ခဲဆုံးကာလလို့ဆိုရမယ့် အဝေးကမြင်နေရတဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်သွားရမယ့် ခရီးနောက်ဆုံးပိုင်းကို မှန်မှန်ကန်ကန်ကျော်ဖြတ်ဖို့ အထူးအရေးကြီးပါတယ်။ ဒီအချိန်ဟာ ကျွန်မတို့ ဘယ်လောက် ရင့်ကျက်နေပြီလဲဆိုတာကို အစမ်းသပ်ခံရမယ့် အချိန်ပါ။ ရင့်ကျက်သောသူများသည် စောင့်အပ်သောအရာများကို ဆောင်နိုင်စွမ်းရှိတယ်လို့ စိတ္တပညာရှင်များက မြင်ပါတယ်။ ရင့်ကျက်တဲ့ သူများဟာ သာမညနဲ့ အဓိက၊ ရေတိုအကျိုးနဲ့ ရေရှည်အကျိုး၊ လုပ်ချင်တာ၊ လုပ်သင့်တာ၊ လုပ်နိုင်တာ စသည်တို့ကို ခွဲခြားသိတတ်မှုလည်းရှိတတ်ပါတယ်။ ဒါ့အပြင် ရင့်ကျက်သူများဟာ စေတနာကို စေတနာနဲ့ တုန့်ပြန်ခြင်း၊ အခွင့်အရေးကို တာဝန်သိစိတ်နဲ့ သုံးခြင်းဆိုတဲ့ အရည်အချင်းတွေနဲ့လည်း ပြည့်စုံပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် ရင့်ကျက်ခြင်းဆိုတာဟာ အခြေအနေတွေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး၊ ဒီသုံးသပ်မှုအရ လုပ်ကိုင်ဆောင်ရွက်ခြင်းလို့ ပြောနိုင်ပါတယ်။
ယခု ကျွန်မတို့နိုင်ငံရဲ့ အရေးကြီးဆုံးအချက်က ဘာလဲဆိုရင် အမျိုးသားရင်ကြားစေ့ရေးလို့ ပြောရမှာပါပဲ။ ကျွန်မတို့တွေ အချင်းချင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအကြား၊ အဖွဲ့အစည်းများအကြား၊ အဖွဲ့အစည်းများနဲ့ ပြည်သူများအကြား၊ ပြည်သူအချင်းချင်းအကြား၊ မုန်းငြိုးအာဃာတတွေ ကင်းစင်သွားပြီး အပြန်အလှန် လေးစားယုံကြည်မှုတည်ဆောက်ခြင်းနဲ့သာ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်လာနိုင်မှာပါ။ ဒီတော့ ကျွန်မက ပြည်သူ ပြည်သားတိုင်းကို ဆော်သြချင်ပါတယ်။ ကိုယ့်ရဲ့အချိန်တွေ အလဟာသ မဖြစ်သွားရအောင် နေ့တိုင်း နေ့တိုင်း၊ ည မအိပ်မီ (၅) မိနစ်လောက် နက်နက်နဲနဲ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်မေးမြန်းပါ။ ပြီးခဲ့တဲ့ တစ်နေ့တာအတွင်း အမျိုးသားရင်ကြားစေ့မှုကို အထောက်အကူဖြစ်စေရေးအတွက် လုပ်သင့်တာ ဘာလုပ်ခဲ့သလဲ၊ ရှောင်သင့်တာ ဘာရှောင်ခဲ့သလဲ။ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေမဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တာရှိလား။ ဒီမေးခွန်းတွေကို သတ္တိရှိရှိနဲ့ အမှန်အတိုင်း မေးဖြေတတ်မယ်၊ မေးဖြေရဲမယ်ဆိုရင် အင်မတန်မှ တန်ဖိုးရှိတဲ့ ယခုအချိန်အခါကို နိုင်ငံအတွက် ကျွန်မတို့တွေ ရင့်ကျက်စွာနဲ့ သွားနိုင်ကြမှာပါ။
ဒီတစ်ပတ်တော့ ဒီမျှသာ။ ။
အောင်ဆန်းစုကြည်
ကိုထွန်းဝေစာမျက်နှာ ကိုသန်းထွန်း(ဒေါင်းမာန်ဟုန်)

No comments:
Post a Comment